မြန်မာ နှစ်သစ်ကူး အတာ သဘင်ပွဲသည် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ မှ ပြဋ္ဌာန်းလိုက်သော စစ်မှု ထမ်း ဥပဒေ ၏ အရိပ်မည်းကြီး အောက်တွင် တိုးတိုးတိတ်တိတ် နှင့် ပြီးဆုံးသွားခဲ့ရပြီ ဟု အစချီကာ နီကီအေးရှား ရီဗြူး ၏ အကြီးတန်း ဆောင်းပါးရှင် တိုရူ တာကာဟာရှီ မှ အစချီကာ ရေးသားလာခဲ့သည်။
အဆိုပါ ဥပဒေအား ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် စတင် ပြဋ္ဌာန်းလာခဲ့ပြီး တလလျှင် လူငါးထောင် နှုန်း ဖြင့် တနှစ်အတွက် လူ ခြောက်သောင်းအထိ စစ်ထဲ ဆွဲသွင်းရန် ကြံစည်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အုပ်ချုပ် ရေး အား ၂၀၂၁ ဖေဖေါ်ဝါရီမှစ၍ အောင့်အည်း သည်းခံ နေကြရသော တတိုင်းပြည်လုံး ၏ စိတ်နှလုံးကို ပို၍ ညိုးနွမ်းအောင် လုပ်သလို ဖြစ်သွားခဲ့ရသည်။ အနာဂတ် ပျောက်နေသော လူငယ် အများအပြားသည် တိုင်းပြည်မှ ထွက်ပြေးကုန်ကြသည်။ (ယင်းအား ထပ်မံ ဟန့်တားရန် မေလ ၁ ရက်နေ့မှစ၍ နိုင်ငံသားများ ပြည်ပ သို့ အလုပ် ထွက်လုပ်ခွင့် အား ရပ်ဆိုင်းလိုက်ပြန်သည်။)
ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ စစ်မြေပြင် တွင် အရှုံးကြီး ရှုံးလာခဲ့ပြီး နေပြည်တော် နှင့် ပြင်ဦးလွင်တွင် အဆင့်မြင့် အရာရှိကြီးများပင် ဒရုန်း နှင့် တိုက်ခိုက်မှု ခံလာခဲ့ရသည်။ စစ်တပ်အတွင်း စိတ်ဓါတ်များ ကျဆင်းလာပြီး ဘက်ပြောင်းသူများ၊ လက်နက်ချသူ များ အမြောက်အမြား ရှိလာပြီ ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်လာခြင်း သည်ကပင် တဖြေးဖြေး နှင့် အင်အားချိနဲ့လာသော စစ်တပ် အတွက် ကြံရာမရ ဖြစ်ကာ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ ခန့်မှန်းချက်အရ ယခုအခါ ၁၃၀,၀၀၀ ခန့်သာ ကျန်တော့သည်ဟု သိရသည်။
မင်းအောင်လှိုင် မတ်လ ၂၇ ရက်နေ့ စစ်အခမ်းအနား တွင် “တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်လာရေး အတွက် စစ်မှုထမ်း ဆင့်ခေါ်ဖို့ မဖြစ်မနေ လိုအပ်သည်” ဟု ပြောခဲ့သော်လည်း ထိုသို့ ဖြစ်လာခဲ့ရခြင်း၏ အဓိက တရားခံ သည် ၎င်းကိုယ်တိုင် ဖြစ်နေသည်။ အဘယ်အရာများက ထိုသို့ ဆိုးဆိုးဝါးဝါး ကိုယ့်ကိုကိုယ် လိမ်လည် လှည့်ဖျား နေရသည် အထိ ဖြစ်လာခဲ့ရသနည်း။
မင်းအောင်လှိုင် သည် နိုင်ငံတောင်ပိုင်း မြို့တမြို့ ရှိ အစိုးရ ဝန်ထမ်း မိဘ မှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ ၁၉၇၀ ကျော် နှစ်များ အတွင်း ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်၊ ထိုအချိန်က ကျောင်းသားများ၏ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများ အားကောင်းနေချိန် ဖြစ်သော်လည်း ၎င်းကိုယ်တိုင် ပါဝင်ခဲ့ခြင်း မရှိပေ။ စစ်တက္ကသိုလ် သို ဝင်ရောက်ရန် သုံးကြိမ်မြောက် ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၄ တွင် အောင်မြင်သွားခဲ့သည်။
ဗိုလ်လောင်း ဘဝ တွင် ထူးထူးခြားခြား အရည်အချင်း မပြနိုင်ခဲ့သော်လည်း တဖြေးဖြေး နှင့် ရာထူး အဆင့်ဆင့် တက်လာခဲ့သည်။ သို့သော် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အား နှိမ်နှင်း ရာတွင် ထူးထူးခြားခြား အစွမ်းပြနိုင်ခဲ့၍ အထက် မှ မျက်စိကျလာခဲ့သည်။ ၂၀၁၁ နိုင်ငံအား အရပ်ဖက် အုပ်ချုပ်ရေးသို့ စတင် အသွင် ကူးပြောင်းလာစဉ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။
မင်းအောင်လှိုင်သည် ပြည်ပ သို့ ခရီးများ ထွက်ခြင်း၊ ဆိုရှယ် မီဒီယာ ကို သုံး၍ သတင်းများ ထုတ်ပြန်ခြင်း အစရှိသည် တို့ လုပ်လာခဲ့မှု နှင့် အတူ “အသိအမြင်ကြွယ်ဝ” သည့် ဗိုလ်ချုပ်ကြီး ဟု ၎င်းတို့အကြား ဂုဏ်သတင်း မွှေးပျံ့လာခဲ့သည်။ သို့သော်လည်း ၎င်း၏ တဖက်က ရန်လိုသည့် စိတ်သည် ၂၀၁၇ တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ လက်အောက်ရှိ တပ်များသည် လူနည်းစု ရိုဟင်ဂျာ များကို နှိပ်ကွပ်လာခဲ့မှု နှင့် အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးသည် လည်း အေးတိအေးစက် ဖြစ်လာခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိသွားသည့် အခါတွင်တော့ မဲသမာမှု များ ရှိသည် ဟု အကြောင်းပြကာ အာဏာသိမ်းယူလိုက်သည်။
မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် စစ်တပ်ကို ၁၄ နှစ်ကြာ ဦးဆောင်လာခဲ့ပြီး ခေတ်သစ် သမိုင်းတွင် ၎င်းကဲ့သို့ အကြွင်းမဲ့ အာဏာ စွဲကိုင် နိုင်ခဲ့သူ ဗိုလ်နေဝင်း နှင့် ဗိုလ်သန်းရွှေ တို့ နှစ်ဦးသာ ရှိခဲ့သေးသည်။
ကျေးလက် မြို့တမြို့၏ စာတိုက်စာရေး လေး ဘဝ မှ တက်လှမ်းလာခဲ့သော သန်းရွှေသည် ဗိုလ်နေဝင်းကဲ့သို့ တသွေးတသံတမိန့် ဖြင့် အုပ်ချုပ်သူ မဟုတ်ပဲ ၎င်း လုပ်ချင်သည်များကို အားလုံး၏ သဘောတူညီချက်ရ အောင် တည်ဆောက်ပြီး စစ်တပ်၏ အုပ်စု ခေါင်းဆောင် အဖြစ် ခံယူခဲ့ခြင်းကြောင့် မင်းအောင်လှိုင် အတွက် ၎င်းနှင့် နီးစပ်အောင် ဖန်တီးလာနိုင်ခဲ့သည်။
သန်းရွှေသည် ၎င်း လက်အောက်ရှိ စစ်မှုထမ်းများ အကျိုးအမြတ် များ ခံစားနိုင်စေရန် ဦးပိုင် ကုမ္ပဏီများကို မဖြစ်ဖြစ်အောင် တွန်းအားပေး တည်ဆောက်ပေးခဲ့သည်။ ထိုအကျိုးအမြတ်များ စတင် ရစ်မူးလာချိန်တွင် တိုင်းပြည်အား အရပ်ဖက် အုပ်ချုပ်ရေး သို့ အသွင်ပြောင်းနိုင်ရန် လှုပ်ရှားလာခဲ့သည်။ လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် ဆုံးရှုံးခဲ့သည့် နာဂစ် မုန်တိုင်း ကြားမှပင် လွှတ်တော် နေရာ လေးပုံ တပုံ ကို စစ်တပ်အား လွှဲပေးရမည့် ၂၀၀၈ ဖွဲ့စည်းပုံ အတွက် လူထု ဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်လာခဲ့ပြီး ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖယ်ထုတ်ကာ ရွေးကောက်ပွဲ ကျင်းပခဲ့၍ စစ်တပ်နှင့် ဆက်နွယ်နေသော ပါတီသည်သာ မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားခဲ့သည်။
၎င်းကိုယ်တိုင် သမ္မတ လုပ်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း စစ်ခေါင်းဆောင်ပိုင်း တွင် စတုတ္ထ နေရာတွင် ရှိသည့် ဝန်ကြီးချုပ် သိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ မင်းအောင်လှိုင်အား ကာကွယ်ရေး ဦးစီးချုပ် ရာထူးပေးကာ သန်းရွှေသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သန်းရွှေသည် အသက် ၇၇ နှစ်သာ ရှိသေးသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် သူ နှင့် သူ့မိသားစု လုံခြုံစိတ်ချစွာ နေ၍ ရမည့်အပြင် စီးပွားရေး တိုးတက်လာမှု၏ အသီးအပွင့်များ ခံစားသွားနိုင်မည်ဟု တွက်ဆခဲ့၍လည်း ဖြစ်သည်။
သူ၏ ခန့်မှန်းချက် သည် မှားယွင်းခဲ့ခြင်း မရှိပေ၊ သိန်းစိန်၏ အရပ်သား အုပ်ချုပ်ရေး ဖြင့် ဒီမိုကရေစီ နှင့် စီးပွားရေး အသွင်ကူးပြောင်းမှု စတင်လာခဲ့ပြီး အာရှ၏ နောက်ဆုံး လက်ကျန် စီးပွားရေး ရင်းနှီးမြုပ်နှံရာ အရပ် ဖြစ်လာခဲ့သည်။
ထိုသို့သော အနေအထားများကို မင်းအောင်လှိုင်သည် အဘယ်ကြောင့် ဖျက်စီးပစ်ခဲ့ရပေသနည်း။
ထိုအမေးကို NLD ပါတီဝင်လည်း ဖြစ်ပြီး ဂီဖူး အမျိုးသမီး တက္ကသိုလ် တောင်အာရှ ရေးရာ ဌာန တွင် ဧည့် သုတေသီ အဖြစ် လုပ်ကိုင်နေသူ ဦးတင်ဝင်းက “၎င်း သမ္မတ ဖြစ်ချင်နေ၍” ဟု ဖြေခဲ့သည်။
အာဏာ မသိမ်းမီကလေးတွင်ပင် မင်းအောင်လှိုင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် နှင့် နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ၎င်းအား သမ္မတ အဖြစ် တင်မြှောက်ရန် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဒုသမ္မတ ရာထူး သာ ပေးနိုင်မည် ဆိုက ငြင်းပယ်ခဲ့သဖြင့် လွှတ်တော် အစည်းအဝေး စတင်ရန် ရှိသည့် နေ့မှာပင် အာဏာသိမ်းယူလိုက်တော့သည်။
မင်းအောင်လှိုင်သည် အရပ်သား သမ္မတ အဖြစ် နေဝင်း နှင့် သန်းရွှေ လို မဟုတ်ပဲ သိန်းစိန်ကဲ့သို့ အများ၏ ချစ်ခင်လေးစားမှု ကို ရရှိလိမ့်မည်ဟု မျှော်လင့် တောင့်တနေသူလည်း ဖြစ်သည်။ သူ၏ စိတ်ကူး နှင့် လက်တွေ့ ကွာဟနေမှု ကို လက်မခံနိုင်သူလည်း ဖြစ်သည်ဟု ဦးတင်ဝင်းက ဆိုသည်။
၂၀၂၁ အာဏာသိမ်းအပြီး ပထမဆုံး ရုပ်မြင်သံကြား မိန့်ခွန်း တွင် “၎င်း၏ စစ်ကောင်စီသည် အရင့်အရင့် အုပ်ချုပ်ခဲ့သူများ နှင့် ကွာခြားလိမ့်မည်” ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ဤသည်က ၎င်းသည် နေဝင်း၊ သန်းရွှေတို့ကဲ့သို့ အာဏာရှင်များ နှင့် တူမည် မဟုတ်ဟု ဆိုလိုခြင်းလော၊ မည်သို့ပင် ဖြစ်စေ အဆုံးတွင် ၎င်းအား ဆန့်ကျင်သူများ ကို ရက်စက်စွာ နှိမ်နှင်းခဲ့မှုတွင် ထိုပုဂ္ဂိုလ် နှစ်ဦး နှင့် ကွာခြားခြင်း မရှိ သည့် အဖြစ် ရောက်သွားခဲ့ရသည်။ ကွာခြားသွားသည်က ၎င်း လက်အောက်ရှိ စစ်တပ်သည် တော်လှန်ရေး အင်အား စုများ၏ ခုခံတွန်းလှန်မှု ကြောင့် တွန်းထိုး ဖယ်ရှားခံနေရသည့် အဖြစ် ကြောင့် အန္တရာယ်နှင့် ရင်ဆိုင်လာနေရခြင်းပင် ဖြစ်သည်။
တိုင်းပြည် အခြေအနေ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေချိန်တွင် မင်းအောင်လှိုင်သည် “လွတ်လပ်ပြီး တရားမျှတသည့်” ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု တတွတ်တွတ် ပြောနေဆဲပင် ဖြစ်သည်။ ဤသည်က သမ္မတ ဖြစ်ရေး ၎င်း၏ ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း မရှိသေး၍လော၊ သို့မဟုတ် အနားယူပြီးနောက် ၎င်း၏ လုံခြုံမှု အတွက် အာမခံချက် တရပ်အဖြစ် ဖန်တီးချင်၍ လော။
မင်းအောင်လှိုင်သည် ၎င်း တောင့်တ ခဲ့သလို လူထု၏ ချစ်ခင် လေးစား ခံရမည့် လူ ဖြစ်မလာနိုင်သော်လည်း အာဏာရှင်ဟောင်းများကဲ့သို့ စိတ်ထင်ရာ လုပ်ခွင့်ရနေသည့် အကြွင်းမဲ့ အာဏာကို စွဲကိုင်ထားသူ ဖြစ်လာခဲ့ချေပြီ။
ပြည်သူတို့၏ ခုခံ တွန်းလှန် စစ် မုချ အောင်ရမည်!!!