ကရင်နီ စစ်မျက်နှာ တခွင်

by Hla Soewai - May 21 2024

ကရင်နီ ပြည်နယ် သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လေ့လာခဲ့သူ Frontier Myanmar မှ အယ်ဒီတာ Andrew Nachemson ၏ Finding Marwi in Loikaw ဆောင်းပါးအား ပြန်လည် ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

အချိန်ကား ဒီဇင်ဘာ လ ကုန်ပိုင်း ဖြစ်ပြီး ကျွန်တော်သည် ကရင်နီ ပြည်နယ်သို့ သွားရောက်နိုင်ရန် ခွင့်ပြုချက် ရဖို့ လပေါင်း များစွာ စောင့်ဆိုင်းခဲ့ရပြီးလည်း ဖြစ်သည်။ ကရင်နီ ပြည်နယ်သည် လူဦးရေ အားဖြင့် ငါးသိန်းပင် မပြည့်ပဲ နိုင်ငံတွင်း အသေးဆုံး ပြည်နယ် တခု ဖြစ်သော်လည်း ၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် အပြင်းထန်ဆုံး ခုခံတွန်းလှန်စစ် ကြီး ပေါ်ပေါက်ခဲ့ရာ ဒေသလည်း ဖြစ်သည်။

 

နောက်ပိုင်း နိုဝင်ဘာ ၁၁ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက မြို့ကို သိမ်းယူနိုင်ရန် ထိုးစစ်ကြီး စတင်လာခဲ့ပြီး နောက် တိုက်ပွဲများ ပို၍ ပြင်းထန်လာခဲ့သည်။ ကျွန်တော်အဖို့ လွိုင်ကော်သို့ သွားရန် စိုးရိမ်မကင်း ဖြစ်နေသော်လည်း KNDF ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ၎င်းတို့ ရရှိခဲ့သည့် အောင်မြင်မှုများကို ပြသနိုင်ရန် ကျွန်တော်ကို လွိုင်ကော်သို့ ခေါ်သွားမည်ဟု ထပ်တလဲလဲ ပြောခဲ့ကြသည်။

 

ကျွန်တော်၏ ခရီးစဉ်အား ယမန်နှစ် ဇူလိုင်လ အတွင်း ၎င်းတို့ သိမ်းယူနိုင်ခဲ့သည့် မယ်စဲ့ မှ စတင်ခဲ့သည်။ မယ်စဲ့ တွင် ကျွန်တော် ခရီးစဉ်အတွက် ယာဉ်မောင်း အဖြစ် တာဝန်ယူထားသည့် အသက်အားဖြင့် ၂၂ နှစ် ခန့်ရှိ ဘိုင့် ဘိုင် ဆိုသူ နှင့် စတင်တွေ့ဆုံခဲ့ရပြီး ကျွန်တော်အား ဒီမောဆိုး သို့ ခေါ်သွားမည့် သူ၏ စီစဉ်ထားမှု ကို ပြောလာခဲ့သည်။

 

“လွိုင်ကော် ကို သွားဖို့က မာဝီ ဆီက ခွင့်ပြုချက် ရမှ ဖြစ်မယ်” ဟု ဘိုင့် ဘိုင်က ပြောသည်။ ဘိုင့် ဘိုင် နှင့် အတူ လက်နက်ကိုင် အစောင့် နှစ်ဦး လိုက်ပါမည် ဖြစ်ပြီး တဦး၏ ခါးတွင် လက်ထိပ် ကို တွဲလွဲ ဆွဲထားသည်ကို တွေ့ခဲ့ရသည်။

 

ဘိုင့် ဘိုင် နှင့် အဖွဲ့ သည် ကျွန်တော်ကိုသာ မက ရှေ့တန်း အတွက် လိုအပ်သော ပစ္စည်းများပါ တပါတည်း ယူလာမည် ဖြစ်သည်၊ ကျွန်တော်က ထိုပစ္စည်းများဖြင့် ဒါဇင်ပေါင်း များစွာ ရှိနေသည့် စစ်ဆေးရေး ဂိတ်များကို အဘယ်သို့ များ ဖြတ်ကျော်၍ ရနေလဲ ဟု တီးခေါက်ကြည့်ရာ ၎င်းက “ဘီယာ နှင့် စီးကရက် များ” ပေးလျင် ရပြီဟု ပြန်ဖြေခဲ့သည်။ ဘိုင့် ဘိုင်သည် ယခင်ကလည်း ဒဏ်ရာရထားသည့် တပ်ဖွဲ့ဝင်များကို အကြိမ် ၂၀ ခန့် သယ်ယူ လာခဲ့ပြီး လည်း ဖြစ်သည်။

 

ကျွန်တော့် မိခင်ကိုပင် စိုးရိမ် မည် စိုး၍ အမှန်အတိုင်း မပြောခဲ့ပဲ ထိုင်း နိုင် ငံ မြောက်ပိုင်းတခွင် မော်တော်ဆိုင်ကယ် ဖြင့် လျှောက်သွားရန် ဟု သာ အသိပေးခဲ့သည်၊ ဤသည်ကို ခေါင်းထဲ ဝင်လာ၍ ဘိုင့် ဘိုင် အား သူ လုပ်နေသည်များကို အမေ လုပ်သူ က ဘာပြောလဲ ဟု မေးကြည့် ခဲ့သည်။

 

“အစကတော့ အတော်လေး စိုးရိမ်တာပေါ့ဗျာ၊ သူ့ဆီ လာနေဖို့လည်း ပြောတယ်၊ ကျွန်တော်တို့ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်မှ ဖြစ်မယ် ပြောခဲ့ရတယ်၊ ကျွန်တော်နဲ့ သိတဲ့ လူတိုင်း တော်လှန်ရေး မှာ ပါနေကြတော့ ကျွန်တော် သာ မပါခဲ့ရင် ရှက်စရာကြီး ဖြစ်နေမှာ” 

 

ကျွန်တော်တို့လည်း တဖြေးဖြေး နှင့် ကြမ်းသည်ထက် ကြမ်းလာနေသော လမ်း အတိုင်း နာရီပေါင်း များစွာ ခရီးဆက်ခဲ့ကြပြီးနောက် သံလွင်မြစ် ကမ်းပါး သို့ ရောက်လာခဲ့ကြသည်။ မြစ်ကို ကူးရန် စက်တပ် သဗ္ဗာန် တစီး ပေါ် အထုပ်အပိုးများကို တင်ကာ ကရင်နီ တပ်မတော် ထိန်းချုပ်ထားသည့် ဖားဆောင်းသို့ ထွက်လာခဲ့ကြသည်။

 

ကရင်နီ တပ်မတော် Karenni Army (KA) သည် ကရင်နီ ပြည်သူများ နိုင်ငံရေးအရ ကိုယ်ပိုင် ပြဋ္ဌာန်း နိုင်ခွင့် ရရှိရန် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့ပြီး ဖြစ်သည်၊ အာဏာသိမ်း မှု အား ခုခံတွန်းလှန်ရန် စုရုံးလာကြသူများကို ကူညီ လေ့ကျင့်ပေးခဲ့ပြီး ယင်းနှင့် အတူ ပေါ်ပေါက်လာသော ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ သည် ယခုအခါ ကရင်နီ တပ်မတော်ထက်ပင် အင်အား ကောင်းနေပြီ ဖြစ်သည်။

 

တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများ တွင် ပုံမှန်အတိုင်း အသွားအလာ မပျက် ရှိနေကြသည်ကို တွေ့ရသည်။ သို့သော် စစ်ကြီး က ရှောင်လွှဲ၍ မရဆိုသည်ကို သတိပေးနေသည့်အလား ယူနီဖောင်းများ ဝတ်ကာ အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ်များ လွယ်ထားသည့် KA သို့မဟုတ် KNDF တပ်ဖွဲ့ဝင်များကို တနေရာမဟုတ် တနေရာတွင် တွေ့နေရသည်။

 

နောက်နေ့မနက် ဒီမောဆိုး သို့ ခရီး မထွက်မီ KA စခန်းတခု တွင် ညအိပ် ရပ်နားခဲ့ကြသည်။ KNDF တပ်များသည် တောင် မှ မြောက် သို့ ဖေါက်လုပ်ထားသော လမ်းမကြီးများကို ရှောင်ရှားပြီး အခြား လမ်းမှ သွားလာကြသည်က များသည်။

 

ကျွန်တော်သည် မြင့်မား ခေါင်သီ လှသည့် တောင်များ ကို ကပ်၍ ဖောက်လုပ်ထားသည့် ကြောက်မက်ဖွယ်ရာ တောင်ကြားလမ်းများကို ဖြတ်ရင်း သာယာသော ရှုခင်းများနှင့် အတူ သေနတ်ပစ်ခံရ၍ မသေပဲ ကားမှောက်၍ သေဖို့ များနေသည်ဟု အတွေးဝင်လာခဲ့မိသည်။

 

ဒီမောဆိုး အရောက်တွင်တော့ မြေပြန့်ပိုင်း ကို ချည်းကပ်လာပြီ ဖြစ်သည်။ ဒီမောဆိုး အရောက်တွင် ၂၀၂၁ ခရစ်စမတ် အကြိုနေ့ လူသတ်ပွဲကြီး ကို ကျွန်တော်အတွက် သတင်းယူရန် စီစဉ်ပေးခဲ့သည့် မြန်မာ သတင်းသမား တဦး၏ အိမ်သို့ သွားခဲ့သည်။ ၎င်း၏ အိမ်တွင် Starlink ဖြင့် အင်တာနက် ရနေသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းလှသည့် အအေးဒဏ်ကို အံတုကာ လူများ စုဝေး နေကြပြီး မက်ဆေ့ချ် ကြည့်သူ ကြည့်၊ ရုပ်ရှင် ဒေါင်းလုပ်ဆွဲ သူဆွဲ ဖြင့် ကျန်ရှိသည့် ည၏ အချိန်များကို ကုန်လွန်နိုင်ရန် ပြင်ဆင်နေကြသည်။

 

ကျွန်တော် အသိ သတင်းသမား က လွိုင်ကော် ရှိ “အနီဇုံ” အဖြစ် သတ်မှတ်ထားသော နယ်မြေ အတွင်း ဝင်ရောက် သတင်းယူ ရိုက်ကူးခဲ့သည့် ပုံများကို ကျွန်တော့်အား ပြရင်း “တကယ်တော့ ခင်ဗျားလည်း လွိုင်ကော် အထိ သွားလို့ရတယ်၊ မာဝီ ကို ပြောဖို့သာ လိုတာ” ဟု ဆိုသည်။

 

မာဝီသည် KNDF ၏ ဒုတပ်မမှုး ဖြစ်သည်၊ KA ခေါင်းဆောင်သည် လူသစ်တန်း KNDF အား လိုအပ်လျှင် လိုအပ်သလို လမ်းညွှန်မှု ပေးနိုင်ရန် စစ်ဦးစီးချုပ် အဖြစ် တာဝန်ယူထားသည်။ သို့သော် ယခုအခါ KA သည် လည်း KNDF အပေါ် ဩဇာ မညောင်း တော့သည်ကို ကျွန်တော် ရိပ်စားလာမိသည်။

 

ကျွန်တော်၏ KNDF လမ်းပြများက မာဝီ နှင့် အဆက်အသွယ်ရရန် နေ့တိုင်းလို ဆက်သွယ်ခဲ့သော်လည်း ယခုထိ အဆင်မပြေသေးဟု ပြောလာကြသည်။

 

နောက်တနေ့ မနက်တွင်တော့ လွိုင်ကော်ရှိ “အဝါဇုံ” ကို သွားကြမည်ဟု ကျွန်တော် စိတ်များ တက်ကြွလာစေရန် အကြံပြုလာသည်။ ကျွန်တော် စိတ်ထဲတွင်တော့ တိုက်ပွဲများ ဖြစ်ပွားရာ အရပ် ကို သွားလိုသည့် စိတ်နှင့် လက်ရှိ ခရီးစဉ်အတွင်း ဘေးမသီ ရန်မခ ရှိနေချင်သည့် စိတ် အကြား ဝေခွဲမရ ဖြစ်လာခဲ့သည်။ ၎င်းတို့ ဖက်ကလည်း KNDF တပ်ရင်း (၁၂) ၏ တပ်မှုး ဖြစ်သူအား ပေးစရာ ရှိနေပြန်သည်။ နောက်ဆုံးတွင်တော့ အဆောက်အဦး ပျက်များ တန်းစီ ရှိနေသည့် လွိုင်ကော် ရှိ လမ်းများ ကြားသို့ ရောက်လာခဲ့သည်။

 

မြို့တော်၏ မြောက်ဖက် ကီလိုမီတာ ၂၀ ခန့် အကွာရှိ KNDF စခန်း တွင် လွိုင်ကော် တိုက်ပွဲ တွင် ဒဏ်ရာရခဲ့သည့် အသက် ၁၉ နှစ်ရှိ KNDF တပ်ဖွဲ့ဝင် တဦး နှင့် တပ်ရင်း (၁၂) ၏ တပ်မှုးအား ကျွန်တော် အင်တာဗျူးခဲ့သည်။

 

ထိုည က တပ်မှုး အိမ်တွင် ဘီယာ နှင့် ငါးကြော် ဖြင့် ဇီမ်ယစ်ခဲ့၍ ‌နောက်တနေ့ မနက်တွင် ကျွန်တော့် ဦးခေါင်းသည် တူနှင့် ထုခံထားရသည့် အလား ကိုက်ခဲနေသည်။ အဝေး မှ လက်နက်ကြီး သံများကို ကြားနေရသည်၊ ယခုအခါ ထိုအသံများ နှင့် ယဉ်ပါးနေပြီ ဖြစ်သော်လည်း ကျွန်တော်က အိုကေ ရဲ့လားဟု မေးဖြစ်အောင် မေးလိုက်မိသေးသည်။

 

ဘိုင့် ဘိုင် သည် ကျွန်တော်အား လွိုင်ကော်မှ မထွက်မီ ရွာတရွာ သို့ ခေါ်လာခဲ့သည်။ မီးလောင်ကျွမ်းနေသော အိမ် အမြောက်အမြားကို တွေ့ခဲ့ရသည်။ အထူးသဖြင့် ရွာထဲရှိ ကုန်စုံဆိုင်ကြီးအား တော်လှန်ရေး တပ်များ အတွက် လိုအပ်သည်များ ဝယ်၍ မရအောင် ပစ်မှတ်ထား တိုက်ခိုက်သွားပုံရှိသည်။

 

နှစ်သစ်ကူးနေ့တွင် ကျွန်တော်တို့ ဒီမောဆိုး သို့ ပြန်ရောက်လာခဲ့သည်၊ ဘိုင့် ဘိုင်က ကျွန်တော် လိုချင်တာတွေ ရခဲ့ပြီ လားဟု မေးလာသည်။ သူ့စိတ်ထဲတွင် နိုင်ငံခြားသား ဖြစ်သူ ကျွန်တော်အား ထိုင်း ဖက်ခြမ်းသို့ ဘေးမသီ ရန်မခ ပြန်ပို့လိုစိတ် စော နေကြောင်း ရိပ်စားမိလိုက်သည်။ ကျွန်တော်က မာဝီ နဲ့ တွေ့ဖို့ ကျန်သေးကြောင်း ပြောလိုက်သော်လည်း အခြေအနေက မပေးဆိုသည်ကိုလည်း သိနေပြီး ဖြစ်သည်။

 

နောက်တနေ့မနက် တွင် ခါတိုင်းထက် စောပြီး ဘိုင့် ဘိုင်သည် ကျွန်တော်အား လာနှိုးပြီး မာဝီ နှင့် တွေ့ရမည်ဟု ဆိုသည်။

 

ထိုနေ့ မှာပင် နောက်ထပ် အရေးပါသူ တဦး ရောက်လာပြန်၍ ထိုပုဂ္ဂိုလ် သွားရာ နောက်သို့ ကျွန်တော် လိုက်ခွင့် ရခဲ့ပြန်သည်။ ထိုသူသည် ဟာသ သရုပ်ဆောင် တဖြစ်လဲ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူ ကိုပေါက် ပင် ဖြစ်သည်။

 

ကိုပေါက်သည် တော်လှန်ရေး နယ်မြေထဲတွင် ၎င်း၏ အိုင်ဖုန်း တလုံးဖြင့် ဇတ်လမ်းတိုများ ရိုက်ကူး တင်ဆက် ပေးနေသူ ဖြစ်ပြီး ထင်ရှားသော တော်လှန်ရေး ခေါင်းဆောင်များ၊ နိုင်ငံရေး သမား များ နှင့် တွေဆုံ့ မေးမြန်းခန်းများ ထုတ်လွှင့်လေ့ ရှိတတ်သည်။

 

ကျွန် တော် သူနှင့် အတူ လိုက်သွားခဲ့ရာ လမ်းတလျောက်တွင် သူ့အား ချစ်ခင်သော ပရိသတ်များက ကြိုဆို နှုတ်ဆက်ကြရင်း အတူတူ တွဲ ၍ ဓါတ်ပုံ ရိုက်ခွင့်တောင်းပြီး ရိုက်ကြသည်ကိုလည်း ကြုံခဲ့ရသည်။ ကိုပေါက်သည် ပရိတ်သတ်များ နှင့် ရယ်လားမောလား ရင်းရင်းနှီးနှီး နောက်ပြောင်ပြောဆို၊ သိလိုသည်များ မေးကာ အတူတွဲ၍ အုပ်စု ကြီး ဓါတ်ပုံ ရိုက်ခံ လေ့ ရှိသည်ကို တွေ့ရ၍ စိတ်ထဲက ချီးကြူးမိသည်။

 

ကိုပေါက် နှင့် အတူ အငွေ့တထောင်းထောင်း ထနေ‌ သော မုန့်ဟင်းခါး ဖြင့် နံနက်စာ အတူ စားပြီးနောက် ကျွန်တော် တို့သည် မာဝီ ရှိရာ လျို့ဝှက် ဌာနချုပ်သို့ ရောက်လာခဲ့သည်။ မာဝီသည် ကျယ်ပြန့်သော ပုခုံးပြင်၊ တောင့်တင်းသော ခန္ဓာကိုယ် ရှိသဖြင့် ကိုပေါက်နှင့် ယှဉ်လျင် အရပ်ပုသည် ဟု ဆိုရမည် ဖြစ်သည်။

 

အရီသန်သူ တဦး ဖြစ်ပြီး ၎င်း၏ စစ်ပွဲ အတွေ့အကြုံ၊ သေမင်းနှင့် ပွတ်ကာသီကာ ကြုံခဲ့ရပုံများကို ပြန်ပြောင်းပြောသည့် အခါတွင်ပင် အပြုံးအရီ မပျက် သည်ကို သတိထားမိသည်။

 

ကျွန်တော် ဘယ်သူဘယ်ဝါ ဖြစ်သည်ကို မိတ်ဆက်လိုက်ရင်းက မေးခွန်းကို ထွေရာလေးပါး မေးရင်း စဖွင့်လိုက်သည်။ ထိုအခါတွင်တော့ မာဝီက လွန်စွာ တည်ငြိမ် ပြီး ဩဇာတက္ကိမ ရှိ‌သော လေသံ မျိုး နှင့် ပြန်ဖြေလာသည်ကို သတိထားမိလိုက်၍ ကျွန်တော် အင်တာဗျုး နေတာပါလားဟု ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်ရသည်။

 

ထိုအခါ ကျမှ အိပ်ထဲက ဖုန်းကို စမ်းပြီး ဆွဲထုတ်လိုက်ရကာ အသံဖမ်းဖို့ နှင့် လိုက်လံရေးမှတ်ဖို့ ပြင်ရတော့သည်။ စိတ်ထဲတွင်လည်း ကိုပေါက်ကို အရင်တွေ့ပါလျက် ကျော်ပြီး မာဝီ နှင့် အင်တာဗျူး နေပါလားဟု တွေးလိုက်မိသော်လည်း ယခုကျမှ ထို့အတွက် နောက်ပြန်ဆုပ်၍ မဖြစ်တော့။

 

မာဝီသည် ဗမာလူမျိုး တဦး ဖြစ်ပြီး ကယားတွင် မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူသည် မြန်မာ၏ ခေတ်သစ် သမိုင်းတလျောက် စွဲကပ် တွယ်ညိလာနေသည့် လူမျိူးရေး တင်းမာမှု များ အပေါ် သူမတူ သည့် အမြင် ရှိသူလည်း ဖြစ်သည်။ အားလုံးက ၎င်းတို့ဒေသ အား ကရင်နီ ပြည်နယ် အဖြစ်သာ ခေါ်စေချင်ရသည့် အကြောင်းရင်းကိုလည်း မာဝီက ယခုလို စိတ်အား ထက်သန်စွာ ရှင်းပြခဲ့သည်။

 

"အဲ့တာကတော့ ရှင်းပါတယ်၊ ကယားဆိုဝာာ က လူမျိုးစု တစု အမည်ကို အစွဲပြုထားတာ၊ ကရင်နီ ဆိုတာက ကရင်နီ ပြည်နယ်ထဲမှာ ရှိတဲ့ လူမျိုးစု အားလုံးကို ကိုယ်စားပြုထားတာ၊ အခြားပြည်နယ်တွေမှာလိုပဲ ကျွန်တော်တို့ဆီမှာ လူမျိုးစု ကိုးစု ကွဲနေတဲ့အထဲက ကယား လူမျိုးစု‌ တွေ က လူဦးရေ အများဆုံး ဖြစ်နေတာပဲ ရှိတယ်"

 

ကရင်နီ ဆိုသည်က ထို့ထက်မက ကျယ်ပြန့်ပုံ ရသည်။

 

"ကျွန်ဝောာ် ‌ဗမာစစ်စစ် တယောက်ပါ၊ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်ဝောာ်တော့ ကရင်နီ လူမျိူးလို့ပဲ စိတ်ထဲမှာ ခံစားမိတယ်၊ အမေရိကား မှာလိုပဲ၊ ကရင်နီ ပြည်နယ်မှာ နေရင် ကရင်နီ ပဲပေ့ါ"

 

သမိုင်း အစဉ်အလာအရ ထို‌ဒေသ သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေများ ဖြစ်သည်၊ ဗြိတိသျှ တို့သည် သတ္တုတူးဖေါ်ခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို အလဲအလှယ် လုပ်ခဲ့ကြခြင်း ဖြစ်သည်။ လွတ်လပ်ရေး ရပြီးစတွင် ကရင်နီ ပြည်နယ်ဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း ၁၉၅၁ တွင် ဗဟို အစိုးရသည် ကယား ပြည်နယ်ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ဒေသတွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များက ‌၎င်းတို့အကြား ဗြောင်ကျကျ သွေးခွဲအုပ်ချုပ်သည့် ဗျုဟာ ကို ကျင့်သုံးလာခြင်းဟု ယူဆခဲ့ကြသည်။

 

"ဟိုး အရင်ကတည်းက ကရင်နီ မှာ ကိုယ့်အရေး ကိုယ့်ဖာသာ စီမံ အုပ်ချုပ်ခွင့် အာဏာရှိပြီးသား၊ အခု ဒါကို ပြန်ရဖို့ တိုက်နေရတာ"

 

မာဝီသည် သူ့ကိုယ်သူ "ဗမာစစ်စစ်" ဖြစ်သည်ကို မကြာခဏ ဆိုသလို ထဲ့ ပြောလေ့ရှိသည်။ သို့သော် ဘူမိဗေဒ ကျောင်းသားတယောက်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား၊ ထိုမှ တဖန် တော်လှန်ရေး တပ်ဖွဲ့၏ စစ်ကဲကြီး ဖြစ်လာသည်က ဖြစ်ရိုး ဖြစ်စဉ် ဟုတော့ ပြော‌‌၍ မရပေ။

 

ခါးတွင် ချိတ်ထားသော ပစ္စတိုကို လက်က တစမ်းစမ်း နှင့် မာဝီက "၂၀၁၈ နောက်ပိုင်း အော်ဂင်းနစ် ခြံလေး တခြံ ကျွန်တော် စ လုပ်တယ်၊ ကျွန်တော်ကလည်း ကျွန်တော့် ရည်မှန်းချက်နဲ့ ကျွန်တော် ဒေသက လူတွေ အတွက် ရေရှည် သွားနိုင်မယ့် လူနေမှု ပုံစံမျိုး ရအောင် လုပ်ပေးချင်လို့ပဲ၊ ဒီနေရာမှာ ဒေသခံ တွေ နဲ့ ပတ်ဝန်းကျင် ကို မထိခိုက်စေပဲ ကျန်းမာရေး နဲ့ ညီညွတ်မယ့် အစားအစာတွေ စိုက်မယ်၊ စားမယ် ပေါ့ဗျာ"

 

အာဏာ မသိမ်းမီက အထိ သေနတ်ဆို၍ သူ့တွင် ‌အတွေ့အကြုံ ရှိခဲ့သည်က လေသေနတ် သာ ဖြစ်သည်ဟု ဆိုသည်၊ ကျွန်တော်က ဒီလိုမျိုး ဖြစ်လာလိမ့်မယ်ဟု အရင်က တွေးခဲ့ဖူးလားဟု မေးသည့် အခါတွင်တော့....

 

 "C'mon man. F**k no" 

 

မာဝီ နှင့် ဒုတိယ တကြိမ် မနက်စာကို ABC ဘီယာ နှင့် မျှော်ချပြီးနောက် ကျွန်တော်တို့ လွိုင်ကော်သို့ ထွက်ခဲ့ကြသည်၊ လွိုင်ကော်တွင် ဆေးတပ်မှ တပ်ရင်းမှုး နှင့် တွေ့ဖြစ်ခဲ့သည်။ သူ နှင့် ကျွန်တော်သည် Signal မှတဆင့် လပေါင်းများစွာ မက်ဆေ့ခ်ျ များ နှင့် ဆက်သွယ်ခဲ့ပြီး ယခုမှ လူချင်း ဆုံဖြစ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

 

"အခုကတော့ အတော်လေး ငြိမ်သွားပြီ၊ ခင်ဗျား နိုဝင်ဘာလ လောက်က လာသင့်တာ" ဟု ဆိုသည်။

 

ထိုစဉ်က မလာဖြစ်ခဲ့သည်ကိုပင် ဝမ်းသာနေရသည်။

 

ထိုမှ တဆင့် လွိုင်ကော် တက္ကသိုလ် သို့ ရောက်ခဲ့ကြသည်။ တက္ကသိုလ် နယ်မြေသည် ယခုအခါ "အနီဇုံ" ထဲ ရောက်နေပြီ ဖြစ်သည်။ မာဝီသည် ၎င်း၏ KNDF တပ်များကို ထူးချွန် ပြောင်မြောက်စွာ ဦးဆောင် တိုက်ပွဲ ဝင်နိုင်ခဲ့သူ အဖြစ် ကျော်ကြားသွားခဲ့သည်။ နောက်ဆုံးတွင် ဒါဇင်ပေါင်း များစွာ ရှိသည့် စစ်ကောင်စီ တပ်သားများကို လက်နက်ချရန် ဖျောင်းဖြ နိုင်ခဲ့သည်။ နှစ်လကျော်ကြာ ပြီးသော်လည်း မဲညစ်ပြီး ပုပ်ပွနေသော စစ်သားများ၏ ရုပ်အလောင်းများသည် ကျောင်းဝင်း အတွင်း ပြန့်ကြဲနေဆဲ ဖြစ်သည်။ အချို့က ယူနီဖောင်း နှင့် အရိုးစုများသာ ကျန်တော့သည်။

 

မာဝီသည် လွိုင်ကော် တွင်ပင် လူဖြစ်ကြီးပြင်းခဲ့ကာ လွိုင်ကော် တက္ကသိုလ်မှပင် ဘွဲ့ ရရှိခဲ့သည်။

 

အာဏာသိမ်းပြီးနောက်တွင် လူထု ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ရန် မာဝီသည် ဦးဆောင်လှုပ်ရှားခဲ့သည်။ စစ်တပ်သည် ထိုသို့ လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်မှု ကို မည်သည့် အခါမျှ နားထောင်ခဲ့ကြခြင်း မရှိသည်ကို သိထားပြီး ဖြစ်သည့်အပြင် နောက်ပိုင်းတွင် အကြမ်းဖက် နှိမ်နှင်းလာမည် ဆိုသည်ကိုလည်း မျှော်လင့်ထားပြီးလည်း ဖြစ်သည်။ သို့သော်လည်း မိမိတို့၏ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်သွားရမည် ဆိုသည့် မူ ကို စစ်တပ်ဖက်မှ သေနတ်စ မဖေါက်မချင်း စွဲကိုင်ထားရမည်ဟု ခံယူထားခဲ့သည်။

 

"သူတို့က လက်နက် နဲ့ အနိုင်ကျင့်ဖို့ ကြိုးစားလာတော့လည်း လက်နက် နဲ့ ပဲ ပြောရဆိုရ ဖို့ ဖြစ်လာတာဘဲ၊ အခု ကျွန်တော်တို့ ပါးစပ်နဲ့ ပြောမနေတော့ဘူး၊ သေနတ်နဲ့ပဲ ပြောနေပြီ" 

 

မာဝီ သည် သူ့လူများနှင့် အတူ ရှေ့တန်း သို့ မကြာခဏ လိုက်ပါ တိုက်ခိုက်တတ်သည့် အတွက် နာမည်ကြီးသူ တယောက် ဖြစ်လာပြီး သုံးကြိမ် တိုင် ဒဏ်ရာရရှိခဲ့ရာ တကြိမ် တွင် အတော်ပြင်းထန်သွားခဲ့သည်။

 

"အတော်များများကတော့ ကျွန်တော်ဟာ အရေးပါတဲ့ လူတယောက် ဖြစ်လို့ ရှေ့တန်း မထွက်ဖို့ ပြောကြဆိုကြ အကြံပေးကြတာတွေ တော့ ရှိတယ်၊ ကျွန်တော့် ခံယူချက်ကတော့ တော်လှန်ရေး ကို ဦးဆောင်နိုင်ဖို့ ဆိုရင် အနည်းဆုံး တိုက်ပွဲ အတွေ့အကြုံ ရှိထားသင့်တယ်၊ ဘယ်လို တိုက်ရမယ် ဆိုတာမှ မသိရင် အမိန့်‌ တွေ ဘယ်လို ပေးမလဲ"

 

၎င်း ဒဏ်ရာ အပြင်းအထန် ရခဲ့သည်က မနှစ်က ဖြစ်သည်။ ဖယ်ခုံ မြို့နယ် အတွင်းရှိ စစ်စခန်း တခုအား စီးနင်း တိုက်ခိုက်ရာတွင် တပ်ဖွဲ့ဝင်များ နှင့် တကွဲတပြား ဖြစ်သွားပြီး တဖက်တချက်မှ ၎င်းအား ဝိုင်းညှပ် ပစ်နေသော စစ်သား နှစ်ဦး နှင့် ရင်ဆိုင်ခဲ့ရသည်။

 

"တယောက်ကို ကြည့်နေတုန်း ရှိသေးတယ် နောက်တယောက်က ပစ်လိုက်ဝာာ ခြေထောက်ကို မှန်သွားတယ်၊ သွေးကြောထိသွားလို့ သွေး တွေ အတော် ထွက် လာတယ်" ဟု ပြောရင်းက ရယ်လိုက်ပြီး 

"ဘုရားသခင် နဲ့ တွေ့ရလုနီးနီး ဖြစ်သွားခဲ့တာ"

 

KNDF တပ်များ လွိုင်ကော်ကို စတိုက်ခဲ့ပြီး နောက် မာဝီသည် နှစ်ကြိမ်တိုင် ဒဏ်ရာရရှိသွားခဲ့ပြီးလည်း ဖြစ်သည်။ နှစ်ကြိမ်စလုံး အမြှောက်ဆံ နှင့် ကျည် အစအန များ လာမှန်ခဲ့ခြင်း ဖြစ်သည်။ စစ်တပ်ကလည်း အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်လာပြန်၍ လွိုင်‌ကော်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်တိုင်းလိုလို ဗုံးဆံများ အသားထဲ စိုက်ဝင်ခြင်း ခံနေရသူချည်း ဖြစ်နေသည်။

 

"သေနတ်မှန်တာ လောက်က သတင်း မဟုတ်တော့ဘူး၊ လွိုင်ကော် ရောက်ပြီး ‌သေနတ် မမှန်ခဲ့ရင်သာ သတင်း" 

 

ထိုအပြောသည် ချဲ့ကား ပြောတာ မျိုး ဖြစ်ပါစေဟု ကျွန်တော် ဆုတောင်းလိုက်မိသည်။

 

တက္ကသိုလ် ကျောင်းဝင်း အတွင်းမှ ပြန်အထွက်တွင် မာဝီသည် လမ်းပေါ်တွင် တွေ့ရသော မပေါက်ကွဲသေးသည့် အမြှောက်ဆံ ကို ကုန်း၍ ကောက်လိုက်ရင်းက "အဲ့ဝာာ မျိုး‌ တွေက လက်နဲ့ ကိုင်လို့ စိတ်ချရရဲ့လား ဆိုတာ လည်း အသေအချာ မသိနိုင်သေးဖူး"

 

လမ်းလျောက်လာရင်းက မာဝီသည် သူ့လက်ထဲက အမြှောက်ဆံကို စာသင်ရာတွင် သုံးသည့် pointer တခု အလား စိတ်ဝင်စားရာ နေရာများကို ထိုးပြနေပြန်သည်။ မြိုထဲရှိ ရေကန်တကန် ထဲတွင်တော့ စစ်သားအလောင်းများက ပေါလော မျောနေဆဲပင် ဖြစ်သည်။

 

တနေရာတွင် ကျွန်တော်က ဘာရယ် မဟုတ်၊ ၂၀၂၁ သည် စစ်ပွဲ၏ အစ ဖြစ်မည်ဟု ပြောလိုက်ရာ မာဝီက ခပ်တင်းတင်းပင် စစ်ပွဲသည် ၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှစ၍ ဖြစ်လာနေပြီး ယခု ၇၅ နှစ် ရှိလာပြီဟု ကျွန်တော့ အပြောကို ပြန်ပြင်ပေးခဲ့သည်။

 

စစ်တပ်သည် ခေတ်မီ လက်နက်များ၊ လေယာဉ်များ ရှိထားပြီး ဖြစ်‌၍ လက်ဖျောက်တချက် တီးလိုက်ယုံဖြင့် တော်လှန်ဆန့်ကျင်နေသူ များ ကြောက်အောင် ဖြဲ ချောက်နိုင်စွမ်း ရှိပါလျက် ကရင်နီ၊ ရှမ်း၊ ရခိုင်နှင့် ချင်း ပြည်နယ် များ တွင် တိုင်းရင်းသား တပ်များ၏ ရှေ့သို့ ချီလာနေမှုကို ရပ်တန့်အောင် လုပ်နိုင်စွမ်း မရှိ ဖြစ်လာနေရပြီ ဖြစ်သည်။

 

ဤသည်ကို မာဝီက တိုတိုတုတ်တုတ်ပင် ရှင်းပြခဲ့သည်။

 

"ကျွန်တော်တို့ ကြောက်တာက ဂျက် တိုက်လေယာဉ် တွေ ထက်၊ စစ်အာဏာရှင် စနစ်ကို ပိုကြောက်နေလို့ဘဲ" 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Frontier Myanmar - Finding Marwi in Loikaw