ထိုင်း၏ မြန်မာ အပေါ် သဘောထား အား ဆန်းစစ်ကြည့်ရာဝယ်

by Hla Soewai - May 06 2024

၂၀၂၃ ထိုင်း ရွေးကောက်ပွဲ အပြီး အရပ်သား အစိုးရ အာဏာရလာပြီး နောက်တွင် မြန်မာ အပေါ် သဘောထားကို ပြန်၍ ချိန်ညှိလာလိမ့်မည်ဟု နိုင်ငံတကာရှိ လေ့လာသူ အများ အပြားက မျှော်လင့်ခဲ့ကြသည်။

 

သို့သော် ရွေးကောက်ပွဲ တွင် ဒုတိယ နေရာ မှ လိုက်ခဲ့သည့် ဖွေထိုင်းပါတီသည် စစ်တပ် လိုလားသော ပါတီ နှစ်ခု နှင့် ညွှန်ပေါင်းအစိုးရ ဖွဲ့လိုက်သည့် အခါတွင်တော့ မှန်းချက် နှင့် နှမ်းထွက် မကိုက် ဆိုသလို ဖြစ်သွားခဲ့ရသည်။

 

မြန်မာ နိုင်ငံ အတွင်း ပြည်တွင်း မငြိမ်သက်မှုများသည် အရှိန်ကျမသွားပဲ ဆက်လက် ဖြစ်ပွားလာနေခဲ့သည်။ ဧပြီလ တွင်တော့ နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြဝတီ မြို့ကို ဗဟိုပြုလာခဲ့သည့် အခါတွင်‌ တော့ဘန်ကောက်မှ ကြား နေကြောင်း ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

သို့သော် ဝန်ထမ်းများ ပြန်ခေါ်ရန် အတွက်ဆိုကာ မဲဆောက် လေယာဉ်ကွင်းကို အသုံးပြုခွင့် ပေးခြင်းဖြင့် မြန်မာ အာဏာပိုင်များကို ပံ့ပိုးပေးလာခဲ့သည်။ ဘန်ကောက်သည် နယ်ခြား ကုန်သွယ်ရေး မှ တနှစ် တနှစ် ရနေသော ဒေါ်လာ ၂.၇ ဘီလီယံ ခန့်ရှိ စီးပွားရေး အကျိုးအမြတ်ကိုသာ အဓိက အာရုံစိုက်နေခြင်း ဖြစ်သည်။

 

ဆရက်သာ အစိုးရ က လူသာချင်း စာနာ ထောက်ထားမှု အကူအညီ ပေးနိုင်မည့် စင်္ကြန်လမ်း တခု တည်ဆောက်ရေး ကို မည်ကာမတ္တာ လုပ်လာခဲ့ပြန်သည်။ ဤသည်က ၎င်းတို့ အနေဖြင့် မြန်မာ ပြည်တွင်းရေးကို ထိုထက်ပို၍ ပတ်သက်လိုစိတ် မရှိဟု ပြဆိုလိုက်ခြင်းဟု ယူဆစရာ ဖြစ်လာခဲ့သည်။ကျန်သည့် ကိစ္စများကို အာဆီယံ ဥက္ကဌ လာအို အား ပုံချ လိုက်ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ မြန်မာ အရေး အပေါ် ထိုင်းဖက်မှ တော်ရုံသင့်ရုံ လုပ်ပြီး စစ်အာဏာသိမ်း အဖွဲ့ကို လိုလားပုံ ရှိနေသည်မှာ အကြောင်းများစွာ ရှိနေသည်။

 

ပထမဦးဆုံး အနေဖြင့် ထိုင်းသည် မြန်မာနှင့် ကီလိုမီတာ ၂,၄၀၀ အရှည် ဖြင့် ပြည်နယ်ပေါင်း ဆယ်ခု နှင့် ထိစပ်နေသည်။ ထို့အတွက် အနောက်‌ မြောက် ဖက်မှ မလိုလားအပ်‌ သော နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှု များ ရှိလာသည်။ ထိုင်းသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များကို အမြဲတစေ လိုအပ်နေသော်လည်း ဝင်ရောက်လာသူတိုင်းသည် ထိုင်း အလုပ်သမား ဈေးကွက်မှ လိုလားသည့် ကျွမ်းကျင်မှု များ ရှိနေကြသည် မဟုတ်ပေ။ ထို့အတွက် ထိုင်း အလုပ်သမား အာဏာပိုင်များက စီစစ် လက်ခံလာပြီး ၎င်းတို့ အလိုရှိနေသည့် ကျွမ်းကျင်မှု မရှိသူများကို သတ်မှတ်ထားသော စခန်းများထက် ကျော်လွန်ပြီး သွားခွင့် မပြုတော့။

 

အားလုံး အကောင်းဖက်က မျှော်လင့်နေသလို စစ်ကောင်စီ သည် လက်ရှိ ပြည်တွင်းစစ်တွင် အရေးနိမ့်သွားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ အာဏာ ရရှိလာမည် ဆိုက အနောက်နိုင်ငံများ အတွက် တန်ဖိုး ရှိသော မဟာမိတ်တဦး ရရှိလာမည် ဖြစ်သည်။ မဟာဗျူဟာ လေ့လာသူများကလည်း ထိုအတိုင်းပင် ရည်မှန်းထားကြသည်။

 

ထိုင်းသည် NUG ကိုယ်စား လှယ်များကို နိုင်ငံ အတွင်း နေထိုင်ခွင့် ပြုထားပြီး တဖက်လှည့်နှင့် ဆက်ဆံရေး တည်ဆောက်ထားသည်၊ ဘန်ကောက်ရှိ မြန်မာ သံရုံးရှေ့ ဆန္ဒပြပွဲများအားလည်း မသိကျိုးကျွံ ပြုနေခဲ့သည်။ သို့သော် မည်သူမျှ တွေးထင်မထားသည် အဆိုးဝါးဆုံး အနေအထား ထွက်ပေါ်လာခဲ့လျင် မည်သို့ လုပ်ကြပေမည်နည်း။

 

တရုတ်သည် ၎င်းတို့ နှင့် နယ်စပ်ခြင်း ထိစပ်နေ သောနျူကလီယား အင်အားရှိ ရုရှား အား အစိတ်စိတ် အမွှာမွှာ ဖြင့် Dismembered Russia မျိုး ဖြစ်သွားမည်ကို အတော်ကို စိုးရိမ် ပူပန်နေခဲ့သည်။ ထိုအခါတွင် အာဏာချိန်ခွင်ရှာ ကမောက်ကမ ဖြစ်လာပြီး အုပ်စုချင်း တိုက်ပွဲများ နှင့် မတည်မငြိမ် ဖြစ်လာမည့် ရုရှား နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

အလားတူပင် Dismembered Myanmar သည်လည်း ထိုင်း အတွက် ခေါင်းခဲစရာ ဖြစ်လာပေလိမ့်မည်။ ထိုအခါတွင် NUG သည်လည်း ထိန်းချုပ် နိုင်စွမ်း ရှိမည်မဟုတ်၍ ဒုက္ခသည်များ တပုံ‌တ‌ ခေါင်းကြီး ဝင်ရောက်လာမည့် အရေးကြောင့်ထိုင်းသည် စစ်ကောင်စီ နှင့် နီးနီးကပ်ကပ် ဆက်ဆံနေရခြင်း ဖြစ်သည်။

 

လက်တွေ့တွင် ပြည်တွင်းရေး ဝင်မစွက် ဆိုသည့် သဘောထားမျိုး သည် အရှေ့ နှင့် အရှေ့တောင်အာရှတွင် မည်သည့်နိုင်ငံ ကိုမျှ ယိမ်းယိုင်လာ‌ အောင် လုပ်နိုင်စွမ်း မရှိပေ။ မြန်မာသည် ဒေသတွင်း အင်အားကြီး နိုင်ငံများ ဩဇာလွှမ်းနိုင်ရန် အကြိတ်အနယ် ကြိုးစားလာနေသော စစ်မျက်နှာ ဖြစ်လာခဲ့သည်။ တရုတ်သည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ မှ တဆင့် ဩဇာ သက်ရောက်အောင် လုပ်နေပြီး အိန္ဒိယ သည်လည်း NUG အဖွဲ့ဝင်များကို ခိုလှုံခွင့် ပေးထားသည်၊ ထိုင်းသည် စစ်တပ်ရှိရာ နေပြည်တော်အထိ ထိုးဖေါက် ဝင်ရောက်ထားသည်။ 

 

မင်းအောင်လှိုင်သည် ကွယ်လွန်သွားသူ ဗိုလ်ချုပ်ကြီး ပရမ်တင် ဆူလာနွန်ဒါ၏ မွေးစားသား အဖြစ်ပင် ခံယူလာခဲ့သည်။ အောက်ခြေတွင်လည်း နှစ်ဖက် စစ်ခေါင်းဆောင်များသည် သံတမန်ရေးသာမက အခြား ဆက်သွယ်ရေး ချန်နယ်များ ဖွင့်ပြီး နီးနီးကပ်ကပ် ဆက်ဆံနေကြသည်။

 

ထို့အတွက် အိမ်နီးချင်း စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး ဆုံးဖြတ်ချက်များ အပေါ် ထိုင်းဖက်မှ တိမ်းညွတ်အောင် လုပ်နိုင်စွမ်း မရှိဟု ယူဆထား၍ မရပေ။

 

အနောက်တိုင်းမှ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု များ ပြုလုပ်နေချိန်တွင် ထိုင်းသည် ဒေါ်လာ ၁၁ ဘီလီယံဖြင့် နိုင်ငံအတွင်း တတိယ မြောက် ရင်းနှီးမြုပ်နှံ မှု အများဆုံး နိုင်ငံ ဖြစ်နေ၍ ၎င်းတို့၏ ဓါတ်ငွေ့ပိုင်း ဖြင့် အင်အား ထုတ်ပြရန် တောင်းဆိုမှု များ ရှိလာခဲ့သည်။ 

 

သို့သော်လည်း အနောက်အုပ်စု မှ ရုရှားအား စီးပွားရေး ဒဏ်ခတ်မှု များ သည် အိန္ဒိယ နှင့် တရုတ်ကြောင့် ထိရောက်မှု မရှိသည်ကို ကြည့်၍ ချိန်ဆကောင်း ချိန်ဆနေနိုင်သည်။ ဘန်ကောက်သည် ၎င်းတို့၏ အကျိုးစီးပွား ကို သာ အဓိက ဦးစားပေး နိုင်မှ ဖြစ်မည်ဟု ယူဆလာခဲ့သည်။

 

မြန်မာ၏ စီးပွားရေး အနေအထားသည် နောက်ပိုင်းတွင် ကျဆင်းလာသော်လည်း နိုင်ငံတကာ ကုမ္ပဏီ များက အပြီးအပိုင် ထွက်ရန် မရည်ရွယ်ပဲ တိုးချဲ့ရမည့် လုပ်ငန်းများကိုသာ ရွှေ့ဆိုင်းလာကြသည်။ သို့သော် ထိုင်း နှင့် မြန်မာ အကြား ကုန်သွယ်ရေးသည် သိသိသာသာ ထိခိုက်ခဲ့ခြင်း မရှိပေ။ ဤသည်မှာလည်း ငွေပေးငွေယူ အား ဘတ်ငွေ နှင့် ကျပ်ကိုသာ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်။

 

ထိုကြောင့်လည်း ဘန်ကောက်၏ မြန်မာ အပေါ် သံခင်း တမန်ခင်းသည် စီးပွားရေး အသိုက်အဝန်း ၏ သဘောထား အပေါ် ထင်ဟပ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့အားလုံးက အခြေအနေများ တည်ငြိမ်မှု ရလာသည့် အခါ မြန်မာ၏ အနာဂတ်သည် အလားအလာ ကောင်းများ နှင့် ပြည့်နှက်လာလိမ့်မည်ဟုလည်း ယူဆထားကြသည်။

 

ထိုသို့ ဆို၍ ထိုင်း၏ လုပ်ရပ်သည် မြန်မာ နိုင်ငံသားများ၏ လူ့အခွင့်အရေး နှင့် ကောင်းကျိုး ချမ်းသာကို လုံးဝဥပေက္ခာ ပြုခဲ့သည်ဟု ဆိုက မျှတမှု ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ထိုင်းသည် မြန်မာနှင့် ပထဝီ အနေအထားအရ ဆက်စပ်နေသဖြင့် မြန်မာဖက်မှ လက်တုံ့ပြန်လာပါက ၎င်းတို့၏ နိုင်ငံသားများအပေါ် ထိခိုက်မှု ရှိလာမည်ကို ပို၍ စိုးရိမ်မကင်း ဖြစ်နေခြင်းသာ ဖြစ်သည်။

 

ထိုသို့ မြန်မာဖက်မှ လက်တုံ့ပြန်လာအောင် လှုံ့ဆော်သလို ဖြစ်စေမည့် လုပ်ရပ်မှန်သမျှသည် အမြှော်အမြင် ကင်းမဲ့မှုဟု ထိုင်း နိုင်ငံခြားရေး မူဝါဒ ရေးဆွဲသူများက ယူဆထားကြသည်။ ၎င်းတို့အားလုံးသည် ကိုလိုနီ ခေတ်နှောင်းပိုင်း နှင့် ကမ္ဘာတောင်ဖက်ခြမ်းဟု ခေါ်သော တတိယ ကမ္ဘာနိုင်ငံများ ၏ ယခင် နိုင်ငံခြားရေး မူဝါဒ များကိုသာ အာရှ နိုင်ငံခြား‌ ရေး မူဝါဒ၏ စံနမူနာ အဖြစ် ဆက်၍ ကျင့်သုံးလာခြင်းသာ ဖြစ်သည်။

 

ထိုင်းသည် အိန္ဒိယ နှင့် ၎င်း၏ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့ဝင် နိုင်ငံများကဲ့သို့ပင် အမေရိကန်၊ အီးယူ တို့ နှင့် ထဲထဲဝင်ဝင် ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ၊ ယခုထိလည်း ချမ်းသာသော နိုင်ငံများ ကလပ် ဖြစ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖွံ့ဖြိုးမှု အဖွဲ့ OEDC အဖွဲ့တွင် ပါဝင်လာခြင်း မရှိသေးပေ။

 

ဘန်ကောက်သည် အစဉ်အလာ ကျင့်သုံးခဲ့သော မဟာဗျူဟာ ဖြစ်သည့် နိုင်ငံ ဘေးအန္တရာယ် မကျစေရေး နှင့် အကျိုး ရှိစေရေး ဆိုသည်ကို အခိုင်အမာ စွဲကိုင်ထားခဲ့သည်။ ၎င်းတို့၏ နိုင်ငံခြားရေး မူဝါဒ ပဲ့ကိုင် အသိုက်အဝန်းသည်လည်း အစဉ်အလာ ရှေးရိုးစွဲ ဝါဒီ များ ပီပီ ထိုင်းအား ယူကရိန်း ကဲ့သို့ အမေရိကန် နှင့် အနောက်တိုင်း မဟာမိတ်များက ၎င်းတို့၏ ပဋိပက္ခတွင် တဆင့်ခံ အဖြစ် ဆွဲသွင်း ခံရမည်ကို စိုးရိမ်နေကြသည်။

 

၂၀၂၅ တွင် အကယ်၍ ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာက အမေရိကန် နိုင်ငံခြားရေး ဌာနသည် ယူကရိန်း အား အကူအညီများ ဆက်ပေးသွားမည်ဟု အာမခံ နိုင်စွမ်း မရှိ ဖြစ်နေသည့်အပြင် အမေရိကန် သည် ကိုယ်ကျိုးစီးပွား ကာကွယ်ပြီး တသီးတသန့် နေသွားမည့် အရေးကိုလည်း ထိုင်းနိုင်ငံခြားရေး အသိုက်အဝန်း က ရိပ်စားမိနေ၍ အမေရိကန် ပြောသည့် အတိုင်း လုပ်မည်ဆိုက အန္တရာယ် များမည့် အပြင် အမေရိကန်သည် ၁၉၉၀ ကျော် နှစ်များကဲ့သို့ ကမ္ဘာ နိုင်ငံရေး မျက်နှာစာတွင် ထင်တိုင်းကျဲ နိုင်သည့် တခုတည်းသော အင်အားလွန် နိုင်ငံကြီး မဟုတ်တော့ ပေ။

 

သို့သော် လက်ရှိ ထိုင်း ရင်ဆိုင်နေရသော စိန်ခေါ်မှု များ ကြောင့် ဖွေထိုင်း ပါတီ မှ စရက်သာ သာဝီဆင် နှင့် သာစင် ရှင်နာဝါထွာ ၏ နောက်လိုက်များကဲ့သို့ ဝါးလုံး ခေါင်းထဲ လသာနေကြပြီး စီးပွားရေးကိုသာ အာရုံစိုက် နေ၍ မရတော့၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီ ပေးမှု များ ဟန်ပြလုပ်ပြီး သံတမန်ရေး ပိုင်း တွင် လည်း လိမ္မာ ပါးနပ်နေ၍ မရတော့၊ ထိုင်း သည် စစ်အေး တိုက်ပွဲ ကာလများကလို မိမိတို့ လုံခြုံရေးကို အာမခံပေးနိုင်မည့် မှီခိုရာ ဆရာသမားများ မရှ်ိတော့၍ ကိုယ်အားကိုယ်ကိုး ကာကွယ်သွားရတော့မည် ဖြစ်သည်။

 

ယခင် တတိယ ကမ္ဘာနိုင်ငံများလို ဆက်နေသွား၍လည်း လတ်တလော တွင် အကျိုးယုတ်စရာ မရှိသော်လည်း ဒေသအတွင်း ဦးဆောင်မှု ပေးနိုင်သည့် အနေအထားကို စွန့်လွှတ်မည်ဆိုက အင်ဒိုနီရှားကဲ့သို့ နိုင်ငံများက ကျော်တက်က နေရာဝင်ယူလာကြ ပေတော့မည်။

 

ယခုအခါ ရာထူးမှ နှုတ်ထွက်သွားသော ဒုဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ပမ်ပရီး ဘာဟစ်ဒါ နူကာရာ ၏ နေရာတွင် အသက် ၆၆ နှစ်ရှိ အငြိမ်းစား ဝါရင့် သံတမန် ကြီး မာရိ ဆမ်ဂီရန်ပွန်ဆာ အား ခန့်အပ်လိုက်သည်ဟု သိရသည်။