အယ်ဂျာဇီရား က ဖွင့်ချလိုက်သည့် မြဝတီ ဇာတ်ထုတ်

by Hla Soewai - May 06 2024

ဧပြီ ၁၁ တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်တော် KNLA သည် မြဝတီ အနောက်ဖက် ၃.၁ မိုင် အကွာရှိ ခမရ ၂၇၅ ကို သိမ်းပိုက် နိုင်ခဲ့သည်။

 

ကေအင်ယူသည် ချက်ခြင်း ဆိုသလိုပင် မြို့အဝင်ဝ တွင် ရိုက်ကူးထားသော ၎င်းတို့ တပ်များ ၏ ပုံ ကို လူမှု ကွန်ယက်များ တွင် တင်လာခဲ့သည်။ သို့သော်လည်း မြဝတီ ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဟု တိတိပပ မပြောခဲ့သော်လည်း အတော်များများက မြဝတီသည် စစ်ကောင်စီ လက်အောက်မှ လွတ်မြောက်လာခဲ့ပြီဟု ယူဆခဲ့ကြသည်။

 

သို့သော် အခြေအနေများက ယူဆထားသလို ဖြစ်လာခဲ့ပုံ မရပေ။

 

မြဝတီ မြို့ခံ များ နှင့် အင်တာဗျုး၊ သုတေသီ များ၏ သုံးသပ်ချက်များအရ KNLA သည် မြဝတီ တမြို့လုံးကို မည်သည့် အခါမှ သိမ်းပိုက် နိုင်ခဲ့ခြင်း မရှိပဲ ဗိုလ်မှုးကြီး စောချစ်သူ ၏ နာမည်ဆိုးဖြင့် ကျော်ကြားနေသော နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်မှု အောက်တွင်သာ ရှိနေခဲ့သည်ဟု သိလာရသည်။

 

ခမရ ၂၇၅ မှ တပ်ကြွင်းတပ်ကျန်များ ဆုတ်ခွာသွားချိန်တွင် BGF သည် မြို့ကို ထိန်းချုပ်လိုက်ပြီး မြို့တွင်း တွင် တိုက်ပွဲများ ဖြစ်မလာရန် ၎င်းတို့ ကြား နေမည်ဟု ပြောလာခဲ့သည်။

 

ခမရ ၂၇၅ အား သိမ်းပိုက်ခဲ့စဉ် အတွင်း BGF သည် ကျန်ရှိနေသေးသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတား သို့ ရွှေ့ပြောင်းရန် ကူညီပေးခဲ့ကြသည်။ KNLA တပ်များအား မြို့ထဲသို့ ဝင်ခွင့် ပြုခဲ့သော်လည်း မြို့နယ် အထွထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် မည်သည့် အစိုးရ အဆောက်အအုံ တခု တလေမျှ သိမ်းပိုက် တပ်စွဲခွင့် မပြုခဲ့ဟု တော်လှန်ရေး နှင့် နီးစပ်သော ကရင် သတင်းအမြစ် တခုက ဆိုသည်။

 

၎င်း၏ အပြောကို အခြား သတင်းအရင်းအမြစ် လေးခု ကလည်း အတည်ပြုပေးခဲ့သည်။

 

မြဝတီကို စစ်ကောင်စီ လက်လွှတ်လိုက်ရပြီ ဆိုသော သတင်းသည် ၁၀၂၇ ထိုးစစ်ကြီး နောက်ပိုင်း ကြီးမားသော အောင်မြင်မှု ကြီး ဖြစ်လာခဲ့ရသည်။

 

သို့သော် အကြမ်းဖက် စစ်ကောင်စီ တပ်များက မြဝတီ နှင့် ရွှေကုက္ကူ အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဖျက်စီး ပြစ်မည်ဟု ခြိမ်းခြောက်လာသည့် အခါတွင်တော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလိုပေါက်နေသည့် နေရာတွင် ဦးစီးနေသည့် စောချစ်သူ၏ ရာဇဝတ်မှု မကင်းသော လုပ်ငန်းများ ပြိုလဲရတော့မည့် အရေး ကို သိမြင်လာ၍ ၎င်း၏ အကျိုးအမြတ်များ အတွက် စစ်ကောင်စီအား မြဝတီ ကို ပြန်လည် သိမ်းယူနိုင်ရန် ခွင့်ပြုခဲ့သည်။

 

အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP မှ မြန်မာ အရေး တာဝန်ခံ ဂျေဆင် တာဝါမှ စောချစ်သူ သည် နှစ်ဖက်ခွ ပြီး ကစားနေရာမှ နောက်ဆုံး စစ်ကောင်စီ ဖက် ရောက်လာခဲ့ပြီး ခမရ ၂၇၅ တပ်တွင်း အလံတင် သည့် ဓါတ်ပုံ ထွက်လာနိုင်အောင် ကူညီပေးလာခဲ့သည်ဟု အယ်ဂျာဇီယား အား ပြောပြခဲ့သည်။

 

စောချစ်သူ သည် ၁၉၉၄ တွင် ကေအင်ယူ မှ ခွဲထွက်လာသည့် DKBA တပ်မ ၉၉၉ ၏ တပ်မှုး လည်း ဖြစ်ခဲ့သည်။ မြန်မာ စစ်တပ်နှင့် အတူ နီးနီးကပ်ကပ် ရှိလာနေ၍ ကရင် တိုင်းရင်းသား တို့ ၏ အထူး ကြောက်ရွံခြင်း ခံရသူလည်း ဖြစ်သည်။ ကျွမ်းကျင်သူများ အဆိုအရ ၎င်း၏ တပ်များသည် ရွာများကို မီးရှို့ခြင်း၊ စစ်ဘေးရှောင် စခန်းများအား လက်နက်ကြီးများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း အစရှိသည်တို့ဖြင့် စစ်တပ်ကို အကူအညီ ပေးခဲ့ကြသည်။

 

မြဝတီ တွင် အမှန်တကယ် အောင်ပွဲခံသွားခဲ့သူ သည် စောချစ်သူ ဖြစ်ပြီး၊ ၎င်း၏ ရာဇဝတ် မှုနှင့် မကင်းသော လုပ်ငန်းများ ဆက်၍ ထိန်းထားနိုင်သည်သာ မက နယ်မြေများကို ပင် တိုး၍ ထိန်းချုပ်လာနိုင်ခဲ့သည်ဟု ဂျေဆင် တာဝါက ဆိုသည်။

 

စောချစ်သူ အား ခြိမ်းခြောက် အင်အားသုံး အကြမ်းဖက် အုပ်ချုပ်ဖို့ ဝန်မလေးသည့် Strongman ဟု ဆောင်းပါးတွင် သုံးနှုံးထားသည်။

 

သောင်ရင်း မြစ်ကမ်း တလျောက်တွင် ကာဆီနိုများက နေရာအနှံ ထွက်ပေါ်လာခဲ့သည်။ အနည်းဆုံး အသစ် ဆောက်လုပ်ထားသော ကာဆီနို အဆောက်အအုံ ငါးခု အား ထိုင်း ဖက်ခြမ်းမှ ရှင်းလင်း ပြတ်သားစွာ တွေ့မြင်နေရသည်။

 

၁၀၂၇ စစ်ဆင်ရေး အတွင်း ရာဇဝတ်ဂိုဏ်းများသည် ထိုဒေသ သို့ ပြောင်းရွှေ့ ဝင်‌ရောက်လာကြမှု နှင့် အတူ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဒါဇင်ပေါင်း များစွာ ထွက်ပေါ်လာခဲ့သည်။

 

ဧပြီ ၂၂ တွင် ထုတ်ပြန်ခဲ့သော USIP ၏ အစီရင်ခံစာ တွင် တရုတ် အများစု ကြီးစိုးနေထားသည့် ထိုလုပ်ငန်းများသည် စောချစ်သူ ၏ သဘောတူညီမှု မရပဲ မည်သို့မျှ ပေါ်ပေါက်လာစရာ အကြောင်း မရှိဟု ဖေါ်ပြထားသည်။ ထိုလုပ်ငန်းများ၏ အကျိုးအမြတ်များသည် တနှစ်လျှင် ဒေါ်လာ သုံး တြီလီယံ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့ကြပြီး စောချစ်သူ၏ တပ်များသည် ထိုဝင်ငွေများထဲမှ ဆက်ကြေးများ ပုံမှန် ရလျက် ရှိနေသည်ဟု ဆိုသည်။

 

သို့သော် မြဝတီ ဇာတ်ထုတ် တွင် ထိုရာဇဝတ်ဂိုဏ်းများသည် အဓိက နေရာမှ ပါဝင် လာခဲ့ခြင်း မရှိဟု သုတေသီ များက သုံးသပ်ခဲ့ကြသည်။

 

မြန်မာ အရေးအား နှစ်ပေါင်း ၁၅ နှစ်ကြာ လေ့လာနေသည့် ကင် ဂျောလစ်ဖ် မှ BGF သည် အဓိက နေရာမှ ပါဝင်ခဲ့ခြင်း မရှိသော်လည်း ၎င်းတို့ကြောင့် အခြေအနေများ ပြောင်းလဲသွားခဲ့ရသည်ဟု ပြောခဲ့သည်။

 

BGF သည် မြန်မာ စစ်တပ်အတွက် အစားအသောက်၊ ရေ၊ လောင်စာဆီများ ထောက်ပံ့ပေးခဲ့သည့် အပြင် ရှေ့တန်း စစ်မျက်နှာများ တွင် လည်း အကူအညီ ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုသို့ ပံ့ပိုးပေးနေမှု များကို BGF ဖက်မှ ရပ်ဆိုင်းလိုက်သည့် အခါ တွင် KNLA သည် ရှေ့သို့ တိုး၍ ချီတက်လာနိုင်ပြီး မြို့ ပတ်ပတ်လည်ရှိ စစ်စခန်းများကို သိမ်းယူနိုင်လိုက်သည်။

 

KNLA သည် အမြှောက်နှင့် လက်တကမ်း အကွာသို့ ရောက်လာသည့် အခါတွင်တော့ ခမရ ၂၇၅ အတွက် လက်နက်ချရဖို့ ဖြစ်လာခဲ့ရသည်။

 

ထိုအနေအထား တွင် မည်သို့မည်ပုံ ဆက်ဖြစ်ခဲ့သည်ကို အတိအကျ မပြောနိုင်သော်လည်း ဖြစ်နိုင်ခြေ အရှိဆုံး သီအိုရီ နှစ်ရပ် ထွက်ပေါ်လာခဲ့သည်။ ပထမ သီအိုရီသည် စောချစ်သူမှ နှစ်ဖက်ခွ ကစားလာခဲ့ပြီး ၎င်း အတွက် အကျိုး အမြတ် အများဆုံး ရနိုင်အောင် ဆွဲထုတ်ယူနိုင်ခဲ့သည်။ နှစ်ဖက်စလုံးကလည်း ၎င်းအား လိုအပ်နေသဖြင့် တောင်းဆိုလာသည့် အာမခံချက်မျိုးကို ပေးရဖို့ ဖြစ်လာသည်။

 

နောက်ထပ် သီအိုရီ တခုသည်ကား BGF တပ်ဖွဲ့ အတွင်း မကျေလည်မှု များ ထွက်ပေါ်လာခြင်း ကြောင့် ဖြစ်သည်။ အချို့ တပ်မှုးများ က စစ်ဗိုလ်ချုပ်များ အပေါ် ဆက်၍ သစ္စာခံလိုကြပြီး အချို့က KNLA ကို ထောက်ခံ အားပေးသွားရန် လိုလိုလားလား ရှိလာကြသည်။ ထိုနှစ်ဖက် အကြား စောချစ်သူ သည် မည်သည့် ဖက်က ရပ်ခဲ့သည် ဆိုသည်ကို မသဲကွဲလှသော်လည်း ၎င်း၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ပံ့ပိုးနိုင်မည့် ဖက်သို့ ယိမ်းမည်သာ ဖြစ်သည်ဟု ကင် ဂျောလစ်ဖ် က ဆိုသည်။

 

၎င်းမှ လက်ရှိ တွင် မြဝတီ အား စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်မည့် အခြေအနေ ရောက်ရန် အများကြီး လိုအပ်နေဆဲ ဖြစ်ပြီး လွန်စွာ အထိခိုက် မခံသော အနေအထား တွင် ရှိနေကြောင်း နှင့် မကြာသေးမီက KNLA သည် မြဝတီ နှင့် မဝေးလှသော နေရာရှိ အဓိကကျသည့် စစ်စခန်း သုံးခု ကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ပြောလာခဲ့သည်။ မြန်မာ စစ်တပ်ဖက်မှလည်း စစ်ကူများ ထိထိရောက်ရောက် ပို့ပေးနိုင်ခြင်း မရှိသေး၍ မြဝတီအား လုံးဝ ပြန်လည် သိမ်းယူ နိုင်ပြီ ဟု ပြောလို မရသေးဟုလည်း မှတ်ချက် ချခဲ့သည်။

 

ဘန်ကောက် အခြေစိုက် အာရှ လူ့အခွင့်အရေး အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဖီလ် ရောဘတ်ဆန်မှ စောချစ်သူသည် တရုတ် လူဆိုးဂိုဏ်းများ အတွက် လူမိုက် လုပ်ပေးနေသူ ဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ဥပဒေ စိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်‌ရေး များ ဖြစ်ပေါ်ရေး နှင့် လူ့အခွင့်အရေးများ ရရှိ‌ရေး အား အနှောက်အယှက် ပေးနေသည့် ကင်ဆာ တမျိုး ဖြစ်၍ ၎င်းအား အဆုံးတွင် တနည်းမဟုတ် တနည်း ကိုင်တွယ် ဖြေရှင်းသွားရဖို့သာ ရှိတော့သည်ဟု ပြတ်သားစွာ ပြောဆိုသွားခဲ့သည်။

 

မြဝတီ ဒေသခံများက ၎င်း အကြောင်း ပြောရမည်ကိုပင် ကြောက်ရွံ့ တုန်လှုပ်နေကြသည်ကို သိသိသာသာ တွေ့မြင်နေရသည်ဟု အယ်ဂျာဇီယားတွင် ရေးသားထားသည်။

 

ယခုအခါ ရိုးသားသော ကရင်လူမျိုး တို့ နေထိုင်ရာ နယ်မြေသည် ရာဇဝတ် ဂိုဏ်းများ ခြေချင်းလိမ်ရာ အရပ် ဖြစ်လာနေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်ဟု ကရင်အမျိုးသမီး ရေးရာ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်မှ ပြောပြခဲ့သည်။ ကရင် တိုင်းရင်းသား အားလုံး၏ စိတ်တွင်လည်း ထိုအတိုင်းပင် ခံယူထားကြပြီး အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေကြ၍သာ ထုတ်မပြောကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

စစ်ဗိုလ်ချုပ်များက မြဝတီ ကို ပြန်လည် ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေပြီး တပ်မ (၁၁)၊ (၄၄) ၊ (၅၅) နှင့် (၇၇) မှ တပ်များအား ရသလောက် ထုတ်နှုတ် စုစည်းပြီး နိုင်ငံတော် အဆင့် အောင်ဇေယျ စစ်ဆင်ရေး ဆိုက ဆင်နွှဲလာပြီး အင်အား ၂,၀၀၀ ခန့်ရှိ တပ်များသည် မြဝတီသို့ ချီတက်နေဆဲပင် ဖြစ်သည်ဟု အယ်ဂျာဇီယား တွင် ရေးသားထားသည်။

 

မိမိ အမြင်အရ ဆိုလျှင် စောချစ်သူ ၏ သွေးကြောင်ခဲ့မှုကြောင့် ၎င်းတို့ ကမ္ဘာအလယ်တွင် အရှက်တကွဲ ဖြစ်သွားခဲ့ရသည့် အ‌ရေး ကို စစ်ခေါင်းဆောင်များက မည်သို့မျှ မေ့ပြစ်နိုင်ကြမည် မဟုတ်၊ မြဝတီအား ပြန်၍ ရခဲ့သည့်တိုင် ပိုနေမြဲ ကျားနေမြဲ ထား၍ မရ၊ လူ့အခွင့်အရေး အဖွဲ့များကပင် ကင်ဆာ ရောဂါဆိုးကြီးဟု ကင်ပွန်းတပ်လာပြီ ဖြစ်သော စောချစ်သူ အားလည်း အခွင့်သာသည်နှင့် ရှင်းထုတ်ကာ နာမည်ပျက် မရှိသေးသူများ နှင့် အစားထိုး တော့မည်သာ ဖြစ်သည်။

 

၎င်း အနေဖြင့် စစ်ကောင်စီ လက်အောက်တွင် ထိုအတိုင်း အလုံးအထည် မပျက် ဆက်နေ၍ ရမည် ဟု တွေးမည်ဆိုလျှင် ကလေးကလား အတွေးမျိုးသာ ဖြစ်ပေလိမ့်မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် အသစ် ဆောက်လုပ် ပြီးစီးစ Dragon Casino အား တွေ့မြင် နိုင်သည်။)