အမေရိကန် တက္ကသိုလ် ကျောင်းဝင်း များ အတွင်း ဆန္ဒပြပွဲများ

by Hla Soewai - May 06 2024

ကိုလံဘီယာ တက္ကသိုလ် အကြီးအကဲ မစ္စက် မင်နိုး ရှာဖိခ် သည် ဧပြီ ၁၈ တွင် နယူး‌ယောက် မြို့တော် ရဲ အဖွဲ့ကို ခေါ်သွင်းလာခြင်း ဖြင့် သူမ၏ ကျောင်းဝင်း အတွင်း ရှိ ပါလက်စတိုင်း လိုလားသော ဆန္ဒပြပွဲများ ဦးကျိုးသွားလိမ့်မည်ဟု ယူဆခဲ့ခြင်းသည် တက်တက်စင် မှားယွင်း သွားခဲ့ပြီ ဖြစ်သည်။

 

ရွက်ဖျင်တဲများက ပြန်ရောက်လာပြီး ကျောင်းသားများက ပို၍ပင် ရဲတင်းလာကြသည်။ ဧပြီ ၃၀ နံနက် အစောပိုင်းတွင် ကျောင်းသားများက ကျောင်းဝင်း အတွင်းရှိ အဆောက်အဦး တခုကို သိမ်းပိုက်လိုက်ကြပြီး တံခါးများကို ပိတ်ကာ မျက်နှာစာတွင် "intifada" ခေါ် ပါလက်စတိုင်း တော်လှန်ရေး အလံကို ချိတ်ဆွဲလာကြသည်။

 

ဂါဇာတွင် စစ်ပွဲကြီး စတင်လာချိန်မှစ၍ အမေရိကန် တဝှမ်းရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့သည်။ ကျောင်းသား အများအပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ကျောင်းသားများ၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ကို ကျင့်သုံးနေကြခြင်း ဖြစ်သည် ဆိုသော အပြောသည် တခါတရံ တွင် မှန်ကန်နေသော်လည်း တခါတရံတွင် မှားယွင်းနေပြန်သည်။

 

အဘယ်ကြောင့်ဆိုသော တက္ကသိုလ်များတွင် ထိုသို့ ဆန္ဒပြမှု များ ကို ထိန်းချုပ်ရန် ပေါ်လစီများ ရှိ နေပြီး ဖြစ်သည်။

 

ထိုပေါ်လစီ များသည်လည်း တက္ကသိုလ် သည် အစိုးရ ပိုင် နှင့် ပုဂ္ဂလိက ပိုင် ဆိုသည်အပေါ် မူတည်ပြီး ကွဲပြားနေတတ်သောကြောင့်ပင် ဖြစ်သည်။ အစိုးရ ပိုင် တက္ကသိုလ်များသည် အမေရိကန် ဖွဲ့စည်းပုံ ပထမ ပြင်ဆင်ချက် အရ ထိုသို့ ပြောဆိုပိုင်ခွင့်၊ အလံကို မီးရှို့ခြင်းများကဲ့သို့ သရုပ်ပြလာမှုများ ကို ကာကွယ်ပေးရန် တာဝန် ရှိနေသည်။ သို့သော် လူပုဂ္ဂိုလ်တဦးချင်း၊ အုပ်စု တစုအား အန္တရာယ်ပေး ခြိမ်းခြောက်လာမှု၊ အကြမ်းဖက်ရန် လှုံ့ဆော်လာမှု များ ကို လက်သင့်ခံ၍ မဖြစ်ဟူသော ခြွင်းချက်များ ရှိနေသည်။

 

ပုဂ္ဂလိက ပိုင် တက္ကသိုလ်များသည် ပထမ ပြင်ဆင်ချက်ကို လိုက်နာရန် မလိုပေ။ သို့သော်လည်း ပေါ်လစီ ပိုင်းတွင်တော့ စံနမူ ယူ ပြဋ္ဌာန်း သွားမည်ဟု ဖေါ်ပြထားမှုများ ရှိနေသည်။ သို့သော် တက္ကသိုလ် ကောလိပ်များ အားလုံးသည် ဆန္ဓပြမှု များ နှင့် ပတ်သက်ပြီး "အချိန်၊ နေရာ၊ အပြုအမူ" များ အပေါ် ကန့်သတ်ထားမှု များ ရှိထားပြီး ဖြစ်သည်။ အဓိကအားဖြင့် ကျောင်းသားများ အတန်းတက်နိုင်ရေး အတွက် ဖြစ်သည်၊ ယင်းသည် ဆန္ဒပြ ကျောင်းသားများ၏ ခံယူထားချက် နှင့် မသက်ဆိုင်ဟု ပြော၍ ရသည်။

 

အဆောက်အဦးများကို ပိတ်ဆို့ခြင်း၊ စာသင်နေသည့် အတန်းများကို နှောက်ယှက်ခြင်း၊ ညအိပ်ညနေ အတွက် ရွက်ဖျင်တဲများ ထိုးခြင်း အစရှိသည်တို့ကို ခွင့်မပြုခြင်းမျိုး ဖြစ်သည်။ ကိုလံဘီယာ တက္ကသိုလ်သည် မြက်ခင်းပြင်များ ပေါ်တွင် တဲ ထိုးခြင်းကို တားမြစ် ပိတ်ပင်ထားသည်။ ယနေ့ သတင်းများအရ ကိုလံဘီယာ တက္ကသိုလ် တွင် ဆန္ဒပြသူ ၁၀၀ ခန့်အား ရဲ အဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

 

အခြား ကန့်သတ်ချက်များသည် အရပ်ဖက် ဆိုင်ရာ အခွင့် အရေး များ တွင် ပါရှိသည့် ဝတ္တရားများမှ အခြေခံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တက္ကသိုလ်များသည် လူမျိုး၊ အသားအရောင် နှင့် လာခဲ့သည့် နိုင်ငံကို ကြည့်၍ ခွဲခြားဆက်ဆံခြင်းမျိုး မပြုလုပ်ရ ဟု ဆိုသည့် အရပ်ဖက် အခွင့်အရေး ဆိုင်ရာ အက်ဥပဒေ အခန်း (၆) ပါ အချက်များကို လိုက်နာရမည် ဖြစ်သည်၊ ထိုသို့မဟုတ်က တက္ကသိုလ်များသည် အစိုးရ ပံ့ပိုးပေးမည့် ရန်ပုံငွေ များ လက်ခံ ရရှိတော့မည် မဟုတ်ပေ။

 

မကြာမီ လများက ထိုအချက်များကို အခြေခံ၍ ဂျုး တဦး မှ တရားလို လုပ်၍ ဟားဗတ်၊ ကိုလံဘီယာ နှင့် တက္ကသိုလ် အများ အပြားကို တရားစွဲဆိုခဲ့သည်။ သို့သော် အောင်မြင်ဖို့က ခဲယဉ်းပေသည်။ ထိုသို့ ခွဲခြား ဆက်ဆံ ခံရခြင်းကြောင့် မကျန်းမမာ ဖြစ်ခဲ့ရခြင်း၊ စာသင်ကြားမှု ထိခိုက်ခြင်း၊ ကျောင်း အုပ်ချုပ်ရေး အဖွဲ့မှ "တမင်တကာ မသိချင်‌ ယောင် ဆောင်‌ နေခြင်း အစရှိသည်တို့ကို သက်သေပြနိုင်ရမည် ဖြစ်သည်။

 

ကျောင်းအုပ်ချုပ်ရေး အာဏာပိုင်များက လူမျိုးရေး ခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ အပြောအဆိုများ၊ လိင်စိတ် ကွဲပြားနေမှု ကို ရှုတ်ချ တိုက်ခိုက်မှု များ ရပ်ဆိုင်း ပေးရန် ကျောင်းသားများ၏ တောင်း ဆိုမှု များကို လက်ခံ ဖြေရှင်း ပေးခဲ့သော်လည်း ဂျုးကျောင်းသားများ၏ စိတ်ဆင်းရဲကြီးစွာ ခံစားနေရမှု များကို လျစ်လျုရှုခဲ့ကြသည်။

 

တက္ကသိုလ် အာဏာပိုင်များက ဆန္ဒပြမှူ များ ဖြစ်လာ၍ ရဲများကို ဆင့်ခေါ်လာမှု အား အလွန်အကျွံ လုပ်ရပ် အဖြစ် စွပ်စွဲခံခဲ့ရသည်။ ရဲများဖက်က နိုင်ထက်စီးနင်း ပြုလုပ်လာမှု ကြောင့် မလိုလားအပ်‌သော ဆိုးကျိုး များ ထွက်ပေါ်လာခဲ့သည်ကို ဒေါက်တာ ရှာဖိခ် သိသွားခဲ့ပြီ ဖြစ်သည်။

 

အော်စတင် ရှိ တက္ကဆပ် တက္ကသိုလ်တွင် ပါလက်စတိုင်း လိုလားသော ကျောင်းသားများ အတန်းများကို သပိတ်မှောက်ပြီး ဆန္ဒပြမည့် အရေးကို ကြိုတင် တားမြစ်ရန် ဆုံးဖြတ်ခဲ့ပြီး အဓိကရုဏ်း နှိမ်နှင်းရေး အဖွဲ့ ကို ခေါ်ယူခဲ့ခြင်း သည် ကျောင်းသားများ၏ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ ရဲအဖွဲ့ နှင့်လည်း ထိတ်တိုက်တိုးဖို့ ဖြစ်လာခဲ့သည်။

 

ဖြစ်သင့်သည်က မည်သို့‌သော လုပ်ရပ်များသည် စည်းမျဉ်း များကို ချိုးဖောက်ရာ ရောက်၍ ကျောင်းသားများအား ၎င်းတို့၏ ဆန္ဒပြမည့် ‌ဗျူဟာ ကို ပြောင်းလဲသင့်ကြောင်း ကြိုတင် ရှင်းပြထားသင့်သည်။ ကျောင်းသား အများစုသည် ကျောင်းစည်းကမ်းကို ချိုးဖောက်လိုစိတ် မရှိကြ၍ စိတ်မာ ခက်ထန်သူများ မှ အပ အတော်များများကို စည်းရုံး နိုင်မည် ဖြစ်သည်။

 

ကိုလံဘီယာ တက္ကသိုလ်သည် ဆန္ဒပြ ကျောင်းသား များအား အတန်းတက်ခွင့် ရပ်ဆိုင်းခြင်းဖြင့် စတင် အရေးယူလာခဲ့သည်။ အဆောက်အဦး များ သိမ်းပိုက်ထားမှု အား ရဲအဖွဲ့ အကူအညီ မပါပဲ ပြီးဆုံးသွားအောင် လုပ်ဖို့က ခက်ခဲနေဆဲပင် ဖြစ်သည်။ 

 

ဘွဲ့နှင်း သဘင် အခမ်းအနားများ စတင်ဖို့ လွန်စွာ နီးကပ်လာနေချိန်၌ ကျောင်းတွင်း ရွက်ဖျင်တဲများ က အနှောက်အယှက် ပေးလာနေပြီ ဖြစ်သည်။

 

ကျောင်းသားများသည် အမိန့်အာဏာ ဖီဆန်မှု ၏ အရေးပါသော ရေသောက်မြစ်ကို သိထားမှ ဖြစ်ပေမည်၊ ထိုအရေး နှင့် ပတ်သက်၍ အမေရိကားတွင် ဆရာကြီး တဆူ ဖြစ်ခဲ့သော မာတင် လူသာ ကင်း ဂျုနီယာမှ "ပွင့်လင်း မြင်သာစွာ ဖြင့် လူမြင်ကွင်း တွင် ကိုယ်ချင်းစာစိတ် အပြည့်နှင့် လုပ်ရမည့် အပြင် အပြစ်ဒဏ်ကို လည်း လိုလိုလားလား ခံယူလိုစိတ် ရှိရမည်" ဟု ပြောခဲ့ဖူးပေသည်။ ဆိုလိုသည်က အပြောင်းအလဲများ ဖြစ်ရန် ကြိုးပမ်းနေစဉ် အတွင်း တဖက်တွင် တရားဥပဒေ နှင့် အခြားလူများ၏ အခွင့်အရေး များကို လိုက်နာလေးစားခြင်း ဖြစ်သည်။

 

(၂၀၂၄ ‌ဧပြီ ၃၀ ရက်နေ့ အီကောနော်မစ် မဂ္ဂဇင်းပါ What are the rules governing protests on American campuses? ဆောင်းပါးကို ပြန်လည် တင်ပြသည်။)