ဂလိုဘယ်လိုက်ဇေးရှင်း နှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး ထွက်ပေါ်လာနေ၍ အငြင်းပွားဖွယ် ဖြစ်လာရသည်။ ထိုအထဲတွင် အားလုံး သိထားပြီး ဖြစ်သော အလုပ်အကိုင်များ ဆုံးရှုံးလာခြင်းသည်လည်း အကြောင်းတခု အဖြစ် ပါဝင်နေသည်။ ပြည်ပ မှ ဝင်ရောက် ယှဉ်ပြိုင်မှု များ ရှိလာခြင်း နှင့် သွင်းကုန်များ ကြောင့် ဖြစ်သည်ဟု အပြစ်ဖို့ ခဲ့ကြသည်။
ယင်းသည် အချို့နေရာများ တွင် မှန်ကန်သော်လည်း နည်းပညာများ ဆန်းသစ်လာပြီး ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးပေါပေါ နှင့် အရည်အသွေးမှီ ထုတ်လုပ် ဆောင်ရွက်ပေးလာနိုင်ခြင်း ကြောင့် ဟု ဆိုလျှင် ပို၍ မှန်ကန်မှု ရှိနိုင်ပေသည်။
မည်သို့ပင် ဆိုစေ ဂလိုဘယ်လိုက်ဇေးရှင်း အား သံသယ ဖြင့် ရှူမြင်နေကြဆဲ ဖြစ်သည်။ ယင်းမှ ရရှိသော အကျိုးအမြတ်များသည် နေရာအနှံ့ ခံစားခွင့်ရှိနေသည် ဆိုသော်လည်း တဖြေးဖြေး နှင့် တဆင့်ပြီး တဆင့် ရရှိလာခြင်းမျိုး ဖြစ်နေသည်။ သို့သော် ဆိုးကျိုး များက တလုံးတခဲနှင့် ပို၍ ထင်သာ မြင်လာ ဖြစ်လာခဲ့သည်။
အမေရိကန် တို့သည် ပြည်ပမှ သွင်းလာသည့် ကားများအား ဈေးသက်သက်သာသာ ဖြင့် ဝယ်ယူခွင့် ရလာ၍ ငွေကြေး စုမိဆောင်းမိ ရှိလာသည်။ တဖက်တွင် သွင်းကုန်များ ဈေးပေါပေါ နှင့် ဝယ်ယူနိုင်နေ၍ ပြည်တွင်းရှိ စက်ရုံများ ပိတ်ကုန်ကြသဖြင့် အလုပ်ပြုတ်သွားသော အမေရိကန် အလုပ်သမားတို့၏ မိသားစု ဘဝသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်သည်။ သို့သော် စီးပွားရေး ပညာရှင်များက တနိုင်ငံလုံး အတိုင်းအတာ နှင့် တိုးတက်ကောင်းမွန်လာသည်ဟု ပြောလာကြသော်လည်း ဆိုးသည့် အပိုင်းများက ရှိနေဆဲ ဖြစ်သည်။
ဂလိုဘယ်လိုက်ဇေးရှင်းသည် ဒေသတခု၏ သွင်ပြင်လက္ခဏာ နှင့် ယဉ်ကျေးမှု ကို ခြိမ်းခြောက်လာနိုင်သည်။ လုပ်ငန်းငယ်များသည် စီးပွားရေး အင်အား တောင့်တင်းပြီး လူကြိုက်များသည့် ကုန်အမှတ် တံဆိပ်များ ကမ္ဘာတဝှမ်း ထုတ်လုပ်နေသည့် ကုမ္ပဏီကြီးများ နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။ မက်ဒေါနယ် နှင့် စတားဘတ်ခ် ကဲ့သို့ ဆိုင်များသည် ကမ္ဘာ အနှံ့ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ မိရိုးဖလာ နေထိုင်လာကြသူများ အဖို့ တီဗီ၊ ရုပ်ရှင်နှင့် အင်တာနက်များမှ တဆင့် မြင်တွေ့လာရသော အသစ် အဆန်းများ နှင့် အိုင်ဒီယာများ၏ ဆွဲဆောင်မှု ကို တွန်းလှန် နိုင်စွမ်း မရှိခဲ့ကြ။
ယှဉ်ပြိုင်လာမှု များက ဘက်မညီ ဖြစ်လာသည်၊ လူတဦးချင်းစီ နှင့် လူ့အဖွဲ့အစည်းများကြောင့် ဂလိုဘယ်လိုက်ဇေး ရှင်းကို သက်ရောက်နိုင်မှု သည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လူတဦးချင်းစီ နှင့် လူ့အဖွဲ့အစည်း အပေါ် သက်ရောက်နိုင်စွမ်း နှင့် နှိုင်းစာလျင် မပြောပလောက်ပေ။
ခြုံ၍ ပြောရလျှင် ဂလိုဘယ်လိုက်ဇေးရှင်းသည် ခေတ်သစ် ကမ္ဘာကြီး အား လွန်စွာ အားကောင်းစွာ ရိုက်ခတ်နိုင်သော လှိုင်းတံပိုးကြီးပင် ဖြစ်သည်။ အကျိုးအမြတ်များ နှင့် အတူ စိန်ခေါ်မှုများလည်း ထွက်ပေါ်လာရသည်။
အစိုးရ အဖွဲ့ တခုချင်းစီ နှင့် ကမ္ဘာကြီး အဖို့ အကျိုးရှိရာ ရှိကြောင်းများကို မြှင့်တင်ပေးပြီး အန္တရာယ် ပေးနိုင်သည်များကို တွန်းထုတ် ဖယ်ရှားပစ်ရမည့် တာဝန် များ ရှိလာသည့် အပြင် အခက်အခဲ ဒုက္ခများ နှင့် ရင်ဆိုင်လာရသော လူများ နှင့် နိုင်ငံများ အားလည်း အကူအညီများ ပေးရမည် ဖြစ်သည်။
အကြမ်းဖက် ဝါဒ နှင့် ယင်းအား တန်ပြန် တိုက်ဖျက်ရေး
********
အကြမ်းဖက် ဝါဒ အား အကောင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုရမည် ဆိုလျှင် အစိုးရ မဟုတ်သော အဖွဲ့အစည်း non-state actor တခုမှ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် များ အား အကောင်အထည် ဖေါ်သည့် အနေဖြင့် အရပ်သားများကို တိုက်ခိုက်လာခြင်းဟူ၍ ဖြစ်သည်။ ထိုအဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ပါသည့် စကားလုံး အများအပြားသည် လွန်စွာ အရေးပါနေသည်။
အကြမ်းဖက်ဝါဒ ဟု သတ်မှတ်ရန် နိုင်ငံရေး ရည်မှန်းချက် တခု အား အကောင်အထည် ဖေါ်နိုင်ရန် ရည်ရွယ်ချက် ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား အကြမ်းဖက် ခြင်း၊ ထိုသို့ အကြမ်းဖက်ရန် အသွင်တမျိုးမျိုး နှင့် ခြိမ်းခြောက်ခြင်း တို့ ရှိနေရမည်။ ယင်းသည် နိုင်ငံရေး လှုံ့ဆော်မှု မရှိပဲ ကျုးလွန်သည့် ရာဇဝတ်မှု များ နှင့် လွန်စွာ ခြားနားနေသည်။ ထို့အပြင် နိုင်ငံများ အကြား ဖြစ်ပွားသော သမာရိုးကျ စစ်ပွဲများ နှင့်လည်း မတူပေ။ အရပ်သားများအား ပစ်မှတ် မထားသော်လည်း စစ်ပွဲကြောင့် ထိခိုက်သေကြေ ရမှု ကို လည်း အကြမ်းဖက်ခြင်း ဟု မသတ်မှတ်ပေ။
ဤနေရာတွင် အဘယ်ကြောင့် နိုင်ငံ အစိုးရများထက် လူပုဂ္ဂိုလ် တဦးဦး နှင့် အုပ်စုတစုက ကျုးလွန်မှု ကိုသာ အကြမ်းဖက်ဝါဒ အဖြစ် သတ်မှတ်ရသနည်းဟု မေးစရာ ရှိလာသည်။ နိုင်ငံ တနိုင်ငံ မှ အခြား နိုင်ငံ ၏ နိုင်ငံသားများ ရည်ရွယ်ချက် ရှိရှိ ဖြင့် အကြမ်းဖက်လာသည့် လုပ်ရပ် အတွက် ခေါင်းစဉ် သပ်သပ် ရှိသည်၊ ယင်းကို "စစ်ပွဲ" ဟု သတ်မှတ်ကြသည်။
သို့သော် ငြားလည်း နိုင်ငံများသည် ၎င်းတို့အတွက် အသုံးတည့်၍ အကြမ်းဖက် သမားများကို ပံ့ပိုးပေးလာမည် ဆိုလျှင် အကြမ်းဖက် ဝါဒ ကို အားပေးသော အစိုးရ အဖြစ် သတ်မှတ်ခံရပြီး ဒဏ်ခတ်ခြင်း၊ တိုက်ခိုက်ခံရခြင်း စသည့် အန္တရာယ်များ နှင့် ကြုံလာရဖွယ် ရှိနေသည်။ အနီးစပ်ဆုံး ဥပမာ အဖြစ် ၂၀၀၁ 9/11 တိုက်ခိုက်မှု အပြီး အာဖဂန်နစ္စတန် ရှိ တာလီဘန် အစိုးရ မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို တွေ့နိုင်ပေသည်။ အမေရိကန် နှင့် မဟာမိတ်များသည် တာဘီဘန် တို့မှ အယ်ကိုင်ဒါ အကြမ်းဖက်သမား များကို ခိုလှုံခွင့် ပေးထားသည်ဟု ဆုံးဖြတ်ပြီး ဖယ်ရှားပစ်ခဲ့ကြသည်။
အထက်တွင် ဖေါ်ပြခဲ့သည့် အကြမ်းဖက် ဝါဒ အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်အား အများအားဖြင့် လက်ခံထားသော်လည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် တညီတညွတ်တည်း လက်ခံသည့် ဖွင့်ဆိုထားချက် မျိုးတော့ မရှိသေးပေ။ အဘယ်ကြောင့် ဆိုသော် ပုဂ္ဂိလဓိဋ္ဌာန် သဘော ပါဝင်နေသည်ကို ဖယ်ထုတ် ဖွင့်ဆိုဖို့ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်။ တသီး ပုဂ္ဂလ များ နှင့် အစိုးရများသည် ၎င်းတို့ ထောက်ခံအားပေးနေသည့် ရည်မှန်းချက်များကို အကြမ်းဖက်ဝါဒ အဖြစ် တံဆိပ် တပ်ခံရမည်ကို မလိုလားကြသောကြောင့် လည်း ဖြစ်သည်။
ရှေးဟောင်း ဆိုရိုး တခုအရ ဆိုလျှင် တစုံတယောက် အတွက် အကြမ်းဖက်သမား ဖြစ်နေသော်လည်း ကျန်တယောက် အတွက်မူ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည့် သူရဲကောင်း ဖြစ်နေပေမည်။
မကြာမီ နှစ်များ အတွင်း အစိုးရများ အကြား ယခင်ကထက် ပို၍ သဘောထား ပို၍ တူညီလာခဲ့ကြသည်က မည်သို့သော အရေး၊ မည်သို့သော ရည်မှန်းချက်မျိုး ဖြစ်စေကာမူ အကြမ်းဖက်မှု အား တရားမျတသည့် လုပ်ရပ်ဟု ပြောဆိုလာမှု ကို လက်မခံနိုင်ဟူ ၍ ဖြစ်ပေသည်။