လူလတ်တန်းစားများ ပျောက်ကွယ်၊ လူဦးရေ တဝက်နီးပါး ဆင်းရဲတွင်း နက်လာနေဟု ကုလ ပြော

by Hla Soewai - Apr 24 2024

လူဦးရေ ၅၅ သန်းရှိသော မြန်မာ နိုင်ငံသား တဝက်နီးပါးသည် ဆင်းဆင်းရဲရဲ နေထိုင်ရသည် ဆိုသည့် အဆင့်အောက် ရောက်ရှိနေပြီ ဖြစ်ပြီး ၂၀၁၇ မှ ၂၀၂၃ ကာလ စာရင်းဇယားများထက် နှစ်ဆ တိုးလာပြီ ဖြစ်သည်ဟု ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ ဖွံဖြိုး‌ ရေး အစီအစဉ် UNDP အစီရင်ခံစာ တွင် ဖေါ်ပြထားသည်။

 

အကြမ်းဖက် မှု များ၏ ဒဏ်ရာ ဒဏ်ချက်များ ကြောင့် လူဦးရေ၏ ၄၉.၇ ရာခိုင်နှုန်းသည် တနေ့ ပျမ်းမျှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၇၅ ဆင့် (၁,၅၉၀ ကျပ်) ဖြင့် ရုန်းကန် နေထိုင်လျက် ရှိသည်ဟု ဆိုသည်။

 

ထိုဝင်ငွေ ပမာဏ ဖြင့် နေထိုင်လျက် ရှိသူ များသည် ၂၀၁၇ စာရင်းအရ ၂၄.၈ ရာနှုန်းသာ ရှိခဲ့သည်။

 

နောက်ပိုင်းတွင်လည်း ယခုထက် ပိုဆိုးလာဖွယ် ရှိနေသည်ဟု အစီရင်ခံစာ က ခန့်မှန်းထားသည်။ လက်ရှိတွင် နောက်ထပ် ၂၅ ရာနှုန်းသည်လည်း အထက်တွင် ဖေါ်ပြထားသည့် အနေအထား ရောက်ရှိရန် တဲတဲသာ ကျန်တော့သည်ဟုလည်း ပါရှိသည်။

 

၂၀၂၁ တွင် တနိုင်ငံလုံး ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP သည် ၁၇.၉ ရာနှုန်း ကျဆင်းသွားရသည့် အဖြစ်မှ ယခုထိ ပြန်လည် နာလန်ထူလာနိုင်ခြင်း မရှိသေးဟုလည်း ဆိုသည်။

 

အဆိုပါ အနေအထားကို တောင့်ခံ ထားနိုင်ပြီး စီးပွားရေး ပြန်လည် ဦးမော့လာအောင် ကူညီပေးနိုင်စွမ်း ရှိသည့် လူလတ်တန်းစားများသည် တဖြေးဖြေး လျော့ပါး ပျောက်ကွယ်လာနေပြီး ၎င်းတို့လည်း ဆင်းရဲတွင်း ထဲသို့ ကျဆင်းလိုက်လာနေသည် ဟု ကုလ အစီရင်ခံစာတွင် အသေးစိတ် ပါရှိလာခဲ့သည်။

 

ထိုအခြေအနေမျိုး အထိ မရောက်အောင် ပုံမှန် ဝင်ငွေဖြင့် ထိန်းထားနိုင်သည့် အရည်အတွက်သည် ယခုအခါ ၂၅ ရာနှုန်းခန့်သာ ကျန်တော့သည်ဟု လည်း UNDP အကြီးအကဲ အာချင် စတိန်နာ၏ ထုတ်ပြန် ကြေညာချက်တွင် ပါရှိလာခဲ့သည်။

 

ငွေကြေး ထောက်ပံ့မှု၊ အစားအသောက် ဖူလုံ‌ စေမှု နှင့် အခြေခံ ဝန်ဆောင်မှု လုပ်ငန်းများ အား ဝင်ရောက် လုပ်ကိုင် ပေးနိုင်ခြင်း မရှိက အခြေအနေများ ပို၍ ဆိုးလာမည် ဖြစ်ပြီး၊ ယင်း ဒဏ်ရာဒဏ်ချက်များကို နောက် မျိုးဆက်များအထိ တောက်လျောက် ခံစားသွားရမည် ဖြစ်သည်" ဟုလည်း ပါရှိသည်။

 

မြန်မာသည် ဆင်းရဲနွမ်းပါးမှု ကို ဖြေရှင်းသွားနိုင်ရန် ငွေကြေး ထောက်ပံ့မှုများ အပါအဝင် အခြား နည်းလမ်းများ အသုံးချ သွားနိုင်ရေး အတွက် တနှစ်လျှင် ဒေါ်လာ ၄ ဘီလီယံ ခန့် လိုအပ်နေသည်ဟု UNDP မှ ခန့်မှန်းလာခဲ့ပြီ ဖြစ်သည်။

 

နောက်ဆုံးရရှိသည့် သတင်းများအရ စစ်ကောင်စီ မှ အဝင်အထွက် မလုပ်ရဟု ပိတ်ဆို့ထားသည့် သံတွဲ အနီးတဝိုက်တွင် ရက္ခိုင်တပ်တော် နှင့် စစ်တပ် အကြား တိုက်ပွဲ များ စတင် ဖြစ်ပွားနေပြီဟု သိရသည်။ မောင်းတော မြို့နယ် အတွင်းရှိ ရဲ နှင့် စစ်တပ် အင်အား ၅၀၀ ကျော် နှင့် မိသားစုဝင် ၁၅၀ ခန့် ရှိသော ကြိမ်ချောင်း ဗျူဟာ စခန်းကြီးကိုလည်း သိမ်းပိုက်ရရှိသွားခဲ့ပြီ ဖြစ်သည်။

 

ထိုင်းလေပိုင်နက်အတွင်းသို့ မြန်မာစစ်လေယာဉ်များ ကျူးကျော်လာမှု အား သည်းညည်းခံမည် မဟုတ်ပဲ ဟန့်တားသွားရန် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် က ထိုင်းစစ်တပ်နှင့်လေတပ်ကို အမိန့်ပေး ညွှန်ကြားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိလာသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!