အရပ်သား များကို ကာကွယ်ရန် အစ္စရေး နှင့် ဟာမားစ် တွင် မည်သို့သော တာဝန်မျိုး ရှိနေကြသနည်း

by Hla Soewai - May 06 2024

ယခုအခါ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များသည် ဂါဇာကမ်းမြှောင် တောင်ဖက်စွန်း ရှိ ရာဖာ မြို့အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ရာဖာ သည် ဟာမားစ် တို့ ၏ နောက်ဆုံး ခံတပ် ဖြစ်နေပြီး စစ်ပြေးရှောင်သူ ၁.၅ သန်း ခိုအောင်းနေရာ မြို့လည်း ဖြစ်သည်။

 

အစ္စရေး ထိုးစစ်ကြောင့် လူအများအပြား သေကြေ နိုင်မည့် အရေးကို စိုးရိမ်မကင်း ဖြစ်လာသော အမေရိကန် မှ လက်ရှောင်ရန် သတိ‌ပေးလာခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာသန်ယာအူး မှ ပယ်ချခဲ့ပြီး မြို့တွင်း ရှိ အရပ်သားများ အား အကာအကွယ် ပေးရန် စီမံထားပြီး ဖြစ်သည်ဟုလည်း ပြောလာခဲ့သည်။

 

အစ္စရေး အရာရှိတဦး ၏ အပြောအရ အရပ်သားများ အား ရွှေ့ပြောင်း နေရာချပေးရန် ရွက်ဖျင်တဲ ပေါင်း ၄၀,၀၀၀ ခန့် ဝယ်ယူ နေသည်ဟု သိရသည်။ အစ္စရေးဖက်မှ ဂါဇာ နှင့် ပတ်သက်၍ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပ‌ဒေ International Humanitarian Law (IHL) ကို အမြဲလို လေးစားလိုက်နာခဲ့သည်ဟု ခုခံ ပြောဆိုခဲ့သည်။

 

သိုဆိုက IHL တွင် အရပ်သားများ အတွက် မည်သည့် တာဝန်များ ရှိနေပေသနည်း။

 

အစ္စရေးက လက်မှတ်ရေးထိုးထားပြီး ဖြစ်သော ၁၉၄၉ ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပဋိညာဉ် စာချုပ်လေးခု အရ အစ္စရေး သည် လက်နက်ကိုင် အဖွဲ့ သို့မဟုတ် စစ်မက် ဖြစ်ပွားနေသော အဖွဲ့ ဆိုသော စကားရပ် နှင့် အကျုံးဝင်နေသည်။ ထို့အတွက် အရပ်သားများအား စစ်ရေး နည်းလမ်း တရပ် အဖြစ် အစာရေစာ ငတ်မွတ်အောင် ပြုလုပ်ခြင်း နှင့် အခြား ကိစ္စရပ်များ မပြုလုပ်မိအောင် တိတိကျကျ လိုက်နာရန် လိုအပ်လာသည်။

 

အစ္စရေး အား သိမ်းပိုက် ထားသူ Occupying Power ဟု သတ်မှတ်မည်ဆိုလျှင် ထိုထက် ကြီးလေးသော တာဝန် ဝတ္တရားများ ရှိလာတော့မည် ဖြစ်သည်။ အစ္စရေးဖက်မှ အဆိုပါ စကားရပ် အပေါ် အပြင်းအထန် ခုခံ ချေပ လျက် ရှိနေသည်။ သို့သော် နိုင်ငံတကာ က လက်တွေ့တွင် အစ္စရေး အား သိမ်းပိုက်ထားသူ ဖြစ်နေသည်ဟု လက်ခံထားကြသည်။

 

ဤသည်ကလည်း အစ္စရေး အနေဖြင့် ဂါဇာသို့ ဝင်ထွက်ခွင့် နှင့် သွင်းကုန်များကို အတော်များများ ထိန်းချုပ်နေခြင်း ကြောင့်လည်း ဖြစ်သည်။ အဆိုပါ ဒေသ ရှိ ပါလက်စတိုင်းများသည် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန တွင် မှတ်ပုံတင် စာရင်းသွင်းထားရသည်။

 

အစ္စရေးအား သိမ်းပိုက်ထားသူ အဖြစ် သတ်မှတ်လျင် စတုတ္ထ‌ မြောက် ဂျီနီဗာ ပဋိညာဉ် စာချုပ်၏ အပို‌ဒ် (၅၅) အရ "ဒေသခံများအား အစားအသောက် နှင့် ဆေးဝါးများ လိုလေသေး မရှိ ထောက်ပံ့နိုင်ရေး အာမခံရမည်" ဟု ပါရှိထားသည်။ ဒေသ တွင်း အရင်းအမြစ်များ နှင့် လုံလောက်မှု မရှိက အပြင်မှ တင်သွင်းရမည်ဟုလည်း ဆိုထားပြန်သည်။

 

ပုဒ်မ (၅၆) တွင်လည်း ဆေးရုံ၊ ဆေးဝါး နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် နိုင်ငံ တော် အဆင့်၊ ဒေသဆိုင်ရာ အဆင့်ရှိ အာဏာပိုင်များ နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဟု ဖေါ်ပြထားပြန်သည်။

 

လက်ရှိတွင်တော့ ဂါဇာတွင် အစာရေစာ ငတ်မွတ် ခေါင်းပါးမည့် အန္တရာယ်ကြီးသည် လက်တကမ်း အလို တွင် ရှိနေပြီး ဆေးရုံများသည်လည်း ဖွင့်ထားနိုင် သည် ဆိုယုံမျှ အဆင့်တွင်သာ ရှိနေသည်။ အစ္စရေး သည် ဂါဇာသို့ ဝင်‌လာ‌ သော ကယ်ဆယ်ရေး ယာဉ်တန်းများကို အမြဲလို ရပ်တန့်ခိုင်းပြီး ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှပေးခြင်းကိုလည်း နှောက်ယှက်နေသည်ဟု ကုလသမဂ္ဂ က ပြောလာခဲ့သည်။

 

ဂျီနီဗာ ကွန်ဗင်ရှင်း တွင် တာဝန် ဝတ္တရား များ အပြင် လက်ခံ နိုင်သည့် အကြောင်းခြင်းရာ များကိုလည်း ဖေါ်ပြထားသည်။ အခြေအနေ တခု တွင် စစ်ရေးအရ အရေးပေါ် လှုပ်ရှားရမည့် ကိစ္စမျိုးတွင် အရပ်သား များကို အကာအကွယ် ပေးရေး ထက် ဦးစားပေး ဆောင်ရွက် နိုင်သည်ဟု ပါရှိသည်။

 

ပုဒ်မ (၅၃) တွင် သိမ်းပိုက်ထားသူများ အနေဖြင့် ပုဂ္ဂလိက ပိုင် ပစ္စည်းများ ဖျက်ဆီးခြင်းအား တားမြစ်ထားသည်။ သို့သော်လည်း စစ်ရေး အတွက် တကယ်တမ်း လုံးဝ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာလျှင် ခွင့်ပြုသည်ဟု ပါရှိသည်။ ပုဒ်မ (၅၅) တွင် ပြင်ပ အဖွဲ့အစည်းများ ဖြစ်သော ကုလ နှင့် ကြက်ခြေနီ တို့သည် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရေးကို စောင့်ကြည့် နိုင်ခွင့် ရှိရမည်ဟု ဆိုသည်။ စစ်ရေးအရ မဖြစ်မနေ လုပ်ဖို့ လိုအပ်လာသည့် ကာလတွင်သာ ယာယီ ကန့်သတ်ထားနိုင်သည်။ 

 

ပုဒ်မ (၄၉) တွင် အရပ်သားများအား အတင်းအကျပ် ရွှေ့ပြောင်းပေးခြင်းကို တားမြစ်ထားသည်။ သို့သော် မဖြစ်မနေ လုပ်ရမည့် စစ်ဆင်ရေး ကြောင့် ထို‌ ဒေသ ရှိ လူများ လုံခြုံရေး အတွက် ရွှေ့ပြောင်းပေးရေး ကို တာဝန်ယူပေးရမည် ဟု ပြဋ္ဌာန်းပေးထားသည်။ (ကျူးဘား အာဏာရှင် အစိုးရသည် ကက်စထရို ၏ ပျောက်ကြားတပ်များ ခိုအောင်းမည် ထင်ရသော ဒေသများကို ဗုံးကြဲတိုက်ခိုက် နိုင်ရန် အရပ်သားများအား သုံးရက် ကြိုတင် သတိပေးပြီး ရွှေ့ပြောင်းခိုင်းခဲ့ဖူးသည်။ -စကားချပ်)

 

ထိုအပိုဒ်အရ ရာဖါ တွင် စစ်ဆင်ရေး ဆင်နွှဲမည့် အစ္စရေး အတွက် ယာယီရွှေ့ပြောင်းပေးယုံမက ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးရန်ပါ တာဝန် ရှိနေသည်။

 

လူသားချင်း စာနာ ထောက်ထားရမည့် ဥပဒေ IHL သည် အစ္စရေး သာမကပဲ ဟာမားစ် နှင့် ပါ သက်ဆိုင်နေခြင်း ရှိမရှိ ဆိုသည်က အငြင်းပွားဖွယ် ဖြစ်လာရသည်။ ရှေ့နေများက ဟာမားစ် အား "state" အဖြစ် သတ်မှတ်၍ မရသော်လည်း စစ်ပွဲဆင်နွှဲနေသည့် "warring party" ဟု သေချာပေါက် ပြော၍ ရသဖြင့် IHL နှင့် အကျုံးဝင်သည်ဟု ‌စောဒက တက်လာကြသည်။ 

 

ဟာမားစ်သည် အောက်တိုဘာ ၇ ရက်နေ့တွင် အစ္စရေး အား စတင်တိုက်ခိုက်ခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့ပြီး အစ္စရေး ထိုးစစ် အတွင်း ပါလက်စတိုင်း အရပ်သားများကို အကာအကွယ် ပေးရန် ပျက်ကွက်ခဲ့သည်။

 

ဂါဇာ တွင် ၎င်းတို့ အတွက် တူးထားသည့် စုစုပေါင်း ကီလိုမီတာ ၅၀၀ ရှည်သော မြေအောက်လှိုဏ်ခေါင်းများ အတွင်းသို့လည်း ဝင်ရောက်ခိုလှုံခွင့် မပြုခဲ့ကြပေ။ သီခြား ဗုံးဒဏ်မှ လွတ်ကင်းရာ အကာအကွယ်များလည်း တည်ဆောက်ပေးခဲ့ခြင်းလည်း မရှိ၊ ကုလ နှင့် အစ္စရေး တို့မှ ၎င်းတို့သည် အရပ်သားများအား လူသားဒိုင်း အဖြစ် အသုံးချနေကြသည်ဟု စွပ်စွဲ ခဲ့ကြသည်။

 

ဖမ်းဆီးရမိခဲ့သော ဟာမားစ် အဖွဲ့ဝင်များက ဆေးရုံ ဆေးခန်းများကို အစ္စရေး တို့ တိုက်ခိုက်ချင်စိတ် မရှိသည်ကို အခွင့်ကောင်းယူ၍ အသုံးချခဲ့ကြသည်ဟု စစ်ဆေးမေးမြန်းရာတွင် ထွက်ဆိုခဲ့ကြသည်။.စစ်ပွဲကာလ တလျောက်လုံးလည်း ဂါဇာနေ လူထု အရေးထက် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း သာ ‌ဦးစားပေး လုပ်ခဲ့ကြသူများ ဖြစ်သည်။

 

(၂၀၂၄ ဧပြီ ၂၄ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ "What are the obligations of Israel and Hamas to protect civilians?" အား ပြန်လည် တင်ပြသည်။)