ထိုင်းအစိုးရ၏ မြန်မာ မူဝါဒ ပြောင်းရန် ပီတ လင်ဂျရိုရတ် အချက် ငါးချက် ချပြ

by Hla Soewai - May 06 2024

မြန်မာ နိုင်ငံ အတွင်း မတည်ငြိမ်မှု များ တိုး၍ ဖြစ်ပေါ်လာနေသဖြင့် ထိုင်း နိုင်ငံ အကျိုးစီးပွား၊ အာဆီယံ အပေါ် ယုံကြည်မှူ ရလာစေရန် နှင့် ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံ သား ကောင်းကျိုး ချမ်းသာများ ရရှိခံစားစေနိုင်ရန် ထိုင်းသည် အချက် ငါး ချက် ဖြင့် စံနမူ နာ ပြ လုပ်ဆောင်သင့်ပြီဟု နီကီ အေးရှား ရီဗြူး တွင် ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရိုရတ်က အကျယ်တဝင့် ရေးသား ဖေါ်ပြလာခဲ့သည်။ ၎င်းကိုယ်တိုင် ထိုသို့ ရေးလာခြင်းကပင် ထိုင်း အစိုးရ အတွင်း မြန်မာ နှင့် ပတ်သက်၍ ယောက်ယက်ခတ်လာနေပြီ ဆိုသည်က သိသာထင်ရှားလာရသည်။

 

၎င်းက ရေးသားရာတွင် ပထမဆုံး အနေဖြင့် ထိုင်းအစိုးရသည် မြေပြင်တွင် လျင်မြန်စွာ ရွေ့လျား ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ရပ်တည်သွားရမည်ဟု ဆိုသည်။ အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းအစိုးရသည် စစ်ကောင်စီ ဖက်က တဖက်စောင်းနင်း ရပ်တည်လာခဲ့သည်။ ယင်းသည် မည်မျှထိ မှားယွင်းနေသည်ကို တနေ့ထက် တနေ့ ဖြစ်ပေါ်လာနေသော အခြေအနေများက သက်သေ ပြခဲ့ပြီး ဖြစ်သည်။

 

မြန်မာနိုင်ငံ နှင့် ဆက်ဆံရေး ကို ရှု့ဒေါင့် မျိုးစုံ မှ ကြီးကြပ် ဆောင်ရွက်သွားနိုင်ရန် အတွေ့အကြုံ ကြွယ်ဝသည် ဝါရင့် သူ တဦးအား အထူး သံတမန် အဖြစ် ခန့်အပ်သင့်သည်။

 

မိမိ၏ ရှေ့သို့ချီ ပါတီမှ ထိုင်း ဝန်ကြီးချုပ်နှင့် အထူး သံတမန် တို့ ပူးတွဲ ဦးဆောင်သည့် ဌာနပေါင်းစုံ ပါဝင်မည့် အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ပြီး ဖြစ်သည်။ သို့မှသာ နယ်ခြား တဖက်တွင် အမြဲလို ပြောင်းလဲလာနေ‌သော ပကတိ အနေအထားကို လျင်လျင် မြန်မြန် နှင့် အချိန်နှင့် တပြေးညီ တုန့်ပြန် သွားနိုင်မည် ဖြစ်သည်။ အထူးလုပ်ငန်း အဖွဲ့ကိုလည်း မြန်မာ့အရေး ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ဖြင့် ပံ့ပိုးပေးသွားရမည် ဖြစ်သည်။

 

လက်ရှိ မြန်မာ နှင့် ဆက်ဆံရေးသည် သံတမန် လုပ်ထုံး လုပ်နည်းများ၊ လုံခြုံရေး အေဂျင်စီ များကို အစဉ်အလာအတိုင်း အလွန်အကျွံ အားကိုးအားထား ပြုနေခြင်း နှင့် ဗြူရိုကရေစီ တွင်းကြီးထဲမှ ရုန်းမထွက် နိုင်ခြင်း တို့ကြောင့် နွံနစ် နေဆဲပင် ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လာနေသော အခြေအနေများ၏ ဘက်ပေါင်းစုံ မှ စိန်ခေါ်လာမှု များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။

 

ပြီးခဲ့သည့် အပတ်အတွင်း ထိုင်း အစိုးရ အဖွဲ့ အပြောင်း အလဲများ ပြုလုပ်ခဲ့မှု ကြောင့် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပန်ပရီ ဖဟီထာ နုကွန် ရာထူးမှ နှုတ်ထွက်သွားသည် အထိ ဖြစ်ခဲ့ရသည်ကို ကြည့်မည်ဆိုက ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် ၏ မြန်မာ အရေး ဖြေရှင်းရန် တာဝန်ခံခဲ့မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

 

ဒုတိယ အချက် အနေဖြင့် ထိုင်းအစိုးရ မှ အရပ်သားများအား စစ်ကောင်စီ မှ ဗုံးကြဲ တိုက်ခိုက်နေခြင်းကို လူသိရှင်ကြား ပြတ်ပြတ်သားသား ဆန့်ကျင်သွားသင့်သည်။ ထိုင်းသည် မြန်မာအား လေယာဉ်ဆီ ထောက်ပံ့ပေးနေ‌သော အာဆီယံ နိုင်ငံ အနည်းငယ်ထဲတွင် ပါဝင်နေ၍ ယင်းအား စစ်ကောင်စီ အပေါ် နိုင်ကွက် အဖြစ် သုံးကာ ဖိအားပေးသွားသင့်သည်။

 

ကရင် နှင့် ကရင်နီ ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား အမြောက်အမြား သေဆုံးခဲ့ရပြီး ဖြစ်သည်။ ယင်းနှင့် အတူ စစ်ဘေးရှောင်များ ထိုင်းနိုင်ငံ အတွင်းသို့ အလုံးအရင်း နှင့် ဝင်လာနိုင်သည်။ ထိုအခါတွင် နိုင်ငံ အချူပ်အခြာ အာဏာ နှင့် လူထု ဝန်ဆောင်မှု လုပ်ငန်းများ သိသိသာသာ ထိခိုက်လာပေတော့မည်။

 

တတိယ အချက်သည် ထိုင်း၏ စွမ်းအင် ဖူလုံမှု ရှိရေး သက်ဆိုင်နေသည်။ ထိုင်းသည် သဘာဝ ဓါတ်ငွေ့ လိုအပ်ချက်၏ ၁၆ ရာနှုန်း အတွက် စစ်ကောင်စီ ထံမှ ဝယ်ယူနေရသည်က ပြဿနာ ဖြစ်လာရသည်။

 

ထိုအရေး အတွက် ရတနာ နှင့် ဇောတိက ဓါတ်ငွေ့ တွင်းများ တာဝန်ယူ ဆောင်ရွက်နေသည့် အစိုးရပိုင် PTTEP အနေဖြင့် စစ်ကောင်စီ လက်အောက်ရှိ MOGE အား ပေးချေခြင်း မပြုပဲ ကြားကာလ ထိန်းသိမ်း စောင့်ရှောက်ထားနိုင်မည့် escrow ငွေစာရင်း တွင် လွှဲပြောင်း အပ်နှံထားနိုင်ရန် စီမံသင့်သည်။ ထိုငွေများ အား စစ်ရေး အတွက် အသုံးမပြုရ ဟူသော စည်းကမ်း ကန့်သတ်ချက်ဖြင့်သာ လွှဲပြောင်း ပေးသင့်သည်။

 

ရွှေ သဘာဝ ဓါတ်ငွေ့တွင်း မှ ထွက်သမျှ အများစုကို တင်သွင်းနေသည့် တရုတ် အစိုးရပိုင် တရုတ် အမျိုးသား ရေနံ ကုမ္ပဏီသည် အီးယူ၏ အရေးယူ ဒဏ်ခတ်ထားမှု အား လိုက်နာသည့် အနေဖြင့် ပေးစရာ ရှိသည်များကို escrow အကောင့် ထဲ သို့ ထည့်သွင်း ပေးထားသည်၊ ယခုထိလည်း ထိုပုံစံမျိုး ဖြင့် ဓါတ်ငွေ့များ ဆက်၍ တင်သွင်းနိုင်ဆဲပင် ဖြစ်၍ ထိုင်း အနေဖြင့် ထိုသို့ မလုပ်နိုင်ဟု ဆင်ခြေကန်‌ နေ၍ မရပေ။

 

စတုတ္ထ အချက် အနေဖြင့် ကေအင်ယူ နှင့် တပ် ပေါင်းစု မှ မြဝတီ အား ပြီးခဲ့သည့် လ အတွင်း သိမ်းယူ နိုင်ခဲ့မှု ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကယ်ဆယ်ရေး အကူအညီများ ပေးပို့နိုင်ရေး အတွက် လမ်းကြောင်း ပေါင်းစုံ အသုံးပြုရန် နှင့် သက်ဆိုင်နေသူ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရန် လိုအပ်နေပြီ ဆိုသည်ကို အလေးအနက် ညွန်ပြလာခဲ့သည်။

 

ထိုင်း၏ လူသားချင်း စာနာထောက်ထားမှု ဖြင့် အကူအညီပေးရေးသည် နိုင်ငံရေး နှင့် မသက်ဆိုင်ပဲ ဘက်စုံ ထောင့်စုံမှ လိုလေသေး မရှိ ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ တရားဝင် အကူအညီ ပေးရေး အစီအစဉ်များအား ကြက်ခြေနီ အဖွဲ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ အတိုက်အခံ အုပ်စု များပါ တပြိုင်တည်း ပါဝင်လာအောင် အကောင်အထည် ဖေါ်ရန် အလေးအနက် စဉ်းစားသင့်သည်။

 

နယ်ခြားဒေသတွင် ကုမ္ပဏီများ ရင်းနှီးမြုပ်နှံလာအောင် ဆွဲဆောင်နိုင်မည့် ဇုံတခု ဖန်တီးသင့်သည်၊ သို့မှသာ ထွက်ပြေးလာသူများ အတွက် အလုပ်အကိုင် အခွင့်အလန်းများ ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုဇုံများ တွင် ဝင်ရောက်လုပ်ကိုင်မည့် ကျန်းမာရေး ဝန်ထမ်းများအားလည်း အထူး လိုင်စင်များ ချပေးထားနိုင်မှသာ ထိုင်း ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး သက်သာလျော့ပါးသွားမည် ဖြစ်သည်။

 

တချိန်တည်းတွင် မြန်မာ ဖက်မှ ဝင်ရောက်လာသူများကို ထိုင်း၏ လူမှု စီးပွား ဖွံ့ဖြိုးရေး အတွက် အဓိပ္ပါယ် ရှိရှိ ထည့်ဝင် အသုံးချ နိုင်မည့် လူ့အရင်းအနှီးများ အဖြစ် ရှုမြင်သင့်သည်။ အိုမင်းရင့်ရော် သူများ ရှိလာနေ၍ စီးပွားရေး ပြန်၍ အားအင် ပြည့်ဖြိုးလာရန် လိုအပ်နေပြီ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် လက်ရှိ ဒုက္ခသည် စခန်းများကို ပိတ်ပစ်ရန် အချိန်ရောက်လာပြီ ဖြစ်ပြီး နေထိုင်နေသူများကို ထိုင်း အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် နည်းလမ်းများ ဖြင့် ပေါင်းစပ် ပေးသွားရမည်။ ဒုက္ခသည် စခန်းများရှိ ကလေးသူငယ်များ အား စွမ်းရည်ရှိသူများ ဖြစ်လာအောင် ပညာသင်ကြားပေးခြင်း ဖြင့် စတင်ရမည် ဖြစ်သည်။

 

ကရင် နှင့် ကရင်နီ ဒေသများ စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသား တပ်များ ထိန်းချုပ်ထားသည့် ဒေသများတွင် ကုန်သွယ်ရေး စခန်းများကို ယာယီ သဘောဖြင့် တရားဝင် ဖွင့်လှစ်ပေးသင့်သည်။

 

မြန်မာဖက်မှ တောင်ယာ မီးရှို့ စိုက်ပျိုး လုပ်ကိုင်နေခြင်းကြောင့် ထိုင်းကောင်းကင်ယံတွင် မီးခိုးလုံးများ ပြည့်နှက်လာနေသည့် ပြဿနာနှင့် စပ်လျှင်း၍ ကရင် အဖွဲ့များ၏ သံလွင် ငြိမ်းချမ်းရေး ပန်းခြံ စီမံကိန်းကို သတိမူသင့်သည်၊ အဆိုပါ စီမံကိန်းသည် ဒေသခံ တိုင်းရင်းသား တို့၏ ခံယူချက်ကို ပညာပေးခြင်း၊ သစ်တောများ မပြုန်းတီးအောင် အကြံဉာဏ်များ ပေးခြင်းတို့ ပြုလုပ်နေကြခြင်း ဖြစ်သည်။

 

ဘန်ကောက်အနေဖြင့် တောင်ယာ မီးရှို့ ခြင်း မပြုပဲ ထွက်ရှိလာသော လယ်ယာ ထွက်ကုန်များကို ဦးစားပေး ဝယ်ယူသင့်သည်။ ထိုင်း လူမှု အဖွဲ့အစည်းများ နှင့် မြန်မာ တိုင်းရင်းသား ဒေသများ အကြား အတူ ပူးပေါင်း ပံ့ပိုးမှုများ ရှိသင့်သည်။

 

အာဆီယံ

 

ပဉ္စမ အချက် အဖြစ် မြန်မာ နှင့် ထိစပ်နေသော နိုင်ငံများ နှင့် အာဆီယံ နိုင်ငံများ၏ အားပေး ထောက်ခံမှု ကို ရယူပြီး ထိုင်းသည် မြန်မာပဋိပက္ခတွင် အဓိက ကျသူများ အကြား ယုံကြည်ရသည့် ကြားဝင် ဖြန်ဖြေသူ အဖြစ် တာဝန်ယူရမည်။ အဓိက ကျသူများ ထဲတွင် ၂၀၁၅ NCA အား လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များလည်း ပါဝင်ရမည်။

 

ဤသည်က မိမိမှ ချင်းမိုင် ဒိုင်ယာလော့ခ် ခေါ်သည့် ‌ဆွေးနွေးပွဲ ပုံစံမျိုး ဖြင့် ကြားမှ နေ၍ ၎င်းတို့အချင်းချင်း လုံခြုံစိတ်ချစွာ အားလုံး အတူတကွ ‌ဆွေးနွေးသွားနိုင်ရန် ဖန်တီးပေးသင့်သည်။ ဤနေရာတွင် တရုတ် အကူအညီရယူပြီး အဓိက ပါတ်သက်နေသူများ ‌‌‌ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာအောင် သိမ်းသွင်းရပေမည်။

 

အပစ်အခတ် ရပ်စဲရေး နှင့် အကြမ်းဖက်မှု များ အလွန် ကာလတွင် မြန်မာသည် မည်သို့သော ပုံစံမျိုးဖြင့် ထွက်ပေါ်လာမည် ဆိုသည် အပေါ် ရှင်းလင်း ပြတ်သားသော မျှော်မှန်းထားသည်များ ရှိရမည်၊ ထိုအထဲတွင် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာရေး၊ အလုပ်ဖြစ်မည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေး နှင့် မည်သို့ မည်ပုံ အာဏာခွဲဝေ သွားရေး တို့ ပါရှိရမည် ဖြစ်သည်။

 

လိုအပ်သည်များကို ပံ့ပိုးပေးသွားနိုင်ရန် ထိုင်း၊ အာဆီယံ နှင့် နိုင်ငံတကာ အနေဖြင့် အသင့် ရှိနေရပေမည်။ အာဆီယံသည် ကမ္ဘောဒီယားတွင် ၁၉၉၇ အာဏာသိမ်း အပြီး ရွေးကောက်ပွဲ ဖြစ်မြောက်လာအောင် တွန်းအားပေးခဲ့သည် "အပြုသဘော ဝင်ရောက် ပတ်သက်ခြင်း" ဆိုသည့် ချည်းကပ်မှု မျိုး ပြန်လည် ကျင့်သုံးသင့်သည်။ တချိန်တည်းမှာပင် မြန်မာ နှင့် ပတ်သက်၍ "ဆုတ်သာတက်သာ ရှိမည့် ထိတွေ့ဆက်ဆံမှုမျိုး" အား ဒေသတွင်း လုပ်ငန်း ယန္တရား အတွက် အခြေခံ သဘောတရားအဖြစ် ချမှတ်ထားသင့်သည်။

 

သို့မှသာ အာဆီယံ၏ ကျောက်သားကျောက်ဆိုင်ပမာ ခံယူထားသည့် ပြည်တွင်းရေး ဝင်မစွက် မူဝါဒ ဖြင့် ကန့်သတ် ခံထားရမှု များကို ကျော်လွှားနိုင်ပေလိမ့်မည်။ ထိုသို့ ကန့်သတ်ခံထားရမှုကြောင့် အာဆီယံ ၏ ယုံကြည်ခံရမှု နှင့် သမာသမတ် ရှိမှု ကို ထိခိုက်ခဲ့ရသည်။

 

နိဂုံးချုပ်ရမည် ဆိုလျှင် မြန်မာ၏ ပြဿနာ မျိုးစုံကို ဖြေရှင်းနိုင်ရေး အတွက် အရေးအကြီးဆုံးသည် နိုင်ငံရေး တည်ကြည်မှု၊ သမာဓိ တရားနှင့် မိမိတို့ ခံယူထားမှု များ ပြောင်းလဲလိုသည့် သတ္တိရှိနေဖို့ပင် ဖြစ်သည်။ ထိုအရည်အသွေးများသည် လက်ရှိ ထိုင်း နှင့် အာဆီယံ ခေါင်းဆောင်များ အကြားတွင် အရေးတကြီး လိုအပ်‌နေသည့် အရာများပင် ဖြစ်သည်။ ထိုအကြောင်းများ‌ ကြောင့်လည်း ချည်းကပ်မှု အသစ် အတွက် နောက်ဆုတ် မနေသင့်ပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!