ပြေးစရာ မြေမရှိ

by Hla Soewai - Apr 24 2024

ယမန်နေ့ည ၉:၁၇ တွင် မင်းအောင်လှိူင် နှင့် အဖွဲ့ လာရောက် အပန်းဖြေ မည်ဟု ယူဆရသော ပြင်ဦးလွင်ရှိ တည်းခိုမည့် နေရာ၊ စစ်တက္ကသိုလ် နှင့် ပတ်ဝန်းကျင်သို့ တနာရီ ခွဲကျော်ကြာအောင် ၁၀၅ မမ ရှော့တိုက် ဒုံးကျည် ၃၅ စင်း မျှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြ၍ ငရဲပွက်တမျှ ယောက်ယက်ခတ် ကုန်သည်ဟု သိရသည်။

 

ထိုအချိန်သည် လာရောက်သူများ အဖို့ အိမ်ပြင် ထွက်၍ ဘီယာ‌ လေး စုပ်ရင်း အနားယူ ၍ ‌အကောင်းဆုံး အချိန်လည်း ဖြစ်သည်။ အခြေအနေများက ရှုပ် ထွေးနေ၍ သတင်း အတိအကျ ထွက်ပေါ်ခြင်း မရှိသေးပေ။

 

မင်းအောင်လှိုင်သည် ကောက်ကျစ်သူ ပီပီ ၎င်း တကယ် မသွားပဲ သတင်းလွှင့်သည်မျိုးလည်း ဖြစ်နိုင်ပေသည်။

 

မည်သို့ပင် ဆိုစေ ၎င်းတို့ အဖို့ မည်သည့် နေရာမျှ လုံခြုံ မှု မရှိတော့ဟု ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။

 

နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဟု အမည်ပေးထားသော စစ်အာဏာသိမ်း အဖွဲ့၏ တုန်လှုပ် ခြောက်ခြား ခန်း က စတင်လာပြီ ဖြစ်သည်ဟု အစချီကာ ဝါရှင်တန် စစ်ကောလိပ်မှ မြန်မာ အရေး အား မျက်ခြေမပြတ် စောင့်ကြည့် လေ့လာနေသူ ပါမောက္ခ ဇာခါရီ အဘူဇာ မှ RFA တွင် ယခုလို သုံးသပ် ရေးသားလာခဲ့သည်။

 

ဧပြီ ၄ ရက်နေ့တွင် ၎င်းတို့ ၏ စစ်ဌာနချုပ်၊ ဧလာ လေတပ် စခန်း၊ မင်းအောင်လှိုင် နေထိုင်ရာ အိမ် ဆီသို့ ဒရုန်း ၂၉ စင်း ချင်းနင်း ဝင်ရောက်လာခဲ့သည်။

 

စစ်တပ်မှ ဒရုန်း ၁၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး မယ်မယ်ရရ ထိခိုက် ပျက်စီးခြင်း မရှိဟု ပြောလာသော်လည်း တော်လှန်ရေး တပ်ဖွဲ့များက ငါးဦး အထိ အသေအပျောက် ရှိခဲ့သည်ဟု ဆိုသည်။

 

မည်သို့ပင် ဖြစ်စေ ၎င်းတို့ အပေါ် စိတ်ဓါတ်ရေးပိုင်း ဆိုင်ရာ သက်ရောက်မှု ရှိအောင် ပြုလုပ်နိုင်ခဲ့မှုက ထိရောက်မှု ရှိသည်ဟု ဆိုရမည် ဖြစ်သည်။ 

 

နေပြည်တော်သည် စစ်ကောင်စီ အတွက် မည်သို့မျှ ထိုးဖေါက်၍ မရ အောင် တည်ဆောက်ထား‌ သောခံတပ်ကြီး မျိုးလည်း ဖြစ်နေသည်။ ထိုအတွက်လည်း စစ်ဗိုလ်ချုပ်ကြီးများ စိတ်ထဲတွင် လေဗူပေါင်း ထဲတွင် လုံခြုံစွာ နေ နေရသည်ဟု သရုပ်သကန် အထင်အရှား ပေါ်လွင်နေသည်ဟု ယူဆထားကြပြီးလည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော မှ ၎င်းတို့၏ အာရုံကြောလို ဖြစ်နေသည့် ဗဟို အချက်အချာ နေရာ အား တိုက်ခိုက်ပြလိုက်ခြင်းဖြင့် လုံခြုံသည့် နေရာဟူ၍ မရှိတော့ ဆိုသည်ကို သိအောင် မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်သည်ဟု ပြောလာသည်။

 

စစ်ကောင်စီ မှ ချက်ခြင်းလို တပ်များကို နေပြည်တော်သို့ ပြန်ခေါ်ပြီး တုန့်ပြန်လာခဲ့သည်။

 

ထိုထက် ပို၍ အရေးပါသွားခဲ့သည်က ဒရုန်း ဖြင့် တိုက်ခိုက်မှု ကြောင့် နဂိုကတည်းက စိတ်ဓါတ်ရေးရာ အရ ကျဆင်းနေသော စစ်တပ် အဖို့ အခြေအနေ ပို၍ ဆိုးသွားစေခဲ့ ခြင်းပင် ဖြစ်သည်။

 

ထိုသို့ တိုက်ခိုက်ခံရခြင်း အတွက် စစ်ဖက်အရာရှိကြီးများ အား တရားခံ ရှာကြပေတော့မည်၊ ထိုအထဲမှ လွတ် ကျန် ခဲ့သူများသည်လည်း ရသမျှ အချိန် အတွင်း ၎င်းတို့ မသမာသော နည်းဖြင့် စုဆောင်းရငွေများကို နိုင်ငံ ပြင်ပသို့ သယ်ထုတ်ကြပေတော့မည်။

 

စိတ်ဓါတ်များ ယိမ်းယိုင် ကျဆင်းလာနေသည် နှင့် အမျှ နိုင်ငံ အနှံ့ တိုက်ခိုက်ခံ‌ နေရ မှု ကို နဲနဲ နှင့် ကျဲကျဲ ခုခံ တွန်းလှန်နေရပြီ ဖြစ်၍ ထင်တိုင်းမပေါက် ဖြစ်လာနေသည်။ ၁၀၂၇ စစ်ဆင်ရေး ဖြင့် ဆုံးရှုံး ခံလိုက်ရသော နယ်မြေများကို လည်း တခုတလေမျှ ပြန်သိမ်းယူ နိုင်ခြင်းလည်း မရှိခဲ့ပေ။

 

ကရင် ပြည်နယ် အတွင်း ယခင်က စစ်တပ် နှင့် မဟာမိတ် ပြုထားခဲ့သော နယ်ခြားစောင့် တပ်သည်လည်း လက်တွဲ ဖြုတ်သွားခဲ့ပြီ ဖြစ်သည်။

 

ကချင် လွတ်လပ်ရေး တပ်သည်လည်း နိုင်ငံ မြောက်ပိုင်း တွင် ဆက်လက် ထိုးစစ်ဆင်လျက် ရှိနေပြီး စစ်စခန်း ပေါင်း ၆၀ ကျော် နှင့် အဓိက နယ်ခြား ဂိတ်များ၊ အဝေးပြေး လမ်းမကြီးများကို ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

 

နိုင်ငံ အနောက်ခြမ်း ရခိုင် ပြည်နယ် တွင်လည်း မြို့ပေါင်း ၁၆ မြို့ရှိသည့် အနက် ၈ မြို့ကို ရက္ခိုင်တပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။ စစ်တပ်အား ရခိုင် မြောက်ပိုင်း ဒေသ တခွင်မှ မောင်းထုတ် ပစ်နိုင်ခဲ့ပြန်သည်။

 

ချင်း ဒေသတွင် တော်လှန်ရေး အဖွဲ့ အချင်းချင်း အကွဲကွဲ အပြားပြား ဖြစ်နေပြီး ထိထိရောက်ရောက် ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးသော်လည်း တောတောင်ထူထပ်သည့် မြေပြင် အနေအထား ကြောင့် စစ်တပ် အနေဖြင့် မည်သို့‌ သော တန်ပြန်ထိုးစစ်မျိုး ဆင်နွှဲမည်ဆို‌ စေကာမူ အကျအဆုံး များမည့် အရေးနှင့် ကြုံရဦးမည် ဖြစ်သည်။

 

စစ်ကောင်စီ သည် လက်ရှိ ပွင့်လင်းရာသီ အတွင်း မှာပင် ၎င်းတို့၏ မြေပြင် သမာယိုးကျ တပ်များ စုစည်းပြီး ထိုးစစ်ကြီး မဆင်နွှဲနိုင် ဖြစ်နေသည်၊ မိုးရာသီ ရောက်လာသည်နှင့် ပျောက်ကြား တော်လှန်ရေး တပ်များ ဖက်က အလေးသာလာတော့မည် ဖြစ်သည်။

 

သို့သော် မြန်မာ အများစု နေထိုင်ရာ နိုင်ငံ အလယ်ပိုင်း ရှိ စစ်ကိုင်း နှင့် မကွေး ဒေသများကို ဦးစားပေး တိုက်ခိုက်နေသည်။ ထို‌ဒေသများအား ထိန်းချုပ်ချင်သော ဇော ဖြင့် ရက်စက် ကြမ်းကြုတ်သည့် နည်းလမ်း များ ဖြစ်သည့် ရွာများကို မီးရှို့ခြင်း၊ အရပ်သား များကို တမင်တကာ ပစ်မှတ်ထားပြီး လေကြောင်း မှ တိုက်ခိုက်ခြင်း၊ ဖမ်းမိသူများအား ဖနှိပ်စက်ခြင်း၊ ခေါင်းဖြတ် သတ်ခြင်း အစရှိသည့် ကြောက်မက်ဖွယ်ရာ လုပ်ရပ် တို့ကို ဂမူးရှူးထိုး ကျုးလွန်လာကြသည်။

 

ယခုအပတ် အတွင်း တော်လှန်ရေး တပ်ဖွဲ့များက မြဝတီ ကို သိမ်းပိုက် နိုင်ခဲ့သည်။ စစ်တပ်ဖက်မှ မိသားစု များ အပါအဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချခဲ့ကြသည်။

 

ထို့ထက် ပို၍ အရှက်တကွဲ ဖြစ်သွားခဲ့ရသည်က မဲဆောက်ဖက်ခြမ်း သို့ ရောက်လာမည့် ၎င်းတို့၏ စစ်ဖက် နယ်ဖက်မှ အရာရှိများ နှင့် မိသားစုများကို သယ်ထုတ်ရန် အထူး လေယာဉ်အား သုံးကြိမ်တိုင် ဆင်းခွင့်ပြုရန် ထိုင်း အာဏာပိုင်များထံ တောင်းဆိုလာခဲ့ရခြင်း ပင် ဖြစ်သည်။

 

ပထမဆုံး စေလွှတ်လိုက်သော လေယာဉ် ဖြင့် ငွေများကို သာ သယ်ထုတ်သွားသည်ဟု စွပ်စွဲမှု များ ထွက်ပေါ်လာခဲ့သည်။

 

လေယာဉ် ဆင်းသက်ခွင့် တောင်းဆိုသော သတင်းသည် မီဒီယာများထံ ပေါက်ကြားသွားသဖြင့် အရှက်တကွဲ ဖြစ်ခဲ့ရသော စစ်ကောင်စီသည် နောက်ထပ် လေယာဉ် စေလွှတ်ဖို့ ရှိသည်များကို ဖျက်သိမ်း ပစ်လိုက်သည်။

 

မြဝတီကို ပြန်သိမ်းရန် ကြိုးပမ်းမှု များလည်း မအောင်မမြင် ဖြစ်ခဲ့ရသည်။ မြို့အစပ်သို့ ဗုံးကြဲခြင်း၊ အရပ်သားများကို ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့ကြသည်။

 

တပ်စု အလိုက် တပ်ကို စွန့်ခွာ ထွက်ပြေးသည်များကို ဆက်၍ မြင်တွေ့နေရသည်။ ကချင်ပြည်နယ်ဖက်မှ တပ်သား ၆၀ ခန့် တရုတ်ဖက်သို့ ဝင်ပြေးသွားခဲ့ကြသည်။ စစ်ကိုင်းဖက်တွင် ပြည်သူ့ကာကွယ်ရေး တပ်များက စစ်ကောင်စီ တပ်သား ၁၂၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပြန်သည်။

 

ထွက်ပြေးလာသူများ၏ အပြောအရ ၎င်းတို့ ရိက္ခာ၊ ဆေးဝါး နှင့် လက်နက်များ လက်ခံရရှိခြင်း မရှိခဲ့ဟု သိရသည်။ ထိုသို့သော အနေအထား တွင် စိတ်ဓါတ် နှင့် စစ်စည်းကမ်းများ ပြိုလဲလာရစမြဲ ဖြစ်သည်။

 

အာဏာသိမ်းခဲ့ချိန် ၂၀၂၁ ဖေဖေါ်ဝါရီ လ မှစ၍ စစ်ကောင်စီဖက်မှ ရဟတ်ယာဉ် အကြီးစား သုံးစင်း အပါအဝင် စုစုပေါင်း လေယာဉ် ၁၂ စင်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ယင်းသည် စစ်တပ် အဖို့ တပ်သား သယ်ယူ ပို့ဆောင်ရေး နှင့် ထောက်ပို့ လုပ်ငန်းများ ဖက်တွင် အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။

 

မြို့ပြ ပျောက်ကျား တပ်ဖွဲ့များသည်လည်း ရန်ကုန်ရှိ စစ်‌ ရေး ပစ်မှတ်များအား ပြီးခဲ့သည့် လအနည်းငယ်မှ စ၍ ဆက်တိုက်ဆိုသလို ဗုံးခွဲ တိုက်ခိုက်နေကြသည်။ 

 

စစ်ကောင်စီသည် ထိုအနေအထားမျိုး ကြုံလာရသည့် အခါ မျှော်လင့်ထားသည့် အတိုင်းပင် လက်ညိုးထိုး အပြစ်ပုံချနိုင်ရန် တရားခံ ရှာသည့် အနေဖြင့် ဗိုလ်ချုပ်ကြီးများကို အလဲအလှယ် လုပ်လာကြသည်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ၏ စစ်တမ်းများအရ အာဏာသိမ်းပြီးချိန်မှစ၍ စုစုပေါင်း စစ်အရာရှိကြီး ၅၆ ဦးကို အပြောင်းအရွှေ့ လုပ်ခဲ့ပြီးပြီဟု သိရသည်။

 

စစ်ကောင်စီ အားလည်း ပြန်လည် ဖွဲ့စည်း ခဲ့သည်မှာ လေးကြိမ် ရှိသွားပြီ ဖြစ်ပြီး ဝန်ကြီးချုပ် နှင့် ဒုဝန်ကြီးချုပ် အောက် အဆင့် ၅၁ ဦး တွင် ယခုထိ တည်မြဲနေသည်မှာ ၁၁ ဦးသာ ရှိသည်။ လက်ရှိ စစ်ကောင်စီ တွင် အဖွဲ့ဝင် ၁၈ ဦးသာ ရှိပြီး မင်းအောင်လှိုင်သည် ၎င်းအား သစ္စာခံ စိတ်တော်သိ ဗောင်းတော်ငြိမ့်များ နှင့် ဝိုင်းရံထားခြင်း ဖြစ်သည်။

 

မတ်လမှစ၍ စစ်ကောင်စီသည် တိုင်းမှုး လေးယောက်ကို ရွှေ့ပြောင်းခဲ့ပြီး ဖြစ်သည်။ ယခုလ အစောပိုင်းတွင် တရုတ်ဖက်မှ အွန်လိုင်း ငွေလိမ် ဂိုဏ်းများ နှင့် ပတ်သက် ဆက်နွယ်နေသည်ဟု ဖိအား‌ ပေးမှုဖြင့် ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း အား ရာထူးမှ ထုတ်ပယ်ခဲ့သည်။

 

‌၎င်းတို့နှင့် ဆက်ဆံနေသူ အနည်းငယ်သာ ရှိ၍ စစ်ကောင်စီ အနေဖြင့် တရုတ်ဖက်က တောင်းဆိုချက်ကို လိုက်လျောယုံ မှ တပါး အခြားနည်းလမ်း မရှိပေ။ စစ်ကောင်စီ သည် ယခုအခါ လက်အောက် အရာရှိများ၏ ဝင်ငွေရရာ ရကြောင်း လမ်းများကို ဖယ်ရှားလာနေပြီ ဖြစ်သည်။

 

ဖမ်းဆီးခံရသည့် စစ်ဖက် အရာရှိကြီးများ ထဲတွင် စစ်မြေပြင်မှ လူများလည်း ပါဝင်နေသည်။ ၎င်းတို့၏ အမိန့်ဖြင့် ရှမ်းမြောက်ဒေသတွင် လက်နက်ချရေး ဆွေးနွေးခဲ့ကြသူများ အား ခုံရုံးတင်ပြီး သေဒဏ် အပြစ်ပေးခဲ့သည်။

 

အထက်တန်း အရာရှိကြီးများကို စစ်ဆင်ရေး တွင် ချ သုံးလာခြင်းက မည်သို့မျှ အောင်မြင်နိုင်စရာ မရှ်ိပဲ စစ်ခေါင်းဆောင်ပိုင်းတွင် ယုံကြည်မှု ကင်းမဲ့လာသည့် ဂမူးရှူးထိုး လုပ်ရပ်မျိုးသာ ဖြစ်သည်။

 

၇၉ ကြိမ်မြောက် စစ်ရေးပြပွဲ အခမ်းအနားအားလည်း သိသိသာသာ ပင် အကျဉ်းရုံးပြုလုပ်လာခဲ့သည်။ စစ်အင်အား ကို နိုင်ငံ အနှံ့ ဖြန့်ချထားရ၍ အခမ်းအနား အတွက် လိုအပ်နေသည့် အင်အား မရှိ ဖြစ်နေသည်ကို ဖုံးကွယ်နိုင်ရန် အမှောင်ထဲတွင် ပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင်မှ ပြည်ပ စွက်ဖက်နေသည် ဆိုကာ ပြောဆိုသွားခဲ့သည်။ 

 

ယခင်ကလို မဟုတ်ပဲ အမျိုး သမီး စစ်သည်များကို ရှားရှားပါးပါး အစားထိုး ထုတ်သုံးလာရသည်။.ယခင်က အနီးကပ် ပျံသန်းပြလေ့ ရှိသော စစ်လေယာဉ် များပင် ယခုအခါ လေယာဉ် ကိုယ်ထည် တွင် ထွန်းထားသော အလင်းတန်းကြောင့်သာ လေယာဉ် မှန်း သိနိုင်သည့် အကွာအဝေး လောက်ကသာ ပျံသန်းသွားသည်မှာ ရယ်စရာ ပင် ကောင်းနေသည်။

 

မကြာသေးမီက ပြီးစီးသွားသည့် စစ်တက္ကသိုလ် ‌ဗိုလ် သင်တန်း ဆင်းပွဲသည်လည်း အင်အား ၂၀၀ ခန့်သာ တွေ့ရသည်၊ တခါက ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် စစ်တက္ကသိုလ် သည် အာဏာ မသိမ်းမီ က ထို့နှစ်ဆ ခန့် အမြဲလို ရှိနေခဲ့သည်။ အခြေအနေများ ပိုဆိုးသွားအောင် ဖြစ်လာခဲ့သည်က ဧပြီ ၈ ရက်တွင် NUG လက်အောက်ခံ တပ်များက ၁၀၅ မမ ဒုံးကျည်များ နှင့် ပစ်ခတ် တိုက်ခိုက်လာခြင်းပင် ဖြစ်သည်။ ပစ်မှတ်ကို လွဲချော်သွားခဲ့သော်လည်း တိုက်ခိုက်နိုင်သည် ဆိုသည်ကို ပြသနိုင်ခဲ့သည်။ ရက်အနည်းငယ် အကြာတွင် နေပြည်တော်ရှိ ဧလာ လေတပ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြန်သည်။

 

ဗိုလ်ချုပ်ကြီးများသည် ယခုထိ အမှန်တရား နှင့် ကင်းကွာနေကြဆဲပင် ဖြစ်သည်၊ စီးပွားရေး ပြိုလဲလာနေမှု နှင့် အတူ စစ်မြေပြင်တွင် အရေးနိမ့်လာခဲ့မှု များ၊ မြို့ကြီးများ တိုက်ခိုက်ခံလာရခြင်း၊ ဒရုန်းများ ခေါင်းပေါ်တွင် တဝီဝီ ပျံသန်းလာနေခြင်းများ ကြောင့် ၎င်းတို့၏ ပိုးချည်မြှင်များ နှင့် အထပ်ထပ် ရစ်ပတ်ထားသော အိမ်ကလေး သည် အပေါက်များ ဖြစ်လာနေပြီ ဖြစ်သည်။

 

NUG နှင့် မဟာမိတ်များက ဗိုလ်ချုပ်ကြီးများ ခေါင်းဖေါ်ထားသည့် နေရာများထိ ရောက်ရှိလာနေပြီ ဖြစ်‌သည်၊ ဤသည်က ကောင်းသည့် လက္ခဏာ ရပ်များပင် ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော ကြောက်ရွံ့ ထိတ်လန့်လာသူများသည် မိုက်မိုက်မဲမဲ လုပ်လာတတ်သောကြောင့် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!