ကချင် လွတ်လပ်ရေး တပ်တော်သည် မြစ်ကြီးနား တောင်ဖက် မိုင် ၆၀ အကွာ၊ ဧရာဝတီ မြစ်ကမ်း ဘေး ရှိ ဆင်ဘို မြို့အား တနင်္လာနေ့တွင် အပြီးအပိုင် သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သည်။ စစ်ကောင်စီ လေတပ်မှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသည့် ကြားမှ ခက်ခက်ခဲခဲ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ လေကြောင်း ပစ်ကူများသည် မည်သို့မျှ အခြေအနေများကို ပြောင်းလဲ နိုင်စွမ်း မရှိ ကြောင်း သက်သေပြနိုင်ခဲ့ပြန်သည်။
အလားတူပင် သံတွဲ မြို့ မြောက်ဖက် သာဌေး ရေအားလျပ်စစ်စက်ရုံ အနီး ရက္ခိုင် တပ်တော် နှင့် ပြင်းထန်စွာ တိုက်ပွဲ များ ဖြစ်ပွားနေပြီး ငပလီ အခြေစိုက် တပ်မ ၅၅ မှ ဒုတပ်ရင်းမှုး သေဆုံးသွားခဲ့သည်၊ ထိုတိုက်ပွဲများ အား စစ်ကောင်စီ ဖက်မှ ကြည်းရေလေ ပူးပေါင်း ခုခံ နေသော်လည်း အသာစီး မရ ဖြစ်နေသည်ဟု တွေ့ရသည်။
ထိုသို့ စစ်ကောင်စီ အရေးနိမ့် လာနေသည်ကို မြင်သိလာရ၍ တော်လှန်ရေး တပ်များသည် ၎င်းတို့ အနိုင်ရခဲ့လျှင် မည်သို့မည်ပုံ စီမံသွားရမည် ဆိုသည် အပေါ် တွေးတောလာနေကြပြီ ဖြစ်သည် ဟု အီကောနော်မစ် က ဆိုသည်။
ထိုကဲ့သို့သော အခြေအနေများ ကြောင့် လက်ရှိ တော်လှန်ရေး အတွင်း အမေရိကန်၏ ပံ့ပိုးမှု များ နှောင့်နှေးနေရသည်ကို သုံးသပ်ဖို့ အချိန် ရောက်ပြီဟု ဝါရှင်တန် ရှိ မြန်မာ မူဝါဒ ရေးရာ အင်စတီကျု မှ မိုက်ကယ် ဟက်ခ် က နစ်ကီ အေးရှား ရီဗြူးတွင် ယခုလို ရေးသားလာခဲ့သည်။
လက်ရှိတော်လှန်ရေးသည် ဒီမိုကရေစီ ထက် အမျိုးသားရေး ကို အားသန်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပို၍ အင်အားကောင်းလာစေသည်ကို တွေ့နေရသည်။ ထိုအနေအထား ကြောင့် အမေရိကန်သည် အကူအညီများ ပေးရန် မူများ သတ်မှတ်ခါနီး ဆဲဆဲ တွင် ဒီမိုကရေစီ ထက် နိုင်ငံ အား ပို၍ ကွဲပြားသွားအောင် အားပေးသလို ဖြစ်သွားနိုင် သဖြင့် ဝါရှင်တန် အတွက် မည်သို့ မည်ပုံ ကိုင်တွယ်သွားရမည် ဆိုသည့် အပေါ် အဓိက ပြဿနာ ဖြစ်လာရသည်။
အမေရိကန်သည် လက်ရှိတွင် စစ်ကောင်စီ ပြိုလဲသွားတော့မည်ဟု ကံသေကံမ ယူဆ၍ မရ ဖြစ်နေသဖြင့် ဆီရီးယား တွင် ကြုံတွေ့ခဲ့ရသည်များကို တွေး၍ လက်တွန့်နေသည်ဟု ဆောင်းပါးရှင်က ဆိုသည်။ မြန်မာ တွင်လည်း ၎င်းတို့ ရည်ရွယ်သလို ရလဒ်များ ထွက်ပေါ်မလာမည်ကို စိုးရိမ်နေသည်။
ပြီးခဲ့သည့် လ အတွင်း အမေရိကန် ကွန်ဂရက်မှ ရံပုံငွေ အဖြစ် ဒေါ်လာ ၁,၂ တြီလီယံ လျာထားပေးခဲ့ရာတွင် မြန်မာသည် ဒေါ်လာ ၁၆၇ သန်း ရရှိမည် ဖြစ်ပြီး နဂို ရည်မှန်းသည်ထက် ၂၃ ရာနှုန်း မြင့်တက်လာခဲ့သည်။ ထိုအထဲမှ ၇၅ သန်းသည် နယ်ခြား ဖြတ်ကျော် ကယ်ဆယ် ထောက်ပံ့ ပေးရေး အတွက် ဖြစ်ပြီး ၂၅ သန်းသည် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအား လူအသက် မထိခိုက် နိုင်သော အကူအညီများ ပေးရန် တို့ ပါဝင်သည်။
အမေရိကန် ၏ အကူအညီ ပေးလာမှုဖြင့် ထဲထဲဝင်ဝင် ပို၍ ပတ်သက်လာမည် ဆိုက လက်ရှိ ပဋိပက္ခကို ပို၍ ပြင်းထန် လာစေလိမ့်မည်ဟု အိမ်နီးချင်း နိုင်ငံများက စိုးရိမ်မကင်း ဖြစ်လာကြသည်။ တရုတ်၊ အိန္ဒိယ နှင့် ထိုင်း တို့မှ ထိုသို့ အမေရိကန် ပတ်သက်လာမည့် အရေးကို မလိုလားကြပေ။
အမေရိကန်၏ အကူအညီသည် ဝါဒရေးရာ သဘောတရားအရ ပြည်ပ တွင် ဒီမိုကရေစီ တိုးတက် ဖြစ်ထွန်းရေး အား ပံ့ပိုးသွားရန် ဖြစ်သော်လည်း ယခု အခါ ပို၍ ရှုပ်ထွေး လာနိုင်သည့် အတွက် ဝါရှင်တန်ရှိ ဗျူရိုကရက်များ ခေါင်းခဲစရာ ဖြစ်လာရသည်။
နိုင်ငံ အတွင်း ရှိ အင်အား တောင့်တင်းသော လက်နက်ကိုင် အဖွဲ့များသည်လည်း ကာလကြာမြင့်စွာကတည်းက အမြစ်တွယ်ခဲ့သည့် လူမျိုးရေး ကို အကြောင်းပြုပြီး နိုင်ငံအား ဖဲ့ယူနိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားခဲ့ကြသူများ ဖြစ်သည်။
လမ်းပေါ် ဆန္ဒပြပွဲများ မှ တဆင့် ပေါက်ဖွားလာသော မြို့ပြလူငယ် အများစုနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်များသည် လည်း စစ်ရေး အတွေ့အကြုံ၊ လက်နက် အပြည့်အစုံ မရှိ ဘဲ စခဲ့ရ၍ တိုင်းရင်းသား လက်နက်ကိုင်များ၏ အကူအညီ ဖြင့် တိုက်ခိုက်နေရသည်။
စစ်ကိုင်း တိုင်း ၏ အနောက်မြောက်ဖက် ပိုင်းအား ယခုအခါ ကချင်လွတ်လပ်ရေး တပ်တော်၊ ချင်း အမျိုးသား ကာကွယ်ရေး တပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက် ကျောင်းသားတပ်ဦး အဖွဲ့များ က ဆိုင်ရာ ဆိုင်ရာ ထိန်းချုပ်ထားကြပြီး ဖြစ်သည်။
ပြီးခဲ့သည့် လ အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြံပေး ဒဲရက် ရှိုလက်သည် ၎င်း၏ လူမှု ကွန်ယက် X မှ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း တော်လှန်ရေး ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ပြီး “နိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်ထွန်းရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေမှုများ” ကို ချီးကြူး ဂုဏ်ပြုကြောင်း မကြုံစဖူး လူသိရှင်ကြား ထုတ်ဖေါ် ရေးသားခဲ့သည်။
ဝါရှင်တန် သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား မြန်မာ၏ အသစ် ထွက်ပေါ်လာသော သူရဲကောင်း များ အဖြစ် သိန္ဓိ တင်ပေးချင်နေပုံရသည်။ သို့သော် ၎င်းတို့၏ သွေးစွန်းလာနေပြီး ဖြစ်သော အမျိုးသားရေး ခံယူချက်များသည် အမေရိကန် တန်ဖိုးထားသော စံတန်ဖိုး များ နှင့် ကွဲပြားနေသည်။ မြန်မာ သည် လူမျိုးရေး အရ ပိုင်းခြား ခံရမည့် အဖြစ်သို့ ဦးတည်နေသည်။
ဒီမိုကရေစီ လိုလားသော အမျိုးသား ညီညွတ်ရေး အစိုးရသည် သံတမန် ရေး နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး အတွက် လှုပ်ရှားနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အင်အား အပေါ် အများစု မှီခိုနေရသည်။ မည်သို့သော ငြိမ်းချမ်းရေး ဖြေရှင်းချက် မျိုး မဆို အဆိုပါ အဖွဲ့များ အတွက် ၎င်းတို့ နယ်မြေများ တွင် လူမျိုးစု အုပ်ချုပ်ရေး ကို မဖြစ်မနေ ထူထောင် ပေးရမည် ဆိုသည့် အချက် ပါဝင်လာတော့မည် ဖြစ်သည်။
အမေရိကန် အဖို့က လက်ရှိ တော်လှန်ရေး အဖွဲ့များကို အားဖြည့်ပေးလိုက်မည်ဆိုက အမေရိကန် အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်မလာသည့် အပြင် တရုတ်တို့ ပို၍ ပတ်သက်လာအောင် ဖန်တီးပေးသလို ဖြစ်သွားပေလိမ့်မည်။
အရှေ့တောင် အာရှ နိုင်ငံ အများစု သည် အမေရိကန်-တရုတ် ပဋိပက္ခ ကြားမှ အမြတ်ထွက်နေသော်လည်း မြန်မာ အဖို့ ထွက်ပေါ်လာမည့် ရလဒ်သည် အကြမ်းဖက်မှု များနှင့် ရေရှည် စစ်ပွဲများဆီသို့ ဦးတည်သွားပေလိမ့်မည်။ အချို့က ထိုသို့ တိုင်းရင်းသား များ အုပ်ချုပ်ခွင့်ရရေးသည် တည်တံ့ ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရလာမည် ဖြစ်သည်ဟု ပြောလာသော်လည်း ချင်း ပြည်နယ် အတွင်း ဒေသ အုပ်ချုပ်ရေး အဖွဲ့များ အချင်းချင်း အားပြိုင်လာမှု၊ (လက်ရှိ ကွတ်ခိုင် တွင် TNLA နှင့် MNDAA အကြား တင်းမာလာမှု - စကားချပ်) များသည် နောက်ထပ် ပြဿနာ များ ထပ်၍ ပေါ်လာနိုင်သည်ကို ညွှန်ပြနေပေသည်။
မြန်မာ ပဋိပက္ခသည် လိုသလို ဆွဲယူပြီး အလွယ်တကူ နှင့် အလျင်အမြန် ဖြေရှင်း၍ ရမည် မဟုတ်သဖြင့် အမေရိကန် အနေဖြင့် ၎င်းတို့ လိုလားသည့် ရလဒ်များ ထွက်ပေါ် နိုင်မည် မဟုတ်၍ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးနိုင်ရေးကိုသာ အာရုံစိုက်သင့်သည်ဟု ဆောင်းပါးရှင်က နိဂုံးချုပ် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်မှု သည် မိမိတို့ အပေါ် ဓါးမိုး အုပ်ချုပ်သွားရန် ကြံနေသည့် စစ်အာဏာရှင် စနစ် အပြီးအပိုင် အမြစ်ပြတ်စေရေး အတွက် တူမီး သေနတ်ကို ကိုင်စွဲကာ စတင် ခဲ့ခြင်း ဖြစ်သည်၊ အမေရိကန် တို့ နောက်ပိုင်း ကူလာလိမ့်မည်ဟု မျှော်လင့်ချက်မျိုး ဖြင့် မဟုတ်၍ ၎င်းတို့ ကူညီလျှင် အမြတ်၊ မကူညီလည်း ယခု အတိုင်းအတာ အထိ အောင်ပွဲ ရနေပြီး ပန်းတိုင်ပင် ရောက်လုနီးနေပြီ ဖြစ်သည်။
ကေအင်ယူ သည် မြဝတီ တွင် တာထွက် ကောင်းခဲ့သော်လည်း နောက်ပိုင်း ဖြစ်ပေါ်လာသော အခြေအနေများ ကြောင့် နိုင်ငံတကာ၏ ယုံကြည်မှု လျော့ပါးသွားခဲ့ရသည်။
ဤဆောင်းပါးသည် အမေရိကန်၏ Burma Act အဘယ်ကြောင့် နှောင့်နှေးနေရသနည်း ဆိုသည့် အမေးအား အတိုင်းအတာ တခုထိ အဖြေထုတ် ပေးနိုင်လိမ့်မည် ဟု မျှော်လင့်မိပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!