မြန်မာ တို့၏ တော်လှန်ရေး သည် ဗဟိုမှ တစုတစည်း တည်း ဦးစီးကွပ်ကဲနိုင်မှု မရှိခြင်း၊ ကျယ်ပြန်သော မဟာဗျူဟာ မချမှတ်နိုင်ခြင်း ဆိုသည့် အချက်များကို ထောက်ပြပြီး လေ့လာသူများက ရေရှည်သွားနိုင်ဖို့ မလွယ်၊ စစ်တပ်ကို နိုင်အောင် မတိုက်နိုင်လောက်၊ သို့ဖြစ်၍ ဆွေးနွေး ခြင်း ဖြင့်သာ အဆုံးသတ်သွားနိုင်သည်ဟု ငြင်းချက်ထုတ် ပြောဆိုကြစမြဲ ဖြစ်သည်။
သို့သော် မြန်မာ တို့၏ တော်လှန်ရေးသည် ၎င်းတို့ ထောက်ပြသော အချက်များ ပြည့်စုံနေရန် မလို၊ မည်သူ တဦးတယောက်၏ လှုံ့ဆော်မှု၊ ထိန်းချုပ်မှု မရှိပဲ အောက်ခြေမှ စ၍ လူထု အုံကြွမှု ဖြင့် အလိုအလျောက် ထွက်ပေါ်လာသော တော်လှန်ရေး ကြီး ဖြစ်သည်။ ယင်းနှင့်အတူ သည် လူသစ်များ ထွက်ပေါ်လာပြီး လူဟောင်းများကလည်း ရှေ့သို့ ရွေ့နိုင်ရန် အကူအညီ ပေးခဲ့ကြသည်။ လူထု ထောက်ခံမှု အပေါ် အခြေပြု၍ “စုပေါင်း ခေါင်းဆောင်မှု” ဆိုသည့် ကျင့်ဝတ် နီတိ ကို တော့ အမြဲလို ကျင့်ကြံ ထိန်းသိမ်း ခဲ့ကြပြီး ထိရောက်မှု ရှိနေသည်ကိုလည်း သက်သေပြနိုင်ခဲ့ပြီး ဖြစ်သည်ဟု မြန်မာ အရေး သုတေသီ တဦး ဖြစ်သူ မက်သယူး ဘီ အာနိုး မှ ဧရာဝတီ တွင် ယခုလို ရေးသားလာခဲ့သည်။
သက်သေပြနိုင်ခဲ့ခြင်း ဆိုသည်မှာလည်း တော်လှန်ရေးသည် ယခုအထိ အရှိန်အဟုန် ကောင်းကောင်း နှင့် သွားနေပြီး အထိုင် ကျနေပြီးသား စစ်တပ် အပေါ် သမိုင်း တွင်ကျန်ရစ်မည့် အောင်ပွဲများ အလီလီ ရခဲ့သည် ရခဲ့သည် ဆိုသည့် အချက်ပင် ဖြစ်သည်။
အကယ်၍ ၎င်းတို့ ပြောသလို အခိုင်အမာ ရှိထားပြီး ဖြစ်သော စစ်ရေး မဟာဗျူဟာ နှင့် ဗဟို ကွပ်ကဲမှု အောက်တွင် တစုတစည်း တည်း ရှိခဲ့မည် ဆိုလျှင်လည်း သုံးနှစ်ကြာ တော်လှန်ရေး အတွင်း လက်ရှိ အောင်မြင်မှု များ ပင် ရလာနိုင်မည်သာ ဖြစ်သည်။
စစ်ကောင်စီသည် တရုတ်၊ ထိုင်း တို့နှင့် နယ်ခြား ကုန်သွယ်ရေး ဂိတ်များ အပါအဝင် နယ်ခြား ဂိတ် အများအပြား လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။ ယင်းနှင့်အတူ စစ်ကောင်စီ တိုက်ခိုက်ရေး စွမ်းရည်သည်လည်း ကျဆင်းသွားခဲ့ရသည်။ တချိန်တည်း တွင် နိုင်ငံ အလယ်ပိုင်း တော်လှန်ရေးသည်လည်း အခိုင်အမာ စုစည်း လာနေ၍ စစ်ကောင်စီ အဖို့ ဘင်္ဂလား ပင်လယ်အော်မှသည် တရုတ် နယ်စပ် အထိ ဖြန့်ကျက် တိုက်ခိုက်နိုင်မှ ဖြစ်ပေတော့မည်။ အလယ်ပိုင်း တော်လှန်ရေးသည် နေပြည်တော် ၏ တံခါးဝ နှင့် မန္တလေး မြို့စွန် အထိ ရောက်ရှိလာနေသည်။ ထိုမှတဆင့် ရှမ်းပြည် တောင်ပိုင်း၊ ကရင်နီ ပြည်နယ် မှ သည် တနင်္သာရီ တောင်ဖက်စွန်း အထိ ကျယ်ပြန့်လာသည်။ စစ်တပ်၏ တိုက်လေယာဉ်များသည် လည်း မကြာခဏ ဆိုသလို ပစ်ချခံနေရသည်။
လမ်းပန်း ဆက်သွယ်ရေး အတွက် အဓိက အားထားရာ ဖြစ်သည့် ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီးသည်လည်း ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ ထိုင်းနယ်စပ်ရှိ အာရှ အဝေးပြေး လမ်းမကြီး ကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ တော်လှန်ရေး တပ်များသည် လည်း အချင်းချင်း စစ်ရေး အရ ဆက်သွယ် ညှိနှိုင်းမှုများ ယခင်ကထက် ပို၍ ရှိလာနေပြီး နိုင်ငံရေး ရည်မှန်းချက် များ တူညီမှု များအားလည်း ပို၍ ရှင်းလင်း ပြတ်သားစွာ တွေ့မြင်လာရသည်။
မြန်မာ တော်လှန်ရေး သည် အော်ဂင်းနစ် လောဂျစ် ဖြင့် ပဲ့ကိုင် ရွေ့လျား လာခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အပေါ် မှ ချပေးသော ဆုံးဖြတ်ချက် မျိုး ဖြင့် ထွက်ပေါ်လာခြင်း မျိုး မဟုတ်ပဲ ဖိနှိပ်အုပ်ချုပ်ခံ ဘဝမှ ရုန်းကန် တိုးထွက်နိုင်မှ ဖြစ်မည် ဆိုသော အောက်ခြေလူထု၏ နိုင်ငံရေး လှုပ်ရှားမှုများ မှ ဆက်စပ် ပေါက်ဖွားလာခြင်း ဟု အဓိပ္ပါယ် သဘော သက်ရောက်၍ စစ်ကောင်စီ အပေါ် ပြတ်ပြတ်သားသား အောင်ပွဲခံဖို့ အရေး တွင် တလုံးတစည်း တည်း ဆက်စပ် ပါဝင်လာကြခြင်း ကို ဆို လိုသည်။ အဆိုပါ သဘောတရားသည် ယခုမှ မဟုတ် ဆယ်စုနှစ်ပေါင်း များစွာ တိုင်းရင်းသား တို့၏ ဆန့်ကျင် တွန်းလှန်မှု များ မှတဆင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်း အာဏာသိမ်းခဲ့မှု ကြောင့် မျိုးဆက် အသီးသီး၊ တိုင်းရင်းသား များ အောက်ခြေမှစ၍ ရုန်းကန် တွန်းထိုးမှု ကြီး အဖြစ် မီးထိုးပေးလိုက် ခြင်းပင် ဖြစ်သည်။ အားလုံးသည်လည်း စစ်အာဏာရှင် စနစ်မှ လွတ်မြောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေး ဆိုသည့် စိတ်ဆန္ဒများ တဖွားဖွား ပေါ်ပေါက်လာခဲ့ကြသည်။
အော်ဂင်နစ် လောဂျစ် ကို အချက် နှစ်ရပ်က အဓိက ပံ့ပိုးပေးလာခဲ့သည်။ ပထမ အကြောင်းခြင်းရာသည် လူထု တရပ်လုံး ၏ အားပေး ထောက်ခံမှု ရရှိလာခြင်း၊ ဒုတိယ အကြောင်းခြင်းရာ အဖြစ် စစ်တပ် သည် ဆက်တိုက်ဆိုသလို အင်အား ချိနဲ့လာခြင်းကြောင့် တော်လှန်ရေးသည် အရှိန်အဟုန် ကောင်းလာခဲ့ရခြင်း ဆိုသည်ပင် ဖြစ်သည်။ အဆိုပါ အကြောင်းခြင်းရာ နှစ်ရပ်ဆက်စပ် ရွေ့လျားလာခြင်း ကပင် မြန်မာ တော်လှန်ရေး၏ အခြေခံ အုတ်မြစ်ကြီး ဖြစ်လာခဲ့သည်။
စစ်တပ်သည် ဆက်တိုက်ဆိုသလို အရှုံးများ ရင်ဆိုင်လာရပြီး အကျအဆုံးများစွာ ဖြင့် နဲနဲနှင့် ကျဲကျဲ ဝိုင်းလာရသည့် အဖြစ်သို့ ရောက်လာခဲ့ရသည်။ နောက်ပိုင်း ထွက်ပေါ်လာသော အဖြစ်အပျက်များသည် စစ်ကောင်စီ ၏ အနေအထားကို ကြည့်၍ လှုံ့ဆော် တွန်းအားပေးလာခဲ့ခြင်း ဟု ဆိုရမည် ဖြစ်သည်၊ ရှမ်းမြောက် အပြီး ရခိုင်၊ ကချင် နှင့် မြဝတီ တွင် ဖြစ်ပျက်ခဲ့မှုများသည် တကယ်တမ်းတွင် အံ့ဩစရာ မဟုတ်ပေ။ သို့သော် ဆူနာမီ ကဲ့သို့ စစ်ကောင်စီသည် ရုတ်ခြည်း ပြိုလဲသွားမည်တော့ မဟုတ်ပေ။ တော်လှန်ရေး တပ်ဖွဲ့များ အကြား ယုံကြည်မှု တည်ဆောက်ရန် လိုနေသည်။ ထိုသို့ ရုတ်ခြည်း ပြိုလဲသွားနိုင်ရန် လောလောဆယ် ဖြစ်နေသည့် ပကတိ အနေအထား ကို ဖြေရှင်း နိုင်မှ ဖြစ်မည်၊ ယင်းသည် တော်လှန်ရေး တပ်များ အတွင်း စွမ်းဆောင်နိုင်ရည် နှင့် ပတ်သက်ပြီး လက်နက်ခဲယမ်း ကအစ လိုအပ်ချက်များ ရှိနေခြင်းကပင် တော်လှန်ရေး ၏ ရွေ့လျား နိုင်မှု နှုန်းကို ထိခိုက်နေသည်။
၁၀၂၇ စစ်ဆင်ရေးသည် တော်လှန်ရေး တွင် ပေါ်ထွက်လာသည့် ပထမဆုံး လှိုင်းလုံး ကြီးတော့ မဟုတ်၊ ထို စစ်ဆင်ရေးသည်လည်း ယခင့် ယခင် လှိုင်းလုံး များ မှတဆင့် ဆင့်ပွား ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၂၀၂၂ ပွင့်လင်း ရာသီ အဆုံး တွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း နှင့် မကွေးတိုင်း မြောက်ခြမ်း တို့တွင် တော်လှန်ရေးသည် အခိုင်အမာ အခြေတည်နေခဲ့ခြင်းသည် ပထမလှိုင်းပင် ဖြစ်သည်။ စစ်ကောင်စီသည် ချေမှုန်း နိုင်စွမ်း မရှိသည်ကို တွေ့လာရပြီး ရှိသမျှ အင်အား နှင့် အရင်းအမြစ်များ ပြုန်းတီး လိုက်လာနေသည်။
ဒုတိယ လှိုင်း သည်ကား ၂၀၂၂ အတွင်း ကရင်နီ နှင့် ချင်း တော်လှန်ရေး အဖွဲ့များ၏ အောင်မြင်ခဲ့မှု များ ပင် ဖြစ်သည်၊ အဆိုပါ အောင်မြင်မှု များ ကြောင့် စစ်ကောင်စီ တပ်များသည် မြို့များ အတွင်း တွင်သာ ခိုအောင်းနေရသည့် အဖြစ် ရောက်သွားခဲ့သည်။
တတိယ လှိုင်းသည်ကား ကေအင်ယူ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် ၂၀၂၃ နှစ်ဦး ပိုင်းလောက်က စ၍ စစ်တောင်းမြစ်ဝှမ်း တလျောက် ထိုးစစ် ဆင်လာနိုင်ခြင်းပင် ဖြစ်သည်။ ကေအင်ယူ သည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း လက်လွှတ်ခဲ့ရသော စခန်းများကို ပြန်လည် သိမ်းယူ နိုင်ခဲ့သည်။ ချင်း၊ ကရင်နီ နှင့် ကော်သူးလေး ဒေသ များ တွင် စစ်ကောင်စီ ၏ လွတ်လပ်စွာ လှုပ်ရှားနိုင်မှု အရှိန်အဟုန် ကျဆင်းသွားခဲ့ပြီး ကျေးလက်ဒေသများကို ထိန်းချုပ်ထားနိုင်စွမ်း မရှိသလောက် ဖြစ်သွားခဲ့ရသည်။
နိုင်ငံ၏ သမိုင်းကြောင်းသည် ဆက်စပ်စဉ်းစားစရာ များ ရှိနေသည် ဆိုသည်ကို ထောက်ရှုမည် ဆိုက လက်ရှိ လောဂျစ်ဖြင့် ထူးထူးခြားခြား အောင်မြင်မှု များ ရရှိခဲ့သော်လည်း အားလုံး ဆန္ဒရှိနေသလို ရှင်းလင်း ပြတ်သားစွာ ထွက်ပေါ်လာခဲ့ခြင်း တော့ မရှိသေးပေ။ စစ်ကောင်စီ တပ်များ ဆက်တိုက်ဆိုသလို အရှုံးများ နှင့် ရင်ဆိုင်လာနေရခြင်းသည် လူထု မှ တော်လှန်ရေး အား အားပေး ထောက်ခံ နေမှု နှင့် အတူ ၎င်းတို့အား အနိုင်တိုက် နိုင်သည် ဆိုသည်က ပို၍ပင် ရှင်းလင်းပြတ်သားလာခဲ့သည်။ စစ်ပွဲ၏ လားရာသည် အာဏာသိမ်း အဖွဲ့ အား အပြီးအပိုင် ချေမှုန်းမည့် အဆင့် အထိ ဦးတည်လာနေပြီ ဖြစ်သည်။ လားရာဆိုသည်က ဦးတည်ရာ လမ်းကြောင်း နှင့် စစ်မြေပြင် တွင် အရှိန်ရလာနေခြင်း မျိုး ဖြစ်၍ အချိန်မရွေး ရပ်တန့်သွားနိုင်ပြန်သည်။
လက်ရှိတော်လှန်ရေးသည် ပြည်တွင်း ပြည်ပ မှ ခြိမ်းခြောက် အန္တရာယ် ပြုခြင်း ခံနေရသည်၊ သို့ဖြစ်၍ အပြန်အလှန် ဆက်သွယ် မှီခိုမှု ဆိုသည့် လက်ရှိ အောဂင်နစ် လောဂျစ် မှ ယခုထက် ပို၍ တရားဝင် ခိုင်ခိုင်လုံလုံ ရှိမည့် ဆက်သွယ် မှု များ နှင့် တည် ဆောက် ပုံ စနစ်ကို အသွင်ပြောင်း နိုင်မှ ဖြစ်မည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!