၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာ (၂၈)

by Hla Soewai - Apr 24 2024

အဘယ်ကြောင့် သံရုံးများကို ကျုးကျော်၍ မရသနည်း

 

မြင်ကွင်းကတော့ မူယစ် ဂိုဏ်းကြီး တဂိုဏ်းအား ဝင်ရောက် စီးနင်းနေသလို မျိုး နှင့် ဆင်တူနေသည်။

 

ဧပြီ ၅ ရက် နေ့တွင် မျက်လုံးပေါက် မှ လွဲ၍ မျက်နှာတခုလုံး ဖုံးထားသော အီကွေဒေါ ရဲ အဖွဲ့သည် အဓိကရုဏ်း နှိမ်နှင်းရေး ဒိုင်းများ ကိုင်ဆောင်ကာ သံချပ်ကာ ကားများနှင့် ဂေါ့ဟေး ဂလားစ် ဆိုသူအား ဖမ်းဆီးရန် ရောက်လာကြသည်။

 

သို့သော် ဂေါ့ဟေး ဂလားစ် ဆိုသူသည် မူးယစ်ရာဇာကြီး တော့ မဟုတ်၊ အီကွေဒေါ၏ ဒုသမ္မတ ဟောင်းတဦး ဖြစ်ပြီး မြို့တော် ကွီတို ရှိ မက္ကဆီကို သံရုံး အတွင်း ခိုလှုံနေရသူ ဖြစ်သည်။ ၎င်းအား အကျင့်ပျက် ခြစား မှု ဖြင့် ဖမ်းဆီးခံရမည့် အရေး ကြောင့် မက္ကဆီကို မှ နိုင်ငံရေး ခိုလှုံခွင့် ပြုခဲ့၍ ဒီဇင်ဘာလ မှ စ၍ သံရုံး အတွင်း ‌ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

 

သို့သော် အီကွေဒေါ အစိုးရသည် ယခု အခါ သံရုံးကို ဝင်ရောက် စီးနင်းပြီး ၎င်းအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်သည်။

 

မက္ကဆီကို မှ "အာဏာရှင်ဆန်သော လုပ်ရပ်" ဟု ဆိုကာ ရှုတ်ချ လိုက်ပြီး ၎င်း၏ သံဝန်ထမ်း အားလုံးကို ပြန်လည် ခေါ်ယူလိုက်သည်။

 

သံရုံး အဆောက်အအုံများကို ကျုးကျော်ခြင်း မပြုရဘဲ စောင့်ထိန်းရမည် ဆိုသော သံခင်းတမန် ခင်း ကျင့်ဝတ်များသည် အီကွေဒေါ အစိုးရ မချိုးဖောက်မီ ကတည်းက စိုးရိမ်စရာ ဖြစ်လာနေခဲ့သည်။

 

ထို့မတိုင်မီက အစ္စရေး လေတပ်မှ ဒမတ်စကပ်ရှိ အီရန် ကောင်စစ်ဝန် ရုံးကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် အစ္စရေး သံရုံးများလည်း လုံခြုံ စိတ်ချရခြင်း ရှိမည် မဟုတ်တော့ဟု အီရန် အစိုးရက သတိပေးလာခဲ့သည်။

 

သံရုံး အဆောက်အအုံ နှင့် ဝင်းများအား မည်သို့မည်ပုံ အကာအကွယ် ပေးသွားမည်၊ အဘယ်အတွက်ကြောင့် ထိုသို့ အကာအကွယ်ပေးဖို့ လိုအပ်နေသနည်းဟု မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

 

အစိုးရ များ အနေဖြင့် ပြည်ပ သံရုံးများကို မည်သို့ သဘောထား ပြုမူ သင့်သည် ဆိုသည့် သတ်မှတ်ချက် များသည် ခေါမ နှင့် ရောမ ခေတ်များကတည်းက ရှိပြီး ဖြစ်သည်။

 

၁၉၆၁ တွင် ထိုသို့ လိုက်နာရမည့် စည်းမျဉ်းများကို သံတမန် ဆက်ဆံရေး ဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်း ဖြင့် တရားဝင် ပြဋ္ဌာန်း သတ်‌မှတ် ပေးလာနိုင်ခဲ့သည်။

 

ဗီယင်နာ ကွန်ဗင်ရှင်း၏ အပိုဒ် (၂၂) တွင် သံတမန် အဆောက်အဦး နှင့် ဝင်းများ အား အစဉ် လေးစား လိုက်နာရမည် ဖြစ်ပြီး ချိုးဖောက်ခြင်း မပြုရဟု ဖေါ်ပြထားသည်။ ရဲအဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များသည်လည်း သံအမတ်ကြီး သို့မဟုတ် သံရုံးအကြီးအကဲ၏ ခွင့်ပြုချက် မရပဲ သံရုံး အတွင်းသို့ ဝင်ရောက်ခွင့် မရှိဟု လည်း ပါရှိခဲ့သည်။ အိမ်ရှင် နိုင်ငံသည် သံရုံးများကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု ဆိုသည်။ သံရုံး တွင် လုပ်ကိုင်နေကြသူ အားလုံး အိမ်ရှင် နိုင်ငံ၏ ဥပ‌ဒေ ဖြင့် တရားစွဲဆိုခြင်းမှ ကင်းလွတ်စေရမည် အစရှိသည်ဖြင့် ပါရှိသည်။

 

အချို့အစိုးရ များက ယင်းကို အကာအကွယ်ပြု၍ သံရုံးများက မသမာ သူများကို အကာအကွယ် ‌ပေးနိုင်သည်ဟု မကျေမနပ် ပြောဆိုမှုများ ရှိခဲ့သည်။

 

မည်သို့ပင် ဖြစ်စေ အဆိုပါ စည်းမျဉ်းများက အရေးပါသည်ဟု ဆိုရမည် ဖြစ်သည်။ သံတမန် များ အနေဖြင့် အိမ်ရှင် အစိုးရများ၏ အနှောက်အယှက် ကင်းစွာဖြင့် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရှိရမည်။ ဓါးစာခံ အဖြစ် ဖမ်းဆီးခြင်းမျိုး မခံရမှ ဖြစ်ပေမည်။ ဆတ်ဆတ်ထိ မခံသော နိုင်ငံများ အကြား ဆက်ဆံရေး တည်ငြိမ်အောင် ထိန်းသိမ်းပေးရာလည်း ရောက်ပေသည်။

 

ထိုစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့် ပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်းတို့ သံရုံးများ အတိုက်ခိုက်ခံရက နိုင်ငံကို တိုက်ခိုက်ခြင်းဟု ယူဆထားသည်။ လက်တွေ့တွင် သံရုံးများ ရရှိထားသော အထူး အခွင့် အရေးများကို အခါအားလျှော်စွာ သွေးတိုးစမ်းခြင်း ခံခဲ့ရသည်။

 

၁၉၇၉ တွင် အာဏာရလာသော အီရန် အစ္စလမ် တော်လှန်ရေး အစိုးရ၏ အားပေးမှုဖြင့် ကျောင်းသား တက်ကြွလှုပ်ရှားသူများသည် တီဟီရန်ရှိ အမေရိကန် သံရုံး အုတ်တံတိုင်းကို ကျော်ခွတက်ကာ သံတမန်များ နှင့် ဝန်ထမ်း စုစုပေါင်း ၅၀ ကျော်ကို ဓါးစာခံ အဖြစ် ဖမ်းဆီးပြီး ရက်ပေါင်း ၄၄၄ ရက်ကြာအောင် ထိမ်းသိမ်းထားခဲ့သည်။

 

နိုင်ငံတကာ တရားရုံးချုပ်မှ အီရန် အား အပြစ်ကျူးလွန်ကြောင်း မဆိုင်းမတွ ဆုံးဖြတ်ပေးခဲ့သည်။ နှစ်နိုင်ငံ အကြား ဆက်ဆံရေးသည်လည်း မည်သည့်အခါမျှ ပြန်လည် ကောင်းမွန်လာခြင်း မရှိတော့ဘဲ အီရန်သည်လည်း ကမ္ဘာအပယ်ခံ ဘဝ ရောက်ခဲ့ရသည်။

 

အချို့သော အစိုးရများ မှလည်း ထိုသို့ သံရုံး၏ အခွင့်အရေး များ ချိုးဖောက်မှုများအား လက်မခံပဲ အရေးယူလာခဲ့သည်။ ၁၉၈၄ တွင် လန်ဒန် ရင်ပြင်ရှိ တာဝန်ကျ ရဲ အဖွဲ့ဝင်တဦးအား လစ်ဗျားသံရုံး ထဲမှ လက်ဖြောင့် သမားတဦး၏ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။ ထို့နောက်တွင် ဗြိတိသျှ အစိုးရမှ သံရုံးများ၏ အခွင့်အရေး များကို အလွဲသုံးစား ပြုလာက အကာအကွယ် ပေးတော့မည် မဟုတ်ဆိုသော ဥပ‌ဒေ ကို ပြဋ္ဌာန်းလာခဲ့သည်။

 

ယနေ့ အချိန်အထိ ထိုဥပ‌ဒေအား တကြိမ်သာ အသုံးချခဲ့သေးသည်။ လူနေထိုင်ခြင်း မရှိသော ကမ္ဘောဒီယား သံရုံး အတွင်း ဝင်ရောက် ကျုးကျော်နေထိုင်သူများကို ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

 

၂၀၁၂ တွင် ဗြိတိန်သည် ထိုဥပ‌ဒေအား နောက်တကြိမ် အသုံးချရန် စဉ်းစားလာခဲ့သည်။ ဝီကီလိခ် တည်ထောင်သူ ဂျုလီယန် အာဆန်းခ်ျ သည် လန်ဒန်ရှိ အီကွေ‌ဒေါ သံရုံးတွင် ခိုလှုံနေခိုက် ဖြစ်သည်။ ၎င်းအား လိင်မှု ရေးရာ အကြမ်းဖက်မှု ဖြင့် ဆွီဒင်မှ ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုလာသည်။

 

ထိုစွပ်စွဲချက်အား နောက်ပိုင်း တွင် ဆွီဒင်မှ ရုပ်သိမ်း သွားခဲ့သော်လည်း ၎င်းအား ပေးထားသော နိုင်ငံ‌ ရေး ခိုလှုံခွင့်ကို အီကွေဒေါမှ ၂၀၁၉ တွင် ရုပ်သိမ်းလိုက်သည့် အခါတွင်တော့ ဗြိတိန် ရဲအဖွဲ့၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ယခုအခါ အမေရိကန် မှ အစိုးရ ကွန်ပြူတာများကို တရားမဝင် ဝင်ရောက် ကြည့်ရှူ ကူးယူမှု ဖြင့် အရေးယူနိုင်ရေး အတွက် ၎င်းအားလွှဲပြောင်းပေးရန် တောင်းဆို နေမှု အပေါ် ဗြိတိသျှ တရားရုံး၏ စီရင်ချက်ကို စောင့်ဆိုင်းနေရပြီ ဖြစ်သည်။

 

သံရုံးများ၏ အခွင့်အရေး နှင့် ပတ်သက်၍ ဗီယင်နာ ကွန်ဗင်ရှင်းတွင် အိမ်ရှင်နိုင်ငံများ၏ တာဝန် သာဟု ဖေါ်ပြထားသော်လည်း ကြားအဖွဲ့အစည်း ၏ တိုက်ခိုက်လာမှု နှင့် ပတ်သက်၍ မူ‌ ဖေါ်ပြထားခြင်း မရှိပေ။.လက်နက်ကိုင် ပဋိပက္ခများ ဆိုင်ရာ ဥပဒေများ တွင်လည်း သံရုံးအား စစ်ရေးအတွက် အသုံးချ လာခဲ့လျှင် ကာကွယ် စောင့်ရှောက်ခံရမှု အဆုံးသတ် သွားမည် ဖြစ်သည်။

 

ထိုအချက်အား အသုံးချ၍ ဒမတ်စကပ်ရှိ အီရန် ကောင်စစ်ဝန် ရုံးသည် စစ်ဖက် ဆိုင်ရာ အဆောက်အအုံ အဖြစ် အသုံးပြုနေခြင်းဟု အစ္စရေး စစ်ဖက်မှ လျှောက်လှဲချက်ထုတ်လာသည်။ အီရန် ဖက်ကလည်း အစ္စရေး သံရုံးများအား ၎င်းတို့ မှ ပြန်၍ လက်စားချေ တိုက်ခိုက်လာမည့် အရေး အတွက်လည်း အလားတူ အကြောင်းပြ လာနိုင်သည်။

 

မက္ကဆီကို မှ အီကွေဒေါ၏ လုပ်ရပ်အား နိုင်ငံတကာ တရားရုံးချုပ်သို့ တိုင်တန်းသွားမည်ဟု ဆိုသည်။ တရားရုံးချုပ်မှ မက္ကဆီကို အား အနိုင်ပေးဖွယ် ရှိသော်လည်း အီကွေဒေါအား အပြစ်ဒဏ် ခတ်ဖို့ကား များများစားစား လုပ်နိုင်စရာ မရှိ ဖြစ်နေသည်။ အီကွေ‌ဒေါအားလည်း အ‌မေရိကား နိုင်ငံများ အဖွဲ့အစည်း မှ ထုတ်ပယ်ကောင်း ထုတ်ပယ်ပစ်နိုင်သည်။

 

သို့သော် အီကွေဒေါ သမ္နတ အာဏာရှင်ဆန်သူ ဒင်နီရယ် နဘိုဝါ က မူ ၎င်း၏ လုပ်ရပ်ကြောင့် ပြည်တွင်း တွင် လူကြိုက်များမှု မြင့်တက်လာနိုင်သည်ဟု တွက်ဆနေပုံ ရသည်။ ၎င်းကိုယ်၎င်းလည်း ရာဇဝတ်မှု များ ကို ခပ်ကြမ်းကြမ်း ကိုင်တွယ်တတ်သူ အဖြစ် အရောင်တင်လိုပုံရသည်။ သို့သော် ၎င်း၏ လုပ်ရပ်သည် ကမ္ဘာ တွင် ကျုးလွန်နေသော ဥပဒေမဲ့ အပြုအမူ များ ထဲ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၄ ဧပြီ ၉ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Why are embassies supposed to be inviolable?" ကို ပြန်လည် တင်ပြသည်။)