နိုင်ငံတကာ ရေးရာ မိတ်ဆက်(66)

by Hla Soewai - May 21 2024

ယခုအခါ ကမ္ဘာပေါ်တွင် နျူကလီယား ပိုင်ဆိုင်ထားသည်ဟု သိထားသော နိုင်ငံ ကိုး နိုင်ငံ ရှိနေပြီ ဖြစ်သည်။ NPT စာချုပ် ဖြင့် တရားဝင် ပိုင်ဆိုင်ခွင့် ရထားသော နိုင်ငံကြီး ငါးနိုင်ငံ အပြင် အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီယား နှင့် ပါကစ္စတန် တို့ ထွက်ပေါ်လာခဲ့သည်။

 

နိုင်ငံများသည် ဂုဏ်သိက္ခာအရရော၊ လုံခြုံရေး အတွက် ပါ နျူလက်နက်များ ပိုင်ဆိုင်နိုင်အောင် ကြိုးစားလာခဲ့ကြသည်။ နျူကလီယား ပိုင် ဆိုင်ထားခြင်း မရှိသော မည်သည့် နိုင်ငံ တနိုင်ငံကမျှ ပိုင်ဆိုင်ထားသော နိုင်ငံ နှင့် စစ်ဖြစ်ပွား ရမည့် အရေးကို စိတ်ကူးထဲတွင် ပင် ထည့်မည် မဟုတ်သောကြောင့် လုံခြုံရေး အရလည်း အပြီးအပိုင် အာမခံချက် ရထားသလို ဖြစ်နေသည်။

 

နျူကလီယား လက်နက်များ ကြောင့် နိုင်ငံ၏ အဆင့်အတန်း မြင့်တက်လာစေသည်။ ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံစလုံး နျူကလီယား လက်နက်များ ပိုင်ဆိုင်ပြီး ဖြစ်သည် ဆိုသော အချက်သည် တိုက်ဆိုင်မှု မျိုး မဟုတ်ပေ။

 

နျူလက်နက်များ ပိုင်ဆိုင်ရန် သံန္နိဋ္ဌာန် ချထားသော နိုင်ငံ တနိုင်ငံ ကို ဟန့်တား နိုင်ဖို့ က မလွယ်ကူ လှပေ။ ထိုနိုင်ငံသည် မရှိမဖြစ် လိုအပ်သော သိပ္ပံ နှင့် စက်မှု အတတ်ပညာ များ ထွန်းကားပြီး၊ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခံရမည့် အရေး နှင့် နိုင်ငံတကာ၏ ဝိုင်းပယ်ခံရမည့် အရေးတို့ကို မမှု က ဖြစ်နိုင်ခြေ ရှိနေသည်။

 

နိုင်ငံ တနိုင်ငံသည် နျူကလီယား လက်နက်များ ထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ရယူ ပိုင်ဆိုင်လာမည် ဆိုလျှင် ထိုအရေးကို ကိုင်တွယ် ဖြေရှင်း နိုင်မည့် နည်းလမ်းပေါင်း များစွာ ရှိနေသည်။ ပထမ နည်းလမ်းသည်ကား ထိုလက်နက်များကို စွန့်လွှတ်ပစ်ရန် စီးပွားရေး အရ ပိတ်ဆို့ဒဏ်ခတ်ပြီး ဖိအားပေးခြင်း မျိုး ဖြစ်သည်။ တောင်အာဖရိက အား ထိုနည်းလမ်းဖြင့် ၁၉၈၀ ကျော် နှစ်များ အတွင်း အောင်မြင်စွာ ဟန့်တားနိုင်ခဲ့သည်။

 

ယူကရိန်းသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ပိုင်း အမွေ ဆက်ခံခဲ့သည့် နျူလက်နက်များကို ၎င်းတို့ သဘောဆန္ဒ အလျောက် စွန့်လွှတ်ပစ်ခဲ့သည်။ အတောင်ပေါက်စ နျူလက်နက်များ ထုတ်လုပ်ရေး အစီအစဉ်များ ရှိထားပြီး ဖြစ်သည့် လစ်ဗျား နှင့် အီရတ်သည်လည်း စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခံရမည့် အရေး နှင့် တိုက်ခိုက်ခံရမည့် အရေး တို့ကြောင့် လက်လျော့သွားခဲ့ကြသည်။

 

သို့သော် နျူလက်နက်များသည် ၎င်းတို့ အတွက် အဖိုး မဖြတ်နိုင်အောင် တန်ဖိုးရှိနေသည်ဟု ယူဆပြီး ဒဏ်ခတ် ခြိမ်းခြောက်လာမှု များကို အရေး မစိုက် နိုင်သည့် အစိုးရများလည်း အများအပြား ရှိနေသည်။ ထို့အပြင် ဒဏ်ခတ် ပိတ်ဆို့မှု များအား ရေရှည် ထိန်းထားနိုင်ဖို့က မလွယ်ကူလှပေ။ အဘယ့်ကြောင့် ဆိုသော စီးပွားရေး နှင့် မဟာဗျူဟာ အကျိုးစီးပွား များ နှင့် ယှဉ်လာသည့် အခါ ပိတ်ဆို့ထားခြင်းဖြင့် အကျိုးမရှိနိုင်ဟု ယူဆလာတတ်ကြ သောကြောင့် ဖြစ်သည်။

 

နျူကလီယား ထိပ်ဖူးများ စုဆောင်းသိုမှီးထားခြင်း

 

မြောက်ကိုရီယား အရေး ကို ကြည့်မည်ဆိုလျှင် ပိတ်ဆို့ ဒဏ်ခတ်မှု များ၊ ခြိမ်းခြောက် အကျပ်ကိုင်မှုများ၊ မြူဆွယ်မှု များ မည်မျှပင် ရှိလာ‌စေကာမူ နျူလက်နက်များ စွန့်လွှတ်လာဖို့ အထိ အားကောင်းခဲ့ခြင်း မရှိသည်ကို တွေ့ရမည် ဖြစ်သည်။ အမေရိကန် သည် တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီယား တို့နှင့် အတူ လက်တွဲ၍ မြောက်ကိုရီယား အစိုးရအား ၎င်းတို့၏ နျူလက်နက်များ နှင့် ထုတ်လုပ်သည့် စနစ်များကို စွန့်လွှတ်ရန် ပိတ်ဆို့ဒဏ်ခတ်ခြင်း၊ စစ်ရေး အရ အရေးယူမည်ဟု ခြိမ်းခြောက်ခြင်း၊ စီးပွားရေးအရ အကူအညီ ပေးမည်ဟု မြူဆွယ်ခြင်း အစရှိသည့် နည်းလမ်းပေါင်းစုံကို ကျင့်သုံးခဲ့ကြသည်။

 

လေ့လာသူ အများအပြားကမူ နျူလက်နက်များ ကြောင့် နိုင်ငံဂုဏ်သိက္ခာ မြင့်တက်လာခြင်းနှင့် လုံခြုံရေး အရ အာမခံချက် ပေးနိုင်ခြင်းများ ကြောင့် စွန့်လွှတ် သွားလိမ့်မည် မဟုတ်ဟု သံသယ ရှိနေကြသည်။ အထူးသဖြင့် ၁၉၉၄ တွင် ဘူဒါပက်စ် ‌၌ လက်မှတ်ရေးထိုးခဲ့သော စာချွန်လွှာ သည် နမူနာ အဖြစ် ရှိ‌ထားခဲ့၍လည်း ဖြစ်သည်။ ထိုစာချွန်လွှာအား ရုရှား၊ ယူကရိန်း၊ ဗြိတိန် နှင့် အမေရိကန် တို့ ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး ယူကရိန်း သည် ဆိုဗီယက် ပြည်ထောင်စု မှ အမွေဆက်ခံထားသည့် နျူကလီယား လက်နက်များ စွန့်လွှတ်မည် ဆိုက နိုင်ငံ လုံခြုံရေး အတွက် အာမခံမည် ဟု ပါရှိခဲ့သည်။ (ပုံတွင် တွေ့ရစဉ်)။ မြောက်ကိုရီယား သည်လည်း အလားတူ လိုက်လုပ်လာလိမ့်မည်ဟု လည်း ထိုအချိန်က မျှော်လင့်ခဲ့ကြသည်။

 

သို့သော် ရုရှားသည် ယူကရိန်းအား ကျုးကျော် တိုက်ခိုက်ခဲ့ပြီး ကရိုင်မီယား ကို သိမ်းယူသွားခဲ့သည်။ နောက်ထပ် နမူနာ အဖြစ် အထင်အရှား တွေ့လာရသည်က လစ်ဗျား နှင့် အီရတ်သည် ၎င်းတို့၏ နျူကလီယား လက်နက် ပိုင်ဆိုင်ရေး အစီအစဉ်များကို စွန့်လွှတ်ပြီးနောက်တွင် ပြည်ပ မှ ဝင်ရောက် စွက်ဖက်ပြီး အစိုးရ များကို ဖြုတ်ချခံခဲ့ရ ခြင်းပင် ဖြစ်သည်။

 

မြောက်ကိုရီယား၏ နျူကလီယား နှင့် ဒုံးကျည် ထုတ်လုပ်နေမှု အတိုင်းအတာ နှင့် အရည်အသွေးအား သံတမန် နည်းလမ်းဖြင့် ကန့်သတ် နိုင်မည်လား ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည်သာ ဖြစ်သည်။ သံတမန် နည်းလမ်း ဆိုရာဝယ် မည်သည့် အချက်များ ‌ဆွေးနွေးရမည် နှင့် နောက်ပိုင်းတွင် လိုက်နာ မှု ရှိမရှိ စစ်ဆေး နိုင်ရေး တို့ သတ်မှတ် နိုင်ရမည် ဖြစ်သည်၊ ထိုအခါတွင် မြောက်ကိုရီယား အား အခြား နိုင်ငံများက မည်သို့ ဆက်ဆံ လာမည် နှင့် ၎င်းတို့၏ စွမ်းဆောင်နိူင် ရည်များကိုပါ သုံးသပ်ရမည် လည်း ဖြစ်သည်။

 

နျူကလီယား ထုတ်လုပ်‌ နေသော နိုင်ငံ တနိုင်ငံအား ရပ်တန်းက ရပ်ရန် သွေးဆောင်နိုင်ခြင်း မရှိပါက ထိုလက်နက် များ အသုံးပြု မလာနိုင်အောင် တာဆီးနိုင်ရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ ၎င်းတို့အားလည်း နျူလက်နက်များ စတင် အသုံးပြုလာပါက ဆိုးဝါးသော အကျိုးဆက်များ နှင့် ကြုံတွေ့ရမည်ဟု ပြတ်သားစွာ အသိပေးထားရမည် ဖြစ်သည်။

 

သို့သော်လည်း ပြဿနာ ရှိနေသည်က လူပုဂ္ဂိုလ်တဦး သို့ မဟုတ် အစိုးရ တဖွဲ့သည် ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုမူရန် ပြင်ဆင်လာမည် ဆိုက ဟန့်တား နိုင်ခြင်း မရှိတော့မည့် အရေးပင် ဖြစ်သည်။ အလားတူပင် မှားယွင်းစွာ ယူဆခြင်း၊ အတွက်အချက် မှားခြင်း၊ ဆက်သွယ်ရေးပိုင်း တွင် တလွဲ အဓိပ္ပါယ် ဖွင့် ဆိုခြင်း အစရှိသည့် အန္တရာယ်များလည်း ရှိနေသည်။

 

နျူကလီယား လက်နက်များ ပိုင်ဆိုင်လာသည့် အစိုးရ သည် ၎င်းတို့ လုပ်ချင်သလို လုပ်ခွင့်ရှိသည်၊ အရေးယူ၍ မရ ဆိုသော ယုံကြည်မှုများ ရှိလာတတ်သည်။ ထို့ပြင် ၎င်းတို့ ပိုင်ဆိုင်ထားသော လက်နက်များကို အခြား တနိုင်ငံ၊ အကြမ်းဖက် အဖွဲ့အစည်း တဖွဲ့ဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ သို့မဟုတ် ထိုကဲ့သို့ အဖွဲ့အစည်းများ၏ ခိုးယူခြင်းကို ခံရခြင်း ဆိုသည့် အန္တရာယ်မျိုးလည်း ရှိနေတတ်သည်။