ကြီးထွားလာနေသော မြန်မာ အကျပ်အတည်း နှင့် ဘလင်ကင် ၏ ဘီဂျင်း ခရီးစဉ်

by Hla Soewai - May 06 2024

ချင်းပြည်နယ် မင်းတပ် မြို့ မြောက်ဖက် မိုင် နှစ်ဆယ် အကွာ ရှိ ပြည်သူ့ ဆေးရုံအား အကြမ်းဖက် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် လေးဦး သေဆုံးပြီး ဆယ်ငါးဦး ဒဏ်ရာရရှိသွားခဲ့သည် ဆိုသည့် သတင်းဆိုး ကြီး ထွက်ပေါ်လာခဲ့သည်။

 

မြန်မာ အကျပ်အတည်း အား နိုင်ငံတကာ မှ ယခုလို ရေရှည် လျစ်လျူ ရှု ၍ မည်သို့မျှ မရနိုင်လောက် အောင် တနေတခြား ပြင်းထန်လာနေပြီ ဖြစ်သည်။ ယင်းနှင့် အတူ တရုတ်-အမေရိကန် ပူးတွဲ ဖြေရှင်း နိုင်မည့် ရှားရှားပါးပါး အခွင့် အလန်း ထွက်ပေါ်လာခဲ့သည် ဟု အမေရိကန် ကွန်ဂရက် အပါအဝင် နိုင်ငံရေး သတင်းများ ဝေဖန်ရေးသား နေသည့် The Hill အွန်လိုင်း ဂျာနယ် တွင် ယခုလို ထောက်ပြ ‌ရေးသားလာခဲ့သည်၊ ယင်း ဆောင်းပါးသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်၏ ဘီဂျင်း ခရီးစဉ်နှင့်လည်း အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

 

ဘလင်ကင် ၏ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက် ကောင်းမွန်လာရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း မြန်မာ အရေး အပေါ် ဘုံရပ်တည်ချက်တခု ထွက်ပေါ်လာရေး တွင် အပြန်အလှန် မယုံကြည်မှုများ၊ သံသယ များ နှင့် ပြည့်နှက်နေဆဲပင် ဖြစ်သည်။

 

တရုတ်သည် မြန်မာ နှင့် ပတ်သက်၍ အမေရိကန် တို့ ဘာတွေ ကြံစည်နေလဲ ဆိုသည် အပေါ် အတွင်းစိတ်တွင် သံသယ ရှိနေဆဲ ဟု ဘရွတ်ကင်း အင်စတီကျု မှ လေ့လာသူ ယွန်ဆန် က မှတ်ချက်ချခဲ့သည်။

 

နှစ်နိုင်ငံ အနေဖြင့် မြန်မာ သည် ဘယ်ပုံဘယ်နည်း ဦးတည်နေသည်၊ အကြမ်းဖက်မှုများ ယခုထက် ပို၍ ပြင်းထန်လာနိုင်ခြင်း ရှိမရှိ၊ ပို၍ ဆိုးလာမည် ဆိုက အားလုံး အတွက် အကျိုး မရှိ နိုင်၍ အနည်းဆုံး ဆွေးနွေးကြရတော့မည် ဖြစ်သည်ဟု ဆိုသည်။

 

ဧပြီ ၂၄ နှင့် ၂၆ ရက် အတွင်း ဘီဂျင်း တွင် ရောက်ရှိနေသည့် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် သည် ၎င်း၏ ဆွေးနွေးမည့် အစီအစဉ်များထဲတွင် မြန်မာ အရေးအား ဆွေးနွေးမည် ဖြစ်သည်ဟု အမေရိကန် အထက်တန်း အရာရှိကြီး တဦးက အတည်ပြု ပြောဆိုခဲ့ပြီး လည်း ဖြစ်သည်။

 

လက်ရှိတွင် မြန်မာ သည် ကျရှုံး နိုင်ငံ အဖြစ် သို့ ဦးတည်နေပြီ ဆိုသည်ကို ဒေသတွင်းရှိ လေ့လာသူ အားလုံးက အထိတ်တလန့်နှင့် တညီတညွတ်တည်း ယူဆ လာနေချိန်တွင် အမေရိကန် နှင့် တရုတ် တို့ ဆွေးနွေးမည် ဆိုသည်က အပြုသဘော ဆောင်သော အချက်ပြမှု ပင် ဖြစ်သည်။ တော်လှန်ရေး တပ်ပေါင်းစုများသည် ပြီးခဲ့သည့် လများ အတွင်း နယ်မြေ စိုးမိုးနိုင်မှု တွင် တုန်လှုပ် အံ့ဩစရာ ကောင်းလောက်အောင် အသာစီး ရလာသော်လည်း မည်သို့မည်ပုံ အုပ်ချုပ် သွားမည် ဆိုသည်နှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားသော လုပ်ငန်းစဉ်မျိုး ချမပြနိုင်ဆဲ ဖြစ်နေသည်။

 

နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံတွင်း တည်ငြိမ်မှု ရှိ‌ရေး ကို အားသန်လျက် ရှိသည် ဟု ယွန်ဆန် က ဆိုသည်။

 

မြန်မာ အရေး နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အကြား ပဋိပက္ခ ဖြစ်လာနိုင်မှု ကို ရှောင်ရှားနိုင်ရန် နှင့် လက်ရှိ ဆက်ဆံရေး ပို၍ ဆိုးမသွားစေရန် အနည်းဆုံး အတူတကွ လုပ်သွားနိုင်မည့် တစုံတရာ ကို ရှာနိုင်ရန် ကြိုးပမ်းသွားကြလိမ့်မည်ဟု အလေးအနက် ယုံကြည်ကြောင်း လည်း ပြောခဲ့သည်။

 

တရုတ်သည် မြန်မာ နှင့် နယ်စပ်ချင်း ကပ်နေ၍ အကြီးအကျယ် ဩဇာ လွှမ်းမိုး နိုင်စွမ်းရှိနေ ပြီး သံတမန်ရေးအရ လည်း အကာအကွယ် ပေးထားခဲ့သည်၊ တဖက်တွင် အမေရိကန်သည် နိုင်ငံ ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းချထားမှု ကို ရှုတ်ချ ပြစ်တင်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူ များ အား အကြောက်တရား ဖြစ်ပေါ်လာအောင် အကြမ်းဖက် နှိမ်နှင်းခဲ့မှု အတွက် စီးပွားရေးအရ ပိတ်ဆို့ အရေးယူ ထားသည်။

 

ထို့အတွက် မြန်မာ အရေး တွင် တရုတ် နှင့် အမေရိကန် အကြား ပေါင်းစည်းနိုင်ဖို့ထက် ကွာဟမှု က ပို၍ ကြီးထွားနေသော်လည်း နိုင်ငံ၏ လားရာသည် ရှေ့လျောက် အခြေအနေမကောင်းတော့၍ ပြောဆို ဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ အရေးတကြီး လိုအပ်လာသည်။

 

ဘလင်ကင် ဘီဂျင်းသို့ မထွက်ခွာမီ ပြီးခဲ့သည့် အပတ်အတွင်း အမေရိကန် အထက်တန်း အရာရှိကြီး တဦးမှ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာနိုင်ငံတွင် အကြမ်းဖက် မှု များ လျော့ချနိုင်ရေး ကြိုးပမ်း ရေး အတွက် နှစ်နိုင်ငံစလုံး စိတ်ဝင်စားမှု တွင် တူညီနေကြောင်း သတင်းထောက်များကို ရှင်းပြခဲ့သည်။ မြန်မာ နှင့် ပတ်သက်၍ မိမိတို့ သဘောထား မည်သို့ ရှိကြောင်း အရင်ချပြပြီး ထိုအထဲမှ တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်၍ ရမည့် အနေအထားကို ဆက်ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။

 

လက်ရှိတွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ နိုင်ငံများ နှင့် နယ်စပ်ခြင်း ထိတွေ့နေသော ဒေသများအား တော်လှန်‌ရေး တပ်ဖွဲ့ အသီးသီးက သိမ်းယူထားကြပြီး ဖြစ်သည်။ ယင်းနှင့် အတူ ဒေါ်လာ ဘီလီယံနှင့် ချီသော ကုန်သွယ်ရေး၊ ကယ်ဆယ်ထောက်ပံ့ရေး နှင့် လက်နက် သွင်းယူ နိုင်မည့် လမ်းကြောင်းများ ထိန်းချုပ်သွားနိုင်ခဲ့ပြီ ဖြစ်သည်။

 

အွန်လိုင်း ငွေလိမ်ဂိုဏ်းများသည်လည်း ၎င်းတို့ အတင်းအကျပ် ခေါ်ယူ ခိုင်းစေထားသည့် လူ တသိန်း နှင့် အမေရိကန် နှင့် ကမ္ဘာတဝှမ်း ရှိ လူများကို ပစ်မှတ်ထား လိမ်လည် နေကြပြီ ဖြစ်သည်။

 

အုပ်ချုပ်ရေး အတည်တကျ မရှိပဲ နိုင်ငံ ပြိုလဲသွားမည် ဆိုက လက်နက်ကိုင် အဖွဲ့အသီးသီး က နိုင်ငံ နေရာ အနှံအပြား ကို ဝင်ရောက် ထိန်းချုပ်သွားနိုင်မည့် အန္တရာယ် ရှိနေသည်ဟု နိုင်ငံခြား ဆက်ဆံရေး ကောင်စီ Council on Foreign Relations ၏ အကြီးတန်း သုတေသီ ဂျိုရှုဝါ ကာလန်ဇစ် က ပြောလာသည်။

 

လက်ရှိတွင် တော်လှန်ရေး တပ်များ အသာစီး ရလာနေမှု၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများ ပြိုလဲလိုက်လာနေမှု များကို ကြည့်၍ တရုတ်သည် ကသောင်းကနင်း ဖြစ်လာမည့် အခြေအနေများကို သေချာပေါက် စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု ဆိုသည်။ ထို့အတွက် ဘလင်ကင် သည် တရုတ်တို့ နှင့် ဆွေးနွေးရမည့် အကြောင်းအရာများ ဖြစ်သော ဖန်တန်နော မူးယစ်ဆေးရည်၊ ယူကရိန်း စစ်ပွဲ တွင် ရုရှားအား ထောက်ခံနေမှု လျော့ချရေး၊ တိုင်ဝမ် အရေးများထဲတွင် ဦးစားပေးမှု အသင့်အတင့် အနေအထား ဖြင့် ပြောဆို ဆွေးနွေး မည် ဆိုက အမေရိကန်-တရုတ် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့် အလန်း ထွက်ပေါ်လာနိုင်သည်ဟု လည်း မှတ်ချက်ချခဲ့သည်။ အရှေ့တောင်အာရှ နိုင်ငံ အချို့ကလည်း တော်လှန်ရေး ဖက်မှ အောင်ပွဲ ခံလိမ့်မည်ဟု တိုး၍ ယုံကြည်လာနေကြသည်ဟု ဆိုသည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါက အမေရိကန် နှင့် တရုတ် တို့ ယုံကြည်မှု တည်ဆောက် နိုင်ရန် အတွက် မြန်မာရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းများအား နှိမ်နှင်ရေး တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းပွင့်နေသည်ဟု ပြောသည်။

 

အမေရိကန် သည် ယခုအခါ တရုတ် အစား အွန်လိုင် ငွေလိမ်ဂိုဏ်းများ၏ အဓိက ပစ်မှတ် အဖြစ် ပြောင်းလဲလာနေပြီ ဖြစ်သည်။ တရုတ် နိုင်ငံသားများ လည်း အတင်းအကျပ် ဖမ်းဆီး နှိပ်စက်ကာ ခိုင်းစေခံနေကြရသည်။ အဆိုပါ ရာဇဝတ်ဂိုဏ်းများသည် နှစ်ဖက်ခွ၍ လုပ်ကိုင် နေကြသည်။

 

“နိုင်ငံ ယခုထက် ပို၍ မတည်မငြိမ် ဖြစ်လာနိုင်သည့် အခြေအနေတွင် စစ်တပ်သည် အားပျော့လာမှု နှင့် အတူ အကြမ်းဖက် မှုများ တိုး၍ ကျုးလွန်လာနေခြင်း နှင့် တရုတ် ၏ ပါဝင်ပတ်သက်မှု သည် သိသိသာသာ ပြောင်းလဲ လာနိုင်သည့် အတွက် အမေရိကန် အနေဖြင့် မြန်မာ အရေးကို ဆွေးနွေးရတော့မည် ဖြစ်သည်” ဟု ဂျေဆန် တာဝါ က ပြောကြောင်း ရေးသားထားသည်။

 

လက်ရှိ ဘီဂျင်း တွင် ရောက်နေသော အန်တိုနီ ဘလင်ကင် သည် ဝမ်ယီ အပါအဝင် တရုတ် ထိတ်တန်း ခေါင်းဆောင်များ နှင့် ၆ နာရီ နီးပါး မာရသွန် ဆွေးနွေးပွဲ များ ပြုလုပ်ခဲ့ပြီး တရုတ် သမ္မတ ရှီကျင့်ပင်မှ လက်ခံတွေ့ဆုံခဲ့ရာတွင် အမေရိကန် နှင့် ပြိုင်ဖက် သဘောမျိုး မဟုတ်ပဲ အကျိုးတူ ပါတနာ အဖြစ် လက်တွဲသွားရန် အဆင်သင့် ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!