မြဝတီ ဇတ်ထုတ်၏ ဗီလိန်

by Hla Soewai - May 06 2024

စောချစ်သူ ဦးဆောင်‌ သော အင်အား ၈,၀၀၀ ခန့်ရှိ တပ်သည် မြဝတီ ရှိ လောင်းကစား နှင့် ရာဇဝတ်မှု လုပ်ငန်းများ မှ တနှစ်လျှင် ဒေါ်လာ သန်း ၁၉၀ ရရှိနေသည်ဟု နိုင်ငံတကာ သတင်းအေဂျင်စီ တခု ဖြစ်သော ရိုက်တာ မှ ဖွင့်ချ ရေးသားလာခဲ့သည်။

 

အဆိုပါ အဖွဲ့သည် နိုင်ငံရေးအရလည်း အရောင်အသွေး မရှိပဲ မြဝတီ ရှိ တရားမဝင် လုပ်ငန်းများမှ ရသော ပုံမှန် ဝင်ငွေ ဖြင့် ရပ်တည်နေကြသူများ ဖြစ်သည်ဟု ဆိုသည်။

 

တနှစ်လျှင် ဒေါ်လာ တစ် ဘီလီယံ ရှိသော နယ်ခြား ကုန်သွယ်ရေး မြို့ ဖြစ်သည့် မြဝတီ အား သိမ်းပိုက် နိုင်ရန် ဒေါန တောင်ခြေ တဝိုက်တွင် ကရင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့နှင့် စစ်ကောင်စီ သစ္စာခံတပ်များ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြစဉ်တွင် စောချစ်သူ တပ်များသည် မြဝတီ မြို့တွင်း အေးအေးလူလူ ပင် ကင်းလှည့် စောင့်ကြပ်လျက် ရှိနေကြသည်။

 

မြဝတီ အရေး ကြောင့် ဗိုလ်မှုးကြီး စောချစ်သူနှင့် ၎င်း၏ လုပ်ငန်းများ အား ပြည်တွင်း ပြည်ပ ၏ အထူးအာရုံစိုက်ခြင်း ခံလာရသည်။

 

၎င်းအား ၂၀၂၂ နိုဝင်ဘာလ တွင် မင်းအောင်လှိုင်မှ "ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့" သည် ဆိုကာ ဂုဏ်ထူးဆောင် ဆုများ ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့် ခဲ့သည်။ ဗြိတိန် အစိုးရမှ လူကုန်ကူးမှု အပါအဝင် လူ့အခွင့်အရေး များ အကြီးအကျယ် ချိုးဖောက်မှုများ ဖြင့် မင်းအောင်လှိုင်မှ ထူးချွန် ဂုဏ်ထူးဆောင် ဘွဲ့ ပေးထားသူအား နာမည်ပျက်စာရင်း သွင်းကာ ပိတ်ဆို့လာခဲ့သည်။

 

ကရင် ပြည်နယ် အတွင်း စစ်ကောင်စီ အရေးမလှ ဖြစ်လာချိန်တွင် နှစ်ပေါင်း ၁၄ နှစ် နီးပါး အမှုတော် ထမ်းခဲ့သည့် စောချစ်သူ သည် လစာ နှင့် ရိက္ခာပင် မယူတော့ပဲ ၎င်းတို့ နှင့် အဆက်ဖြတ်ပစ်ခဲ့သည်။ နယ်ခြားစောင့် တပ် BGF အဖြစ် မှ ကရင် အမျိုးသား တပ် Karen National Army (KNA) အဖြစ် အမည် ပြောင်းလိုက်သည်။ ၎င်းက "ကရင်လူမျိုး အချင်းချင်း မတိုက်လိုတော့" ၍ ဟု ပြောလာသည်။

 

မြဝတီ အရေး နိုင်ငံတကာက အာရုံစိုက်လာချိန်တွင်တော့ မည်သည့် ဖက်ကမှ မပါ သည့် KNA အား အထူး အာရုံစိုက် စောင့်ကြည့်လာကြသည်။

 

ကေအင်ယူ ပြောခွင့်ရ ဖဒို စောတောနီးမှ စောချစ်သူ၏ တပ်များ အကူအညီ ဖြင့် စစ်ကောင်စီ တပ်သား အချို့ မြဝတီ မြို့တွင်း ဝင်လာနိုင်ခြင်း ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

အခြား သော သတင်းအရင်းအမြစ်များ အဆိုအရ ၎င်း၏ ဝင်ငွေရနေသော လုပ်ငန်းများ ဗုံးကြဲ မခံလိုက ဘက်ပြောင်းလာရန် စစ်တပ်ဖက်မှ ပြောလာ၍ ဖြစ်သည်ဟု သိရသည်။ ကြာသပတေးနေ့တွင် KNA တပ်သား အချို့ ကားဖြင့် မြို့ထဲ သွားလာနေသည်ကို တွေ့ရသည်ဟု မြို့ခံ တဦးက ရိုက်ဝာာကို ပြောပြခဲ့သည်။

 

စစ်ဘုရင် ဟု ရိုက်တာ က သုံးနှုံးထားသည့် စောချစ်သူ သည် ၂၀၁၇ တွင် ထိုင်း-မြန်မာ နယ်စပ် အထူး စီးပွားရေး ဇုန်ဟု အမည်ပေးထားသည့် ရွှေကုက္ကူ တည်ဆောက်‌ရေး တွင် ပါဝင် ပတ်သက်လာခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းအား တနှစ်လျှင် ‌ဒေါ်လာ သန်း ၁၉၀ ခန့် ဝင်ငွေ ရစေသည့် နယ်ခြား ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၊ တရုတ် နိုင်ငံသားများ ပါဝင် ပတ်သက်နေသည့် လောင်းကစား ဒိုင်များ အခြေတည်ရာ ဗဟိုချက်မ ဖြစ်လာခဲ့သည်။

 

ယင်းနှင့် အတူ ရွှေကုက္ကူ ၏ လုပ်ငန်းများ လျင်မြန်စွာ ချဲ့ထွင်လာခဲ့ပြီး ယခင် မြစ်ကမ်းနံဘေးရှိ ကွင်းပြင် ကျယ်ကြီး နေရာတွင် အထပ်မြင့် တိုက်ကြီးများ ဖြင့် စည်စည်ကားကား ဖြစ်လာခဲ့သည်။

 

တရုတ်-မြန်မာ နယ်စပ်တလျောက် တရုတ် အာဏာပိုင်များ၏ ဖြိုခွင်းမှုကြောင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ လည်း စောချစ်သူ ထိန်းချုပ်ထားရာ နယ်‌ မြေ များ အထိ ရွှေ့ပြောင်း အခြေချလာကြသည်။ နောက်ပိုင်း တွင် အဆိုပါ ဂိုဏ်းများသည် ပေါ်ပေါ်ထင်ထင်ပင် လှုပ်ရှားလာကြသည်။ 

 

စောချစ်သူ ကလည်း အဆိုပါ ရာဇဝတ်ဂိုဏ်းများ အတွက် လုံခြုံရေး၊ အင်တာနက် နှင့် လျပ်စစ်ဓါတ်အား များ ပြတ်လပ်မှု မရှိအောင် အထူးအာရုံစိုက် ပံ့ပိုးပေးလာခဲ့သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဧပြီလ အတွင်း ထုတ်ပြန်သော အစီရင်ခံစာ တွင် ပါရှိလာခဲ့သည်။

 

အဆိုပါ သတင်း များ နှင့် အတူ စိတ်ဝင်စားဖွယ် ကောင်းလာရသည်က တရုတ် ပြည်ထဲရေး ဝန်ကြီး၏ ဆင့်ခေါ်ချက်အရ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး ဆိုသူ ရာပြည့်သည် ဘီဂျင်းသို့ ရောက်လာခဲ့ခြင်းပင် ဖြစ်သည်။ လုံခြုံရေး နှင့် ဥပဒေ စိုးမိုးရေး များ တွင် ပူးပေါင်း ဆောင်ရွက် ရေး အတွက် ဆွေးနွေးရန် အလုပ်သဘော ခရီး စဉ် အဖြစ် ဧပြီ ၂၄ မှ ၂၉ ရက် အထိ ရှိနေမည်ဟု စစ်ကောင်စီ မှ သတင်းထုတ်ပြန်ခဲ့သည်။

 

သို့သော်လည်း ၎င်း၏ ခရီးစဉ်သည် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ထုတ်ပြန်သော အစီရင်ခံစာ တွင် ပါရှိသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းအားလုံးနီးပါး ကရင်ပြည်နယ်ဖက် ရွေ့ပြောင်းသွားသည် ဆိုသော သတင်းနှင့် ဆက်စပ်နေမည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။

 

ရာပြည့် အား လက်ခံ တွေ့ဆုံခဲ့သည့် တရုတ် နိုင်ငံတော် ကောင်စီဝင် ပြည်သူလုံခြုံရေးရာ ဝန်ကြီး ဝမ် ရှောင်ဟောင်း မှ မိမိတို့သည် တရုတ်-မြန်မာ ဆက်ဆံရေး ကို အမြဲလို မဟာဗျူဟာ ရှုထောင့်မှ ကြည့်ရှု့ခဲ့ပြီး‌ ‌လောင်းကစား၊ မူးယစ်ဆေးဝါး နှင့် အခြား နယ်ခြား ဖြတ်ကျော် ကျူးလွန်နေသည့် ရာဇဝတ်မှု များ အား တိုက်ဖျက်ရေး တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် အဆင်သင့် ရှိနေသည်ဟု ပြောခဲ့သည်။

 

ရာပြည့်ကလည်း ယခုထက် ပို၍ အကျိုးရှိနိုင်မည့် ရလဒ်များ ရရှိအောင် ပူးပေါင်းဆောင်ရွက်သွားရန် လိုလားကြောင်း ပြန်လည် ပြောဆိုကြောင်း ဆင်ဟွာ သတင်းတွင် ဖေါ်ပြထားသည်။

 

အသို့ဆိုက ဗိုလ်မှုးကြီး စောချစ်သူ ၏ တရားခွင်ကို ဘီဂျင်းရှိ ပြည်သူ့ ခမ်းမ ကြီး တွင် ပြုလုပ် နေခြင်း ပေလောဟု ယူဆရပေသည်။

 

ယခုအခါ ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီက မယုံကြည်သင့်သော အန္တရာယ်ရှိသူအဖြစ် သတ်မှတ်လိုက်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများနှင့်ဆွေစဉ် မျိုးဆက်ဆိုင်ရာ နောက်ဆုံးအချက်အလက်များကို နေပြည်တော်စစ်ရုံးချုပ် အသေးစိတ် စာရင်းပြုစုနေကြောင်း နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ရရှိသည်ဟု ခေတ်သစ်တွင် ပါရှိလာသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!