နိုင်ငံ၏ အရှေ့ဖက် ခြမ်း တွင် စစ်ကောင်စီ၏ နိုင်ငံတော် အဆင့် စစ်ဆင်ရေး ဆိုသော “အောင်ဇေယျ” စစ်ကြောင်းသည် လမ်းလျှောက်လာသူပင် ယခုလောက်ဆို မြဝတီ သို့ ရောက်လာနိုင်သော်လည်း ယခုအချိန်အထိ အစအန ပင် မမြင်ရသေးပဲ ဖြစ်နေသည်။
အနောက်ဖက်ခြမ်း တွင် တော့ မြဝတီ ထက်ပင် ပို၍ အရေးပါသော တရုတ် ၏ ဆူပါ ပရိုဂျက်ကြီး များ ရှိရာ၊ မဟာဗျူဟာ အရ အရေးပါလှသည့် သံတွဲ အား ရက္ခိုင်တပ်တော် AA က ဝိုင်းပတ် ပိတ်ဆို့ထားပြီး ဖြစ်သည်။ နိုဝင်ဘာလမှ စ၍ ထိုးစစ် တဖန် ဆင်နွှဲလာခဲ့သော ရက္ခိုင်တပ်တော် သည် အောင်ပွဲများ အလီလီ ရရှိလာခဲ့သည်။ အဆိုပါ ဒေသတွင် စစ်ကောင်စီသည် ဘူမိနိုင်ငံရေး အရရော၊ စီးပွားရေး အရ ပါ မည်သို့မျှ ထိန်းချုပ် ထားနိုင်စွမ်း မရှိတော့ပေ။
AA သည် ထိုးစစ်ကို ထိထိရောက်ရောက် ဆင်နွှဲ နိုင်ခဲ့ပြီး စစ်ရေး တွင် အသာစီး အနေအထားကို ရယူနိုင်ခဲ့သည်ဟု လန်ဒန် ရှိ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု ၏ မြန်မာ ပဋိပက္ခကို အသေးစိတ် မှတ်တမ်းတင်နေသူ မော်ဂန် မိုက်ကယ်က ပြောသည်ဟု ဗွီအိုအေ မှ ရေးသားလာခဲ့သည်။ လက်ရှိ ချင်းပြည်နယ် ရှိ ပလက်ဝ နှင့် ရခိုင်ပြည်နယ်ရှိ မြို့ပေါင်း ၁၇ မြို့ အနက် ၈ မြို့ကို သိမ်းယူထားနိုင်ခဲ့ပြီး ဖြစ်သည်။ သိမ်းယူထားသော ဒေသများ တွင် စစ်ကောင်စီ တပ်စခန်း အကြွင်းအကျန် များ ရှိနေဆဲ ဖြစ်သော်လည်း အချင်းချင်း ချိတ်ဆက် နိုင်စွမ်း ကို ဖြတ်တောက်ပစ်နိုင်ခဲ့သည်။ အဆိုပါ စခန်းငယ်များသည် ထီးထီးကြီး ဖြစ်နေ၍ AA သည် လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သဖြင့် ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်း မြို့ကို ထိုးစစ်ဆင်နေပြီး မြို့တော် စစ်တွေ နှင့် ကျောက်ဖြူ ကို ဝိုင်းပတ် ပိတ်ဆို့ထားပြန်သည်။
AA ပြောခွင့်ရ ဦးခိုင်သုခမ အဆိုပါ မြို့နှစ်မြို့ အား သိမ်းယူနိုင်ရန် ပြင်ဆင်နေပြီဟု ကြာသပတေးနေ့က ဗွီအိုအေ အား ပြောခဲ့ကြောင်း သိရသည်။ “မိမိတို့ ရည်မှန်းချက်သည် ဘိုးဘွားပိုင် ရက္ခိုင် ဒေသတခုလုံး ကို ပြန်လည် ရရှိရန် ဖြစ်သည်” ဟု လည်း ဆိုသည်။
စစ်ကောင်စီသည် စစ်တွေ ကို လက်လွှတ်လိုက်ရမည် ဆိုက ပြည်နယ် အဆင့် မြို့တော် ကို တော်လှန်ရေး တပ်များက သိမ်းပိုက် နိုင်လိုက်ခြင်း ဖြစ်၍ အရှက်တကွဲ ဖြစ်သွားယုံမက အထိမ်းအမှတ် သင်္ကေတ အရလည်း လွန်စွာ ထိရောက်မှု ရှိသည်ဟု မြန်မာ ရှိ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အင်စတီကျု မှ သုံးသပ်ခဲ့သည်။ သို့သော် ကျောက်ဖြူ ကို ဆုံးရှုံးသွားမည်ဆိုက စစ်ကောင်စီ အဖို့ မဟာဗျူဟာ အရရော၊ စီးပွားရေး အရ ပါ အလဲထိုး ခံလိုက်ရခြင်း လည်း ဖြစ်သွားမည်ဟု ပြောခဲ့သည်။ ကျောက်ဖြူတွင် ဘင်္ဂလား ပင်လယ်အော် ကမ်းခြေပိုင်း တွင် ရှိပြီး စစ်တပ်၏ ရေဒါ စခန်းများ၊ ရေတပ် စခန်းကြီး များ ရှိရာ ဒေသလည်း ဖြစ်နေသည်။
မြန်မာ နိုင်ငံကို ဖြတ်၍ တရုတ်ပြည်သို့ သွယ်တန်းထားသော ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းများ တာထွက်ရာ လည်း ဖြစ်သည့်အပြင် ပင်လယ်ထွက်ပေါက် အတွက် ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေး ဇုံရှိရာလည်း ဖြစ်၍ တရုတ်အဖို့ ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြုပ်နှံထားရာလည်း ဖြစ်နေသည်။
စစ်ကောင်စီအတွက် လည်း အခွန် အကောက်များ ရရှိနေ၍ အဓိက ဝင်ငွေ ရရာ ရကြောင်း လည်း ဖြစ်သည်။ ကျောက်ဖြူ ကို ထိမ်းမထား နိုင်ခဲ့ပါက တရုတ်နှင့် လက်ရှိ သံတမန်ရေး၊ စီးပွားရေး ဆက်ဆံ နေမှု များ တွင် အကြီးအကျယ် ဂယက် ရိုက်ခတ်လာနိုင်၍ စစ်ကောင်စီ အဖို့ အဆုံးအရှုံး များ နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်ဟု မိုက်ကယ် က ဆိုသည်။
ကျောက်ဖြူသည် စစ်ကောင်စီရရှိနေသော နိုင်ငံခြား ဝင်ငွေများ၏ ငါးပုံတပုံ ခန့် ရှိနေ၍ မြဝတီ ထက် ပင် များစွာ ထိခိုက်သွားနိုင်သည်ဟု လေ့လာသူများက မှတ်ချက်ချခဲ့ကြသည်။
တရုတ်သည် စစ်ကောင်စီ အပြင် တိုင်းရင်းသား လက်နက်ကိုင်များကိုပါ လိုအပ်သည်များ ပံ့ပိုးပေးနေ၍ ယခုကိစ္စတွင်လည်း AA အား ပြောဆို ဆွေးနွေးလာနိုင်သည်။ သို့သော် ဦးခိုင်သုခက မိမိတို့၏ မူ သည် ဒေသတွင်း ရှိ ပြည်ပ ရင်းနှီး မြုပ်နှံမှုများကို အကာအကွယ် ပေးသွားရန် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင်တော့ ကျောက်ဖြူ အနီးတဝိုက် တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခြင်း မရှိသေးဟု ဗွီအိုအေ တွင် ရေးသားထားသည်။
မြန်မာ သည် တရုတ်၏ ဩဇာစက်ဝန်း အတွင်း အခိုင်အမာ ရှိနေ၍ အမေရိကန်သည် တရုတ်အား ဒုက္ခ ပေးလိုစိတ် ဖြင့် စစ်ကောင်စီ အား ဖယ်ရှားပစ်နိုင်ရေး တွင် ထိထိရောက်ရောက် အကူအညီ မပေးခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်၊ တရုတ်ဖက်ကလည်း အနောက်အုပ်စု လိုလားသော ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်လာမည့် အရေး ကြောင့် စစ်ကောင်စီ အား လက်လွှတ်ခံချင်ပုံ မရပဲ ကြိတ်၍ ဆေးမြီးတို နှင့် ကုစားနေခြင်း ပင် ဖြစ်သည်။
အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆန် တာဝါက ရေးသားရာ တွင် ကျောက်ဖြူ နှင့် ပတ်သက်၍ တရုတ် ပေါ်လစီ ရေးရာ အကြံပေးများက တရုတ် တပ်များ ချထားရန်ပင် လူသိရှင်ကြား တောင်းဆိုလာကြသည် ဟု ဆိုသည်။ တရုတ် အစိုးရ မီဒီယာ များမှလည်း မင်းအောင်လှိုင်သည် လက်ရှိ အခြေအနေကို ကိုင်တွယ်နိုင်စွမ်း မရှိခဲ့လျှင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် ပြင်ဆင်ထားသင့်ကြောင်း အရိပ်အမြွက် ပြောဆို ရေးသားလာခဲ့သည်။
အမေရိကန် အပါအဝင် နိုင်ငံအများအပြားက လက်ရှောင်နေမည် ဆိုက တရုတ်သည် ငြိမ်းချမ်းရေး အစား ၎င်းတို့ အကျိုးစီးပွား အတွက် ကိုယ်ထိ လက်ရောက် ပါဝင်လာနိုင်ရန် အခွင့်အရေး ပေးသလို ဖြစ်သွားမည်ဟု သတိပေး ရေးသားလာခဲ့သည်။
ထိုအနေအထား တွင် အဓိက ထိခိုက် နစ်နာဖွယ် ဖြစ်သွားမည် က အိန္ဒိယ ပင် ဖြစ်သည်၊ အိန္ဒိယ သည် ၎င်းတို့၏ အရှေ့ဖက် နယ်စပ်တွင် တရုတ် တပ်များ ရောက်လာမည်ဆိုက ၎င်းတို့၏ လုံခြုံရေး အတွက် အကြီးအကျယ် ခြိမ်းခြောက် ခံရတော့မည် ဖြစ်သည်။
လက်ရှိတွင် တရုတ်သည် မြန်မာ ပြည်တွင်း ရေရှည် ငြိမ်းချမ်းရေး ထက် ၎င်းတို့၏ လတ်တလော အကျိုးစီးပွား များ ပြန်လည် တည့်မတ်နိုင်ရေး အတွက် ပါဝင် ပတ်သက်နေသူများကို ခြိမ်းခြောက် အကျပ်ကိုင်သည့် နည်းမျိုး ဖြင့်သာ ဖြေရှင်းလာနေသည်ကို တွေ့ရသည်။ ထိုအထဲတွင် ပြည်ထဲရေး ဝန်ကြီး ရာပြည့်အား ဘီဂျင်းသို့ ဆင့်ခေါ်မှုအားလည်း သာမန် ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆ၍ မရနိုင်ပြန်ပေ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!