ပြည်ပ အလုပ်လုပ်ခွင့် ပိတ်

by Hla Soewai - May 06 2024

စစ်အာဏာရှင်များ သည် လူထု အား တနေ့ထက် တနေ့ လည်မြိုညှစ်လာနေသည့် အဖြစ်ကို နောက်ထပ် အထင်ရှား ဆုံ ပြဆိုလိုက်သည်က မည်သို့မျှ ကြိုတင် အသိပေးခြင်းမျိုး မရှိပဲ မေလ ၁ ရက် အလုပ်သမား နေ့မှစ၍ အမျိုးသားများ အား ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီ ရပ်ဆိုင်းကြောင်း ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

ယင်းသည် "ယာယီသာ ဖြစ်သော်လည်း" လိုအပ်သလို ဆက်၍ ရပ်ဆိုင်းထားမည်ဟု အလုပ်သမား ဝန်ကြီး ဌာန အတွင်းဝန် ဆိုသူ ညွန့်ဝင်း မှ RFA သို့အတည်ပြု ပြောဆိုခဲ့သည်။ ၎င်း၏ အဆိုအရ အမျိုးသမီးများကိုသာ ရွှေ့ပြောင်း အလုပ်သမား အဖြစ် စေလွှတ်မည်ဟု သိရသည်။ ဧပြီလ ကုန် အထိ မှတ်ပုံ တင်ထားသူများကိုသာ ခွင့်ပြုမည်ဟု ဆိုသည်။

 

၎င်းတို့ အဖို့က လူငယ်များ အတွက် သေရေး ရှင်ရေး တမျှ အရေးကြီး‌ နေချိန်တွင် ထိုသို့ ပိတ်ပင်လာခြင်းအား မည်သည့် အကြောင်းကြောင့်ဟု ထုတ်ဖေါ် ပြောဆိုရန် လိုအပ်သည်ဟုလည်း ယူဆထားသူများ မဟုတ်ပေ။

 

စစ်မှုထမ်း ဆင့်ခေါ်နေသည်ကို ရှောင်တိမ်းရန် ကြိုးပမ်းနေမှု များအား ဟန့်တား ရန် ကြိုးပမ်းခြင်း ဖြစ်သည်ကို အားလုံးက သဘောပေါက်ထားပြီးလည်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့နှင့် ဝေစားမျှစား ကရိုနီ များဖက်ကလည်း ဒီအတိုင်း ဆိုက ပြည်တွင်းလည်း ‌အလုပ်သမား အင်အား ရှားပါးလာမည့် အရေး စိုးရိမ်မကင်း ဖြစ်လာနေမှု အား ပြေပျောက်စေရန် ပိတ်ပင်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်မှ ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသူ မြန်မာ နိုင်ငံသား ၄ သန်း ခန့် ရှိနေပြီး ထိုအထဲတွင် ထိုင်း တွင် ၂ သန်း ခန့် ရှိနေသည်ဟု ခန့်မှန်းထားသည်။

 

မင်းအောင်လှိုင် က မေလ ၁ ရက်နေ့ ပြောစကားတွင် အလုပ်သမားများသည် နိုင်ငံ အတွက် မရှိမဖြစ်သော အင်အားတရပ် ဖြစ်သည်ဟု ပြောခဲ့သော်လည်း ထိုအလုပ်သမား များ၏ အခွင့်အရေး၊ ရပိုင်ခွင့်များ အတွက် တလုံးတပါဒ မျှ ကာကွယ်ပေးခြင်းမျိုး မရှိသည့် အဖြင့် ၎င်းတို့ အတွက် မားမားမတ်မတ် ရပ် ကာကွယ်ပေးသူများကိုပင် "အကြမ်းဖက် သမားများ" ဆိုကာ ဖမ်းဆီးထောင်ကျ ပစ်ခဲ့ကြသည်။

 

ယခုအခါ လူငယ်များအား မိမိ အနာဂတ်ကို မည်သိုမျှ ဖန်တီးခွင့် မရအောင် နှင့် ၎င်းတို့၏ သံချေး အထပ်ထပ် ဖြစ်နေသော စစ်ယန္တရားကြီး လည်ပတ်နိုင်ရန် အမဲဆီ အဖြစ် အသုံးချနိုင်ရန် ကြံစည်လာကြပြီ ဖြစ်သည်။

 

ယခုအခါ မြို့နယ်ပေါင်း ၂၂၄ မြို့နယ် မှ လူငယ် ၅,၀၀၀ ခန့်အား စစ်သင်တန်းကျောင်း ၁၅ ခု သို့ မတ်လ အကုန်တွင် စေလွှတ်ပြီးခဲ့ပြီဟု သိရသည်။ ထို့အပြင် မြိုနယ်ပေါင်း ၄၀ ခန့်မှ လူ ၂,၀၀၀ ကျော်အားလည်း ပျုစောထီး များ အဖြစ် အသွင်ပြောင်းပေးခဲ့သည်ဟု RFA က ဆိုသည်။

 

အဆိုပါ သတင်းကို စင်္ကာပူ နိုင်ငံထုတ် စထရိတ်တိုင်းမ် သတင်းစာ ဂျပန် တိုင်းမ် ၊ လန်ဒန်ထုတ်သတင်းစာများတွင်လည်း ဖေါ်ပြထားသည်။

 

နိုင်ငံတွင်း တွင် မည်သည့်အလုပ်အကိုင်မျိုးကိုမှ ဖန်တီးပေးနိုင်စွမ်း မရှိသည့်အပြင့် အနိမ့်ဆုံး လစာကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလ တွင် ၁,၀၀၀ ကျပ် တိုးမြှင့် ‌ပေးလိုက်သဖြင့် ယခုအခါ ၅,၈၀၀ ကျပ် (အမေရိကန် နှစ် ဒေါ်လာ နီးပါး) ဖြစ်လာခဲ့သည်။ ပြည်သူတို့၏ စားဝတ်နေရေးက ပို၍ပင် ကျပ်တည်းလာတော့မည် ဖြစ်သည်။

 

နိုင်ငံ၏ စီးပွားရေးသည်လည်း ပို၍ ဆိုးလာနေသဖြင့်စစ်အင်အား ဖြည့်တင်းရန် ပင် မလောက်မငှ ဖြစ်လာနေသည်။ စစ်တပ်သည် ၎င်းတို့ အသက်ဆက်ရှင် နိုင်ရေး အတွက် မင်းအောင်လှိုင် အား ဖယ်ထုတ်ရန်သာ ရှိပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!