အာဏာသိမ်းပြီး နှစ်လ အကြာ ၂၀၂၁ မတ်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း အလယ်ပိုင်း ရှိ ကလေး မြို့ တာဟန်း ကန့်ကွက်ဆန္ဒပြပွဲ တွင် ဆန္ဒပြသူများက ၎င်းတို့၏ အသက် အန္တရာယ်ကို ကာကွယ်ရန် တူမီး သေနတ် ကို ကိုင်စွဲ၍ စတင် ပစ်ခတ်လိုက်ခြင်း ဖြင့် မြန်မာ တို့၏ တော်လှန်ရေးသည် စတင်လာခဲ့ရပေသည်။
နောက်ပိုင်း သုံးနှစ် အကြာ တွင် တော်လှန်ရေးသည် အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်လာခဲ့ပေတော့သည်။ စစ်တပ်သည် နိုင်ငံ အနှံ့ ခုခံ တွန်းလှန်မှု များ နှင့် ရင်ဆိုင်နေရပြီး သမိုင်းတွင် မကြုံဖူးအောင် နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ကြရပြီ ဖြစ်သည်။ တော်လှန်ရေး တပ်များသည် အချင်းချင်း ပို၍ ညှိညှိနှိုင်းနှိုင်း လုပ်လာကြပြီး လက်နက်အင်အား လည်း ပြည့်စုံ ကောင်းမွန်လာနေ၍ စစ်တပ်အတွက် နောက်ကြောင်း ပြန်လှည့်၍ မရတော့ပဲ ဘေးကျပ်နံကျပ် နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
Armed Conflict Locations & Event Data Project (ACLED) ၏ စောင့်ကြည့် လေ့လာချက် အစီရင်ခံစာတွင် ကမ္ဘာတဝှမ်း ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံ ၅၀ အနက် မြန်မာ သည် အကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေသည့် နိုင်ငံ ဖြစ်နေသည်။ သို့သော်လည်း နိုင်ငံတကာ၏ ဂရုပြုမှု ကို မဆိုသလောက်သာ ရရှိခဲ့သည်။ နိုင်ငံသည် မည်သို့မျှ ပြန်လည် ရင်ကြားစေ့၍ မရအောင် ကွဲပြဲနေပြီး စစ်ကောင်စီသည် သာ အဆုံးတွင် အနိုင်ရလိမ့်မည်ဟု ယုံကြည်စိတ် ဖြင့် ဆက်ဆံထားမှ ဖြစ်မည်ဟု ယူဆထားခဲ့သည်။
ယခုအခါတွင်တော့ ၎င်းတို့ ထင်မြင်ချက်များသည် တက်တက်စင် လွဲမှား နေပြီ ဆိုသည်ကို ရှင်းလင်းစွာ ပြဆို နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုသို့ ယူဆထားသူများ အတွက် သိထားသင့်သည့် အချက် ၉ ချက် ရှိနေသည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု United States Institute of Peace (USIP) မှ ချပြလာခဲ့သည်။
#၁။ တော်လှန်ရေးသည် နိုင်ငံတကာ မျှော်လင့်ထားသည်ထက် အတိုင်းထက် အလွန် အောင်မြင်လာခဲ့သည်၊ သို့သော် ထိုသို့ ဖြစ်လာမည်ကို တော်လှန်ရေး တပ်ဖွဲ့ များက သိမြင်ထားပြီး ဖြစ်နေခြင်း။
နိုင်ငံတကာ မှ အပြုသဘော ရှုမြင်ထားမှု မရှိသော်လည်း လူထု၏ စိတ်အား ထက်သန်မှု၊ အချင်းချင်း အပြန်အလှန် အားပေး ထောက်ခံမှု နှင့် စစ်ကောင်စီ အား အလျော့မပေးလိုသော စိတ်ဓါတ်များ ရှိနေ၍ တော်လှန်ရေးသည် အောင်မြင်ရလိမ့်မည်ဟု လက်နက်ကိုင် တွန်းလှန်နေသူများက ယုံကြည်ထားကြပြီး ဖြစ်သည်။
#၂။ ဖြစ်ရပ်တခုချင်းစီထက် ဦးတည်ရာ သည် ပို၍ အရေးပါလာခြင်း
မြို့နယ်ပေါင်း ၃၃၀ အနက် ၂၃၃ မြို့တွင် တော်လှန်ရေး ဖြစ်ပွားလာနေရာမှ ယခုအခါ မြို့ပေါင်း ၄၅ မြို့ကို သိမ်းယူ နိုင်ခဲ့ပြီး ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်ခဲ့ရခြင်းသည်လည်း ကာလကြာမြင့်စွာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ စစ်ကောင်စီ ဖက်မှ အားနည်း ယုတ်လျော့လာခြင်း နှင့် လူထု က စဉ်ဆက် မပြတ် ထောက်ခံမှု ရနေမှု အစရှိသည့် တို့ ပေါင်းစပ် ဦးတည်လာနေမှု၏ ရလဒ် ကြောင့် ဖြစ်သည်။ ပြည်ပမှ မူဝါဒ ရေးဆွဲ ချမှတ်သူများက ထိုသို့ သော လားရာ ကို သေချာစေ့ငုစွာ လေ့လာသုံးသပ်ခြင်း မရှိပဲ ယခင် ကလည်း စစ်တပ်သည် ထိုသို့ နေရာစုံမှ ပုန်ကန်မှု များကို အနိုင်ရခဲ့ပြီး ဖြစ်သည်ဟု တထစ်ချ မှတ်ယူခဲ့ကြသည်။
#၃။ မြန်မာ စစ်တပ်သည် ယခင်က ယုံကြည်ထားသည်ထက် သိသိသာသာ အားပျော့နေပြီး တပ်အင်အားသည်လည်း အရေးပါလာသည်။
စစ်တပ်အင်အားသည် တိုက်ပွဲဝင် အသင့်အနေအထား ရှိသူ နှင့် မရှိသူ ပေါင်းလျှင် ၁၃၀,၀၀၀ ခန့်၊ ရဲ နှင့် ပြည်သူ့စစ် အင်အား ၇၀,၀၀၀ သာ သာ ကျန်တော့သည့် အနေအထား ရှိလာသည်။ မကြာမီက လူငယ်များ အား အတင်းအကျပ် စစ်မှု ထမ်း ခိုင်းနေသော်လည်း အင်အား မလုံလောက်မှု များကြောင့် နယ်မြေများကို ဆက်၍ ထိန်းသိမ်း ထားနိုင်စွမ်း နှင့် ပြန်၍ သိမ်းယူ နိုင်စွမ်း မရှိတော့၍ ကြီးမားသော စိန်ခေါ်မှုများ နှင့် ရင်ဆိုင်လာရသည်။
တဖက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ဒေသ ကာကွယ်ရေး တပ်ဖွဲ့ များ၏ စုစုပေါင်း အင်အားသည် ၈၅,၀၀၀ အထိ ရှိလာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ စုစုပေါင်း အင်အားသည်လည်း ၁၂၀,၀၀၀ ခန့် ရှိလာနေသည်။ စစ်တပ်သည် လေကြောင်း နှင့် လက်နက်ကြီး ဖက်တွင် အားသာနေသော်လည်း တော်လှန်ရေး တပ်များ၏ စိတ်ဓါတ်အင်အား၊ လူထု ထောက်ခံမှု နှင့် လက်နက်အင်အား ကောင်းမွန်လာခြင်း တို့ကြောင့် အောင်ပွဲကြီး များ ရရှိလာခဲ့ခြင်း ဖြစ်သည်။
#၄။ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်နိုင်ခဲ့သော နယ်မြေများကို ပြန်လည် သိမ်းပိုက် နိုင်စွမ်း မရှိတော့ခြင်း။
တိုင်းရင်းသား လက်နက်ကိုင်များသည် အာဏာသိမ်းပြီးနောက်တွင် အဓိက နေရာမှ လှုပ်ရှားခဲ့သည်။ အတော်များများသည်လည်း ၎င်းတို့ နယ်မြေများမှ စစ်တပ်ကို အပြီးအပိုင် သော်၎င်း၊ ကွပ်ကဲရေး စခန်းကုန်းများကို ၎င်း မောင်းထုတ် ရှင်းလင်း နိုင်ခဲ့သည်၊ ပြီးခဲ့သည့် ၆ လ အတွင်း စစ်တပ်သည် တိုင်းရင်းသား နယ်မြေ များ တွင် ၎င်းတို့ ထိန်းချုပ်ထားနိုင်ခဲ့သမျှ၏ ၆၀ ရာနှုန်းကို စွန့်လွှတ်ခဲ့ရသည်။
စစ်တပ်သည် ယခုအခါ ထို့ထက်ပို၍ နယ်မြေများ ထပ်မံ မဆုံးရှုံးစေရေး နှင့် နိုင်ငံ အလယ်ပိုင်း ကို ပြန်၍ ထိန်းချုပ်နိုင်ရန် ဦးစားပေး လာကြသည်။ ထိုဒေသများ တွင်လည်း လူထု ထောက်ခံမှု မရှိသလောက် ဖြစ်နေ၍ ရေရှည် ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ကူပေ။
#၅။ စစ်တပ်သည် လူထု နှင့် နယ်မြေ များ ထိန်းချုပ်ထားနိုင်မှု လျော့ရဲလာခြင်း
စစ်တပ်သည် ၎င်းတို့ ပျက်သုံးသွားရေး နှင့် ထိုအရေး အတွက် မည်သို့မျှ အလျော့မပေးလိုသော လူထု ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုအနေအထား ကို မည်သို့မျှ ပြန်၍ ထိန်းချုပ်နိုင်စွမ်း မရှိတော့၊ စစ်စခန်းများ၊ ဗျုဟာကုန်းများ၊ တပ်ရင်း ဌာနချုပ် များ စုစုပေါင်း ၅,၂၈၀ ရှိသည် အနက် ၂,၅၀၀ နီးပါး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့၏ ဒေါက်တိုင်များ ဖြစ်သော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ရုံး အများအပြားလည်း လက်လွှတ်ပေးခဲ့ရသည်။ ၎င်းတို့ နေရာတွင် အရပ်သား အစိုးရ အဖွဲ့ အစားထိုး ပေါ်ပေါက်လာလည်း ထိုအတိုင်းပင် ဆက်ရှိနေဦးမည် ဖြစ်သည်။
#၆။ စစ်တပ်သည် နိုင်ငံ မတည်ငြိမ်မှု အတွက် အဓိက တရားခံ ဖြစ်နေခြင်း။
အာဏာမသိမ်းမီ ရိုဟင်ဂျာ များ အပေါ် ရက်စက်စွာ ပြုကျင့်ခဲ့ကြခြင်း၊ အာဏာသိမ်းပြီး နောက်တွင်လည်း စစ်ကြောင်းများ ထိုးကာ လူထု ကို တိုက်ခိုက်လာခြင်းကြောင့် သန်းနှင့် ချီသော ပြည်သူများ အိုးအိမ်မဲ့ ဖြစ်ခဲ့ရခြင်း၊ နောက်ဆုံး ဖြစ်ရပ် အဖြစ် မြဝတီ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဒေသခံများ ထိုင်းဖက်သို့ ထွက်ပြေးခိုလှုံခဲ့ရခြင်း၊ ၎င်းတို့ ထိန်းချုပ်နယ်မြေများ အတွင်း စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းလာနေ၍ လူငယ် အမြောက်အမြား လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးခိုလှုံနေကြရခြင်း အစရှိသည့် လုပ်ရပ်များ နှင့် အတူ စီးပွားရေး သည်လည်း ကသောင်းကနင်း ဖြစ်လာရခြင်း အစရှိသည်တို့ကြောင့် ၎င်းတို့သည်သာ နိုင်ငံအား မတည်ငြိမ်အောင် ဖန်တီးနေသူများ အဖြစ် လူအများက သဘောပေါက်လာကြပြီး ၎င်းတို့ အစား ပိုမို တည်ငြိမ်မှု ရှိသည့် အုပ်ချုပ်ရေး ပုံစံ ဖြင့် အစားထိုး နိုင်မည့် အခွင့်အရေး များ တွေ့မြင်လာကြပြီ ဖြစ်သည်။
#၇။ လက်ရှိ ပဋိပက္ခ၏ ရလဒ်သည် တော်လှန်ရေး တပ်ဖွဲ့များ အချင်းချင်း ပူးပေါင်းညှိနှိုင်းမှု ပေါ် မူတည်လာခြင်း။
သုံးနှစ်ကြာလာသော်လည်း တော်လှန်ရေး တပ်ဖွဲ့ အသီးသီးသည် စစ်တပ်ကို သေနင်္ဂဗျုဟာမြောက် တိုက်ခိုက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှု ပိုင်းတွင် ရုန်းကန်နေကြရဆဲ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား တပ်ဖွဲ့များအကြား ပူးတွဲ ကွပ်ကဲနိုင်ရန် ကြိုးပမ်းမှု များ ရှိလာခဲ့သော်လည်း နည်းဗျူဟာပိုင်း ညှိနှိုင်းမှု တွင် သိသိသာသာ တိုးတက်မှု များ ရရှိခဲ့သော်လည်း နိုင်ငံ အနှံ တက်ညီလက်ညီ ထိုးစစ်ကြီး အကောင်အထည် ဖေါ်ဖို့အထိ ဖြစ်မလာနိုင်သေးသည်ကို တွေ့ရသည်။
#၈။ စစ်တပ်အား နိုင်ငံရေး အာဏာ မှ မဖယ်ရှားနိုင်သရွေ့ စစ်ပွဲသည် အဆုံးသတ် သွားလိမ့်မည် မဟုတ်။
စစ်တပ်၏ စွမ်းဆောင်ရည်ကို အလွန်အကျွံ တွက်ချက်ထားသည့် နိုင်ငံတကာမှ ပတ်သက်နေသူများ ဖက်မှ ကျားကန်ပေးထားနေ မည် ဆိုလျှင် ယခုနှစ်အတွင်း ပဋိပက္ခသည် အရှိန်မြှင့်လာဖို့သာ ရှိသည်။ လူထုဖက်ကတော့ ၎င်းတို့ အား အာဏာတည်မြဲနေသရွေ့ ဆန့်ကျင်သွားရန် သံန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များသည် လည်း စစ်တပ်ကို မောင်းထုတ်ပြီး ၎င်းတို့ နယ်မြေများ အား အခိုင်အမာ ထိန်းသိမ်းထားနိုင်ရန် ရှုမြင်နေကြသည်။ သို့သော် စစ်ကောင်စီ အာဏာ တည်မြဲနေသရွေ့ ၎င်းတို့ အား ဖြုတ်ချနိုင်ရန် နိုင်ငံ အနှံ့ ဆက်၍ တွန်းလှန် တိုက်ခိုက် နေကြရဦးမည်သာ ဖြစ်သည်။
#၉။ ယခုနှစ်သည် ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးမည့် နှစ် ဖြစ်လာခြင်း။
ပြီးခဲ့သည် ၆ လ အတွင်း ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင် နှင့် ချင်းပြည်နယ် များ တွင် အင်အား တောင့်တင်းနေပြီ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ စစ်ကောင်စီ အား အရှိန်မြှင့် တိုက်ခိုက်လာကြပြီး မြို့များ နှင့် စစ်စခန်း များကို တဖြေးဖြေး နှင့် သိမ်းပိုက်လာနိုင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း မြို့ကြီး ပြကြီးများကို စိမ့်ဝင် တိုက်ခိုက်နိုင်ရန် ပြင်ဆင်လာနေသည်။ မကြာမီက နေပြည်တော် နှင့် ပြင်ဦးလွင် အား တိုက်ခိုက်ခဲ့မှု ဖြင့် ထိုသို့ လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်ကို တွေ့လာရသည်။
နေပြည်တော် ရှိ စစ်ဗိုလ်ချုပ်များ အဖို့ က ရွေးချယ်ပိုင်ခွင့် မရှိတော့ပဲ ၎င်းတို့ ဆက်ပြီး ရက်စက်ကြမ်းကြုပ်စွာ နှိမ်နှင်း နိုင်ရန် အကူအညီ ပေးနေသော နိုင်ငံများကို ဆက်၍ ပေးရန် သာ တောင်းပန်တိုးလျိုး ဖို့သာ ရှိပေတော့သည်။
ယခုနှစ်သည် ရှေ့လာမည့် ပဋိပက္ခ၏ ဦးတည်ရာ လမ်းကြောင်းကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးတော့မည့် နှစ်လည်း ဖြစ်ပေသည်။
တော်လှန်ရေးသည် လမ်းဆုံ လမ်းခွ သို့ ရောက်နေပြီ ဖြစ်၍ အာဏာချိန်ခွင်လျှာသည် တော်လှန်ရေး တပ်ဖွဲ့များ ဖက်သို့ ယိမ်းလာနေပြီ ဖြစ်သည်။ သိသာ ထင်ရှားစွာ ထွက်ပေါ်လာသည့် အချက်သည်ကား စစ်တပ်သည် တိုင်းပြည်ကို မည်သို့မျှ လွှမ်းမိုး အုပ်ချုပ်နိုင်စွမ်း မရှိတော့ခြင်း နှင့် အနာဂတ်ကို တော်လှန်ရေး တပ်ဖွဲ့ အသီးသီးကသာ အဆုံးအဖြတ် ပေးသွားတော့မည် ဆိုခြင်းပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!