အမေရိကန် အထက်တန်း အရာရှိကြီးများ နှင့် NUG ခေါင်းဆောင်ပိုင်း တွေ့ဆုံ

by Hla Soewai - Apr 24 2024

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန အကြံပေး ဒဲရက် ရှိုလက် နှင့် နိုင်ငံတကာ အကူအညီ ပေးရေး ဌာန လက်ထောက် အကြီးအကဲ မိုက်ကယ် ရှစ်ဖာ တို့သည် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူဝါး လရှီးလ နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် တို့ နှင့် တွေ့ဆုံခဲ့သည် ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဧပြီ ၁၁ ရက် နေ့စွဲ ဖြင့် တရားဝင် သတင်းထုတ်ပြန်လာခဲ့သည်။

 

သို့သော် မည်သည့်နေရာ နှင့် မည်သည့် အချိန်တွင် ဆွေးနွေးခဲ့သည် ဆိုသည်ကိုတော့ ဖေါ်ပြထားခြင်း မရှိပေ။

 

ဒဲရက် ရှိုလက်မှ မြန်မာ တွင် တိုင်းရင်းသားများ၊ ဘာသာရေး အဖွဲ့အစည်း များ၊ အထူးသဖြင့် ရိုဟင်ဂျာများ အားလုံး ပါဝင်နိုင်မည့် ဒီမိုကရေစီ အုပ်ချုပ်ရေး ထူထောင်နိုင်ရန် NUG ၏ ကြိုးပမ်းမှု များ ကို ကြိုဆိုလိုက်ပြီး အရေးပါသော လူထု အကျိုးပြု လုပ်ငန်းများ လည်ပတ်နိုင်ရေး အတွက် ဒေသန္တရ အုပ်ချုပ်ရေး နှင့် သန်း နှင့် ချီ ရှိနေသော စစ်ဘေးရှောင်များအား လူ လူချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးသွားရေး ကြိုးပမ်းသွားမည် ဖြစ်သည့်အပြင် မြန်မာ၏ ဒီမိုကရေစီ အရေး လှုပ်ရှားမှု ကိုလည်း ထောက်ခံသွားမည်ဟု ပြောဆိုခဲ့သည်။

 

ရှိုလက် နှင့် NUG ခေါင်းဆောင်ပိုင်း မှ နိုင်ငံတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန် စစ်တပ်ကို ဖိအားပေးရန် အရေးတကြီး လိုအပ်ကြောင်း၊ မတရား ဖမ်းဆီးခံထားရသူ များ ပြန်လွှတ်ပေးရန် နှင့် ပဋိပက္ခ အဆုံးသတ်ရေး နှင့် မြန်မာ ပြည်သူများ ဒီမိုကရေစီ လမ်းကြောင်း ပေါ် လျှောက်လှမ်း နိုင်ရန် ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ဆွေးနွေးဖို့ လိုအပ်သည်များ ကို သဘောထား တူညီကြောင်း ကြေညာချက် တွင် ဖေါ်ပြထားခဲ့သည်။

 

ရှိုလက်သည် K3C အုပ်စု ဖြစ်သည့် ကရင်၊ ကရင်နီ၊ ကချင် နှင့် ချင်း တိုင်းရင်းသား နိုင်ငံရေး ဦးဆောင် အဖွဲ့များ နှင့်လည်း မကြာခင်က ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

 

အမေရိကန်သည် မြန်မာနိုင်ငံ အတွင်း အုပ်ချုပ်ရေး ယန္တရား လစ်ဟာသွားပြီး ၎င်းတို့ ထဲထဲဝင်ဝင် ပါဝင်ရမည့် အရေးကို ရှောင်ရှားပြီး အခြေအနေများ အဆိုးဝါးဆုံး ဖြစ်မသွားစေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးချင်ပုံရနေသည်။

 

ထို့အတွက် စစ်ဖက် အား သဘောထား တီးခေါက်ပြီး ဖိအားပေးနိုင်ရန် ဟာဝိုင်အီ တွင် ဧပြီ ၂၉ မှ မေ ၁ ရက် အထိ ၎င်းတို့ ပူးတွဲ ကမကထ ပြု ကျင်းပမည် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်သို့ မြန်မာ အား တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပုံရသည်။ ထိုအစည်းအဝေးသို့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံ တက်ရောက်ရန် ရှိနေသည်။

 

နိုင်ငံ တွင်း အခြေအနေများသည် အပြောင်းအလဲများ အလျင်အမြန် ဖြစ်လာနိုင်သည့် အခြေအနေများကို ဦးတည်လာနေပြီး နေပြည်တော်တွင်လည်း ယခင် ကြံ့ဖွတ် ခေါင်းဆောင်ပိုင်း များ၊ ဒု ခေါင်းဆောင် စိုးဝင်းအား ထောက်ခံသူများ နှင့် မင်းအောင်လှိုင်၏ အတွင်းစည်း ဝိုင်း မှ လူများ အကြား အခြေအနေများ တင်းမာလာနေသည့် အဖမ်းအဆီး သတင်းများ ဆက်တိုက် ဆိုသလို ထွက်ပေါ်နေသည်။

 

စိုးဝင်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အား ကာမီကာဇေ ဒရုန်း ဖြင့် ဧပြီ ၈ ရက်တွင် အတိုက်ခံရပြီး နောက် တွင် လူမြင်ကွင်း မှ ပျောက်နေပြီး ၎င်း ဒဏ်ရာရ သို့မဟုတ် သေဆုံး ဆိုသော ကောလဟသများ ကြားနေရသည်။

 

အရေးပါသော နယ်ခြား ကုန်သွယ်‌ရေး မြို့အားလည်း ကရင်အမျိုးသား လွတ်မြောက်‌ရေး တပ် နှင့် မဟာမိတ် တပ်ပေါင်းစု လက်ဝယ် ကျရောက်သွားပြီး ယခုအခါ အုပ်ချုပ်ရေး ယန္တရား အသစ် စတင် ထူထောင်နေပြီဟု ကေအင်ယူ ပြောခွင့်ရ ဖဒို စောတောနီး က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ သို့သော် လေ့လာသူများကမူ နှစ်နိုင်ငံ အကြား လူဝင်မှု ကြီးကြပ်ရေး နှင့် အခွန် ကောက်ခံရေး ကိစ္စများ မည်သို့မည်ပုံ ရှိလာမည်နည်း ဆိုသည်က မသဲကွဲသေးဟု သုံးသပ်လျက် ရှိသည်။

 

မြဝတီသည် အာဏာသိမ်းပြီး ချိန်ကစ၍ ထိုင်း-မြန်မာ နယ်ခြားကုန်သွယ်‌ရေး တွင် ပမာဏ အားဖြင့် နှစ်စဉ် ဒေါ်လာ ၄.၄ ဘီလီယံ တန်ဘိုးရှိ ကုန်စည်များ ဖြတ်သန်းရာ ဒေသလည်း ဖြစ်နေ၍ ထိုင်း အတွက်လည်း လွန်စွာ အရေးပါသော မြို့ ဖြစ်နေသည်။ လက်ရှိတွင် စစ်ကောင်စီ သည် ရန်ကုန်-မော်လမြိုင် အစုန် အဆန် ရထား နှစ်စင်း ပြေးဆွဲနေခြင်းကို ရပ်ဆိုင်းထားလိုက်ရပြီ ဖြစ်သည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ပွန်ပရီး ဘဟီဒါ နီကောရာ သည် မဲဆောက်သို့ ရောက်ရှိလာပြီး ပဋိပက္ခတွင် ပါဝင်နေသူ များ အားလုံး နှင့် တွေ့ဆုံ ဆွေးနွေးရမည် ဟု ပြောလာခဲ့သည်၊ ၎င်း၏ နိုင်ငံခြားရေး ဝန်ကြီး ဌာနမှလည်း နိုင်ငံတွင်း အကြမ်းဖက်မှု များ ရပ်ဆိုင်းရန် မြန်မာ စစ်ကောင်စီ အား တောင်းဆိုသည့် ကြေညာချက်ကို ပေးပို့ထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။ တခါဖူးမျှ ထိုသို့ မပြောဘူးသော ထိုင်းသည် ယခုအခါ မြဝတီ မြို့အား မဖျက်ဆီးရန် ပြောလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတား အနီးတွင် ခိုအောင်းလျက် ရှိသော စစ်ကောင်စီ တပ်သား ၂၀၀ ခန့်သည် ယခု အချိန်အထိ မိမိတို့ ဖက်သို့ လာချင်ကြောင်း ပြောဆိုခြင်း မရှိသေးဟု ပွန်ပရီးက ဆိုသည်၊ အကယ်၍ လာချင်သည်ဆိုလည်း လူသားချင်း စာနာထောက်ထားမှု သက်သက်ဖြင့်သာ လက်ခံသွားမည်ဟု လည်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ခလရ ၂၇၅ မှ တပ်များသည် ၎င်းတို့ထံ ရောက်လာမည့် တန်ပြန်ထိုးစစ် နှင့် ပူးပေါင်းရန် ခံစစ် ပြင်နေခြင်း ဖြစ်ပုံရသည်။

 

ထိုင်း စစ်တပ်သည် ယခုအခါ နယ်ခြား တဖက်တွင် တပ်အင်အား စုစည်းကာ အသင့် အနေအထား ဖြင့် စောင့်ကြပ်လျက် ရှိသည်။ ၎င်းတို့၏ လေကြောင်းပိုင်နက် အားလည်း လုံးဝ အသုံးပြုခွင့် ပေးမည် မဟုတ်ဟု ဆိုသည်။ 

 

မြဝတီ ၏ လက်ရှိ အခြေအနေများ နှင့် ပတ်သက်၍ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ဦးဆောင်၍ နယ်ခြားစောင့် လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းကာ ဝန်ကြီးချုပ်က ဥက္ကဌ အဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။ အဆိုပါ လုပ်ငန်း အဖွဲ့သည် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ဆက်သွယ် ဆောင်ရွက်သွားလိမ့်မည်ဟု ယူဆရသည်။

 

ရခိုင်ဖက်တွင်လည်း AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ “အဆုံးသတ် တိုက်ပွဲ” ဆင်နွှဲတော့မည် ဖြစ်၍ စစ်တွေ နှင့် ကျောက်ဖြူ လူထု အား ရွှေ့ပြောင်းကြရန် သတိပေးလာခဲ့သည်။ ထိုသို့ အခြေအနေများ ဆိုးဝါးလာသည့် အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဌာန မှ စစ်တွေရှိ ၎င်းတို့၏ ကောင်စစ်ဝန် ရုံး အမှုထမ်းများသို့ ရန်ကုန်သို့ ရွှေပြောင်းလိုက်ပြီ ဟု သတင်းထုတ်ပြန်လာသည်။

 

ငွေကြေး ပြတ်လတ်လာနေသော မင်းအောင်လှိုင် နှင့် အာဏာသိမ်း အဖွဲ့ အတွက် တပူပေါ် နှစ်ပူဆင့် ဆိုသလို ငွေကုန်ကြေးကျ များလာမည့် အဖြစ်နှင့် ရင်ဆိုင်နေရသည်။ စစ်မြေပြင် တွင် ရှုံးနိမ့်လာနေ၍ လိုအပ်သည့် လက်နက် ပစ္စည်းများ ဝယ်ယူရန် အရင်လို စင်္ကာပူ အား လွယ်လင့်တကူ အားကိုး၍ မရတော့၊ စင်္ကာပူ အစိုးရမှ ကုလသမဂ္ဂ၏ ဖိအားပေးမှု ကြောင့် ထိုပစ္စည်းများ အား မြန်မာသို့ တင်ပို့ နေမှုကို လူမသိသူမသိ ပြင်းပြင်းထန်ထန် အရေးယူလာနေသော ကြောင့် ဖြစ်သည်။

 

မင်းအောင်လှိုင်အဖို့ က ၎င်း အတွက် သေရေး ရှင်ရေး လို ဖြစ်လာနေသော အခြေအနေများကို အလေးအနက် သုံးသပ် တတ်သူ မဟုတ်၍ ယခု အချိန်တွင် မည်သည့်ဖက်က ကြည့်ကြည့် အရေးမပါဟု သုံးသပ်၍ ရသည့် “နိုင်ငံတဝှမ်းလုံး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်‌ရေး အလှုငွေ နှင့် စာအုပ်စာစောင်များ ပေးအပ် လှုဒန်းပွဲ အခမ်းအနား” တွင် ၎င်းအား တွေ့နေရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!