International Brigade ဖြစ်လာတော့မည် လော

by Hla Soewai - May 21 2024

နိုင်ငံတကာ တပ်မဟာ ဆိုသော International Brigade သည် ၁၉၃၆-၃၈ အတွင်း ဖြစ်ပွားခဲ့သော စပိန် ပြည်တွင်းစစ်ကြီးတွင် အမေရိကန်၊ ဆိုဗီယက်၊ ပြင်သစ်၊ ပိုလန်၊ အင်္ဂလန်၊ အာဂျင်တီနား အစရှိသည့် နိုင်ငံတကာ မှ စာနာ ထောက်ထားသူ များ သည် စပိန် သမ္မတ နိုင်ငံ ဘက်တော်သားများ ဖက်မှ ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကို ဦးဆောင်သော အမျိုးသားရေး ဝါဒီ တပ်များကို တိုက်ခိုက်ရန် ဖွဲ့စည်းလာခဲ့ခြင်း ဖြစ်သည်။

 

ယနေ့ အယ်ဂျာဇီယား တွင် ပါရှိလာသော သတင်းအရ အမေရိကန် နှင့် ဗြိတိန် တို့မှ ဗော်လံတီယာများသည် ပြည်သူ တို့၏ တော်လှန်ရေး တွင် ပါဝင်တိုက်ခိုက်ရန် တဖြေးဖြေး ရောက်ရှိလာနေကြပြီ ဟု ဆိုသည်။ ထိုအထဲတွင် စစ်မှုထမ်းဟောင်းများလည်း ပါဝင်နေ၍ လေ့ကျင့်သင်ကြားပေးရန် တာဝန်ယူလာခဲ့ကြသည်။

 

ရှေ့တန်း စစ်မျက်နှာတွင် ရှစ်လခန့် အတူ တွဲ၍ တိုက်ပွဲဝင်ခဲ့သော အာဖဂန် စစ်ပြန် တဦး ဖြစ်သည့် ဗြိတိသျှ ကြည်းတပ် အမှုထမ်း ဟောင်း တဦး မှ “တော်လှန်ရေး တပ်သားများသည် ၎င်းတို့ ဆင်နွှဲနေသော အရေးတော်ပုံ အတွက် အသက်စွန့်လွှတ်ရန် ဝန်မလေးကြသူများ ဖြစ်သည်” ကို တွေ့ခဲ့ရပြီး၊ ယခင်က ၎င်းကြုံတွေ့ခဲ့ရသလို မျက်လုံးများ တွင် ကြောက်စိတ် ဆိုသည့် အရိပ်အယောင်များ အနည်းငယ်မျှ ပင် ထင်ဟပ်လာခြင်း မရှိဟု ပြောပြခဲ့သည်။

 

သို့သော် International Brigade ကဲ့သို့ ပြည်ပ တွင် စနစ်တကျ စည်းရုံး စုဆောင်း နိုင်ခြင်း မရှိသေး၍ အရည်အတွက် အားဖြင့် အနည်းငယ်မျှသာ ရှိသေးသည်။ ထိုသို့ ပြည်ပ စစ်ပွဲများ တွင် ပါဝင် တိုက်ခိုက်ခြင်းသည် ၎င်းတို့ နေထိုင်ရာ တိုင်းပြည်၏ ဥပဒေ အရ အရေးယူခံရဖွယ် ရှိနေ၍ သိုသိပ်စွာ လှုပ်ရှားခဲ့ကြရသည် ဟု ဆိုသည်။

 

ဗြိတိသျှ စစ်ပြန်ကြီးသည် ယူကရိန်း တွင်လည်း ပါဝင် တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ပြီး စစ်ရေး အတွေ့အကြုံမရှိပဲ ရောက်လာသူများ တွေ့ခဲ့ရသဖြင့် မြန်မာ တွင် ထိုသို့ အဖြစ်မခံနိုင်၍ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတေးလျှ တို့မှ စစ်ပြန်များကို ၎င်းကိုယ်တိုင် ဦးဆောင် စုစည်းသွားပြီး ပြန်သွားမည်ဟု ဆိုသည်။ (ပုံတွင် တွေ့ရစဉ်)

 

စစ်တပ်သည် ဒရုန်းများ ဝယ်ယူရန် ဧပြီလ အတွင်း တရုတ် နှင့် ရုရှားသို့ သွားရောက်ခဲ့ကြသည်။ ရုရှား နည်းပြများလည်း မြန်မာသို့ ရောက်ရှိလာပြီး စစ်ကောင်စီ တပ်များ အား ရှေ့တန်း တွင် လေ့ကျင့်ပေးလျက် ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲများ ပြင်းထန်လာချိန်တွင် ၎င်းတို့အား ရဟတ်ယာဉ် ဖြင့် ပြန် ခေါ်ထုတ်သွားသည် ဟု ဖယ်ခုံ တိုက်ပွဲတွင် ပါဝင်ခဲ့သော တော်လှန်‌ရေး တပ်ဖွဲ့မှ တပ်မှုး တဦး က အယ်ဂျာဇီယား အား ပြောပြခဲ့သည်။

 

စစ်ကောင်စီ တပ်များ တွင် အားသာချက် သုံးရပ် ရှိနေသည်ဟု ၂၀၂၄ မေလ ၁၆ ရက်နေ့ထုတ် အီကော်နောမစ် မဂ္ဂဇင်း တွင် ရေးသားထားသည်။

 

ပထမ အကြောင်း သည် စစ်တပ်အား အကြောက်တရား ဖြင့် ထိန်းချုပ် ထားနိုင်မှု ပင် ဖြစ်သည်။ စစ်သားများ အဖို့ တပ်မှ ထွက်ဖို့ ဆိုသည်က ရှင်လျက်နှင့် တော့ မဖြစ်နိုင်၊ စစ်အရာရှိကြီး များ နှင့် နီးစပ်သူများ သာ အကောက်ခွန်၊ လူဝင်မှု ကြီးကြပ်‌‌ရေး ဌာနများသို့ ရွှေ့ပြောင်းနိုင်ခွင့် ရကြသည်၊ လိုင်းခန်း အတွင်း နေထိုင်ကြသည့် စစ်သား မိသားစုများအားလည်း ဓါးစာခံ များ အဖြစ်သာ သတ်မှတ် ဆက်ဆံကြပြီး ဆိုရှယ် မီဒီယာ များ အား စောင့်ကြည့်ခြင်း၊ ဖုန်း များ ကြားဖြတ် နားထောင်ခြင်း၊ သတင်းပေးများ၊ အရပ်ဝပ် ထောက်လှန်းရေး များ ကို အသုံးပြုခဲ့ကြသည်။

 

ဒုတိယ အချက်သည်ကား စစ်မှုထမ်း များ အား အခွင့်အရေး များ နှင့် တက်လမ်း များ ကောင်းစွာ ဖွင့်ပေးထားပြီး လူ့အစည်းအရုံး နှင့် တသီးတခြား ဖြစ်အောင် ပြုလုပ် ထားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ စစ်တပ်ပိုင် မီဒီယာများ၊ ဘဏ်များ၊ ဆေးရုံများ၊ ကျောင်းများ ဖြင့် နိုင်ငံတခု အတွင်း တသီးတခြား နိုင်ငံငယ် a state within a state အဖြစ် ဖန်တီးပေးထားသည်ဟု ဂျော့ချ်တောင်း တက္ကသိုလ်မှ ပါမောက္ခ ဒေးဗစ် စတိန်းဘတ် က မှတ်ချက်ချခဲ့သည်။

 

တတိယ အားသာမှုသည်က ကြွယ်ဝ ချမ်းသာ နေကြခြင်း ပင် ဖြစ်သည်။ ၂၀၂၃ တိုင်းပြည် ဘတ်ဂျက်၏ လေးပုံတပုံ ခန့် ရှိသော ဒေါ်လာ ၂.၇ ဘီလီယံ ကို စစ်တပ် အတွက် သုံးစွဲခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် ဒေါ်လာ တစ် ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို ရုရှားနှင့် တရုတ်ထံမှ ဝယ်ယူ တင်သွင်းနိုင်ခဲ့သည်ဟု ကုလသမဂ္ဂ စာရင်းဇယား များ တွင် ဖေါ်ပြထားသည်။

 

ထို့ပြင် ၎င်းတို့ပိုင် စီးပွားရေး ဦးပိုင် လိမိတက်၊ စီးပွားရေး ကော်ပိုရေးရှင်းကြီး များ ဖြင့် တိုင်းပြည် စီးပွားရေး ကို လက်ဝါးကြီး အုပ်ထားနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ မှ ရသည့် ဝင်ငွေများ ဖြင့် ပေးကမ်းစွန့်ကြဲကာ အာဏာကို တည်ဆောက် နိုင်ခဲ့ကြသည်ဟု ၂၀၀၉ တွင် ထွက်ပေါ်လာခဲ့သော အမေရိကန် သံတမန် ကြေးနန်း များ တွင် ဖေါ်ပြထားသည်။ စစ်ဌာနချုပ်များ မှ တိုင်းမှုးများ၊ တပ်မမှုး များသည်လည်း ဒေသတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အပေးအယူ လုပ်ကာ ၎င်းတို့၏ တရားမဝင် သစ်ခုတ်လှဲခြင်း၊ သတ္တု တူးဖေါ်ခြင်း များ မှ အမြတ်ငွေများ ကို လည်း ခွဲဝေယူခဲ့ကြသည် ဟု ဆိုသည်။

 

သို့သော် စစ်တပ်သည် ယခင်ကကဲ့သို့ အင်အား တောင့်တင်းခြင်း မရှိတော့ပဲ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ ခန့်မှန်းချက်အရ အင်အား ၁၃၀,၀၀၀ သာ ရှိတော့သည်ဟု သိရသည်။ ထိုသို့ အခြေအနေ ယိမ်းယိုင်လာမှုများ ကြောင့် စစ်တပ် အတွင်း မင်းအောင်လှိုင်၏ ဦးဆောင်မှု သည် ပျော့လွန်းသည်၊ ပြတ်သားမှု မရှိ ဆိုသည့် ဝေဖန်သံများ ထွက်လာ၍ စစ်မှုထမ်း ဥပဒေကို ပြန်လည် အသက်သွင်းလာခဲ့ရသည်။

 

နေပြည်တော်တွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ရှိနိုင်သည်ဟု မျှော်လင့်ချက်များ ထွက်ပေါ်လာနေသည်။ သို့သော် မင်းအောင်လှိုင်အား ဖယ်ရှားခဲ့လျင်ပင် ၎င်းနေရာတွင် ပို၍ ရက်စက်ကြမ်းကြုပ်မည့် သူ ရောက်လာမည့် အန္တရာယ်လည်း ရှိနေပြန်သည်။

 

မည်သို့ပင် ဆိုစေ ယခုနှစ် အကုန်တွင် စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံ နယ်ခြား ဂိတ်များ အားလုံး လိုလို လက်လွှတ်ရတော့မည် ဟု ခန့်မှန်းချက် များ တိုး၍ ထွက်ပေါ်လာနေသည်။ ထိုအခါတွင် စစ်တပ်သည် ကြံရာမရ နှင့် ပို၍ ရက်စက် ကြမ်းကြုပ်လာနိုင်သည်ဟု လည်း ယူဆနေကြသည်။

 

၂၀၂၃ အမေရိကန် နှစ်စဉ် ထောက်လှန်းရေး အစီရင်ခံစာ တွင် “စစ်တပ် နှင့် တော်လှန်ရေး တပ်များသည် ၎င်းတို့ အကြား ပဋိပက္ခ အား အမြဲ လိုလို ရှိသွားနိုင်သည်ဟု တိုး၍ ရှုမြင်လာကြပြီး အပေးအယူ လုပ်နိုင်မှု မှန်သမျှ ကို ဖယ်ထုတ် ထားကြသည်” ဟု သုံးသပ်ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!