ကူမင်း ဆွေးနွေးပွဲ သဘောတူညီချက် ထပ်မရပဲ ပြီးဆုံး

by Hla Soewai - May 21 2024

ယူနန် ပြည်နယ် ကူမင်း မြို့ တွင် စစ်ကောင်စီ ၏ ကိုယ်စားလှယ်များ နှင့် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့များ ငါးကြိမ် မြောက် သုံးရက်ကြာ ဆွေးနွေးခဲ့မှု သည် သဘောတူညီချက် တစုံတရာ ထပ်မရပဲ ပြီးဆုံးသွားသည်ဟု ဆွေးနွေးပွဲ နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားခဲ့သည်။

 

အဓိက အားဖြင့် တနှစ်လျင် ဒေါ်လာ ၅ ဘီလီယံ ခန့် တန်ကြေး ရှိနေသော နယ်စပ်ကုန်သွယ်ရေး နှင့် ရခိုင် ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်လာနေမှုကို အဓိက ထား ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲ နှင့် ပတ်သက်ပြီး နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်လျက် ရှိနေသည်ဟု သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ ဖြစ်သော MNDAA, KIA, TNLA, SSA တို့ ထိန်းချုပ်ထားသော နယ်မြေ များ အား ဖြတ်သန်း သွားနေရသည့် နယ်စပ်ကုန်သွယ်ရေးသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီးနောက်တွင်ပင် ယခုထိ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးပေ။ အထူးသဖြင့် ကောက်ခံရရှိသော အခွန်ငွေ များ အပေါ် စစ်ကောင်စီ မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အား ခွဲဝေပေးလိုစိတ် မရှိခြင်းကြောင့် ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

ရခိုင် ပြည်နယ် နှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် စစ်ကောင်စီ ကိုယ်စားလှယ်များမှ “ဒို့တာဝန် အရေးသုံးပါး” ဆိုသည်ကို ကြက်တူ ရွေးလို နှုတ်တိုက် ရွတ်ဆို နေကြချိန်တွင် အာရက္ခ တပ်တော် AA သည် ဘူးသီးတောင် ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) နှင့် စစ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ပြီး မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်သည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်၊ မြို့ပြင်တွင် ခြေဦးတည့်ရာ ထွက်ပြေး တိမ်းရှောင်သွားသော စစ်ကောင်စီ တပ်များ အား လိုက်လံရှင်းလင်းနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဟု လည်း သိရသည်။

 

ယခုအခါ ရခိုင် ပြည်နယ် အတွင်း မြို့ပေါင်း ၁၇ မြို့ ရှိသည့် အနက် ၁၅ မြို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေပြီ ဖြစ်သည်ဟု ကုလ သတင်းများက ဆိုသည်ဟု AFP သတင်း တွင် ဖေါ်ပြထားသည်။

 

ရခိုင် ပြည်နယ် အတွင်း လူသားချင်း စာနာ ထောက်ထားမှု ဖြင့် အကူအညီများ ပေးနိုင်ရေး အတွက် အပစ်အခတ် ရပ်စဲရန် ကြိုးပမ်းခဲ့သော ဂျပန် အထူး သံတမန် ယိုဟီ ဆာဆာကာဝါ မှ Japan Forward စာစောင်တွင် ယခုလို ရေးသားခဲ့သည်။

 

၂၀၂၂ နိုဝင်ဘာလ အတွင်း နှစ်ဖက် အပစ်အခတ် ရပ်စဲထားရန် သဘောတူညီခဲ့မှုသည် တနှစ်ပြည့်လာသော်လည်း သေနတ်သံ တချက် မကြားရအောင် တိတ်ဆိတ် နေခဲ့၍ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား လုပ်ရန် စိတ်ကူးနေကြောင်း၊ ထိုအချိန်တွင် ၂၀၂၃ နိုဝင်ဘာ ၁၂ ရက် နေ့ည မိမိ ဘန်ကောက်တွင် ရှိနေစဉ် တွင် အရေးတကြီး တယ်လီဖုန်း ဝင်လာပြီး ယခုအခါ မြန်မာ တပ်မတော် နှင့် ရက္ခိုင်တပ်တော် သည် တဖက် နှင့် တဖက် မီတာ ၂၀၀ ခန့်သာ ကွာဝေးပြီး အလုံးအရင်း နှင့် ထိတ်တိုက်တွေ့နေကြပြီ ဟု အကြောင်းကြားလာခဲ့သည်။

 

မိမိလည်း ချက်ခြင်းဆိုသလိုပင် မင်းအောင်လှိုင် နှင့် အေအေ ခေါင်းဆောင် တို့အား တပ်များ အပြန်အလှန် ရုပ်သိမ်း ကြပါရန် ညဉ့်နက်သည်အထိ နားချခဲ့ကြောင်း၊ သို့သော်လည်း နောက်နေ့မနက်တွင်ပင် အေအေ သည် ရဲကင်း စခန်း နှစ်ခု ကို ဝင်ရောက်တိုက်ခိုက်လာခဲ့ခြင်းကြောင့် တနှစ်ကြာ ရရှိခဲ့သော ငြိမ်းချမ်းရေးသည် ညတွင်းခြင်း ပြိုလဲသွားသည့် အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ရေးသားထားသည်။

 

မိမိ အနေဖြင့် မြန်မာ တွင် ငြိမ်းချမ်းရေး ရရှိရေး အတွက် မလျော့သော ဇွဲ ဖြင့် ဆက်၍ ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ၎င်း၏ ဆောင်းပါး တွင် ပါရှိလာသည်။

 

သို့သော်လည်း အေအေ ပြောခွင့်ရ ဦးခိုင်သုခမှ ပြီးခဲ့သည့် ဧပြီ လ အတွင်း ၎င်းတို့၏ သဘောထားကို ဧရာဝတီ သို့ ယခုလို ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

“မြန်မာ ပြည်မှ ယခု ဖြစ်နေတဲ့ စစ် က စစ်အာဏာသိမ်း အဖွဲ့ နဲ့ ပြည်သူတွေ အကြား တိုက်ပွဲပဲ၊ ဖက်ဆစ် အစိုးရ မြန်မာ မြေ‌ပုံ ပေါ်က ဖယ်ရှားနိုင်မှသာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု ရမှာဖြစ်တယ်။ ဒါကို တောင် အာမ မခံ နိုင်ဘူး ဆိုရင် လွတ်လပ်မှု လည်း ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော် အလေးအနက် ပြောလိုတာက စစ်အာဏာပိုင် တွေ အပြီးအပိုင် ဖယ်ရှား ရှင်းလင်း နိုင်ခြင်း မရှိသရွေ့ ကျွန်တော် တို့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် မရနိုင်ဘူး ဆိုတာပဲ ဖြစ်တယ်”

 

ကချင်ပြည်နယ် တွင်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြစ်ကြီးနား မြို့ အနီး နမ့်ပေါင် လေတပ်စခန်း နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ခမရ ၃၂၁ စခန်းဌာနချုပ် အပါအဝင် စစ်ကောင်စီ တပ်စခန်း ၁၀ ခုအား တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေပြီ ဖြစ်သည်။ 

 

နမ့်ပေါင် လေတပ် စခန်း အတွင်းမှ စစ်ကောင်စီ ၏ လက်နက်ကြီးများ ဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် မြစ်ကြီးနား မြို့ တွင်းရှိ ပမ္မတီး ရပ်ကွက်ထဲသို့ ကျည် လေးလုံးထက် မနည်း ကျရောက်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးမှု များ ရှိသည်ဟု သတင်းများ တွင် ဖေါ်ပြထားသည်။

 

ထိုတိုက်ပွဲများ အတွင်း စနေနေ့တွင် ဝိုင်းမော် မြို့နယ် အတွင်း စစ်တပ်၏ ရဟတ်ယာဉ်တစင်းကို KIA မှ ပစ်ချ နိုင်ခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူး က ဆိုသည်။ (ပုံတွင် ဇန်နဝါရီ လ အတွင်း ကွတ်ခိုင်တွင် ကေအိုင်အေ မှ ပစ်ချခဲ့သော ဂျက်တိုက်လေယာဉ် ကို တွေ့ရစဉ်)

 

စစ်ကောင်စီသည် ယခုအခါ ၎င်းတို့၏ စစ်မှုထမ်း ဥပဒေသည် လူထု၏ ပူးပေါင်း ဆောင်ရွက်မှု မရသည့် အတွက် ထင်သလောက် အလုပ်မဖြစ် ဆိုသည်ကို သိလာ၍ လူငယ်များက သေနတ်များ နှင့် ချိန်၍ အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်လျက် ရှိနေသည်ဟု သိရသည်။ မည်သို့သော အကြောင်းများ နှင့် ဖြစ်စေ စစ်တပ်ထဲ ရောက်သွားသူများ အဖို့ ပြည်သူ့ရန်သူ အဖြစ် သတ်မှတ်ခံရတော့မည် ဖြစ်၍ စိတ်ဓါတ်ရေးရာ အရ ဖိအားပေးခြင်း ခံနေကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!