ကျွနုပ်တို့ ကမ္ဘာကြီး အား တပြိုင်နက် ကျရောက် လာနေသော ကပ်ဆိုးကြီး များ

by Hla Soewai - Feb 19 2020

ရုတ်ခြည်းဆိုသလို ဦးနှောက် ခြောက်စရာ ကောင်းလှသည့် အဖြစ်အပျက်များက ကျွနုပ်တို့ ကမ္ဘာမြေကြီးသို့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာကြသည်။

 

 ထိုအထဲတွင် တိုက်ကြီး တတိုက် နီးပါး ရှိ လယ်ယာမြေများကို ဖျက်ဆီးပြစ်နေကြသည့် ကျိုင်းကောင် အုပ်ကြီးများ၊ မိုးလေဝသ ပညာရှင်များ မခန့်မှန်းနိုင်အောင် ဖြစ်လာခဲ့ရသည့် ထူးခြားဆန်းကျယ်သော မုန်တိုင်းကြီးများ၊ မြေငလျှင်များ၊ မီးတောင် ပေါက်ကွဲမှုများ နှင့် ကမ္ဘာတဝှမ်းအား ခြိမ်းခြောက်လာနေသည့် ဗိုင်းရပ်စ်ပိုး ငါးမျိုး အစရှိသည့် Acts of God ဟု အာမခံ ကုမ္ပဏီများ အလျှင်အမြန် ကင်ပွန်းတပ်ထားသည့် ဖြစ်ရပ်များသည် ၂၀၂၀ နှစ်ဆန်းမှစ၍ တခု ပြီး တခု ဖြစ်ပျက်လာနေကြသည်။

 

ထိုအဖြစ်အပျက်များသည် လျော့ပါး ပျောက်ကွယ်သွားခြင်း မရှိပဲ ရှေ့ဆက် ဖြစ်ပေါ်လာနေမည် ဆိုက မည်သို့ မည်ပုံ ဖြစ်လာနိုင်မည်နည်း အပေါ် ခန့်မှန်း တွက်ဆလာနေခဲ့ကြပြီ ဖြစ်သည်။

 

မိုက်ကယ် စနိုက်ဒါ ဆိုသူသည် ၎င်း၏ end of the American dream ဝက်ဆိုဒ်တွင် ကျရောက်နေသော ကပ်ကြီး ဆယ်မျိုးကို စာရင်းပြုစုတင်ပြထားခဲ့သည်။

 

၁။ ကျိုင်းကောင် အုပ်ကြီးများ

 

မြို့ကြီး တမြို့စာ လောက် ကြီးမားများပြားလှသည့် ကျိုင်းကောင်များသည် အာဖရိကတိုက် အရှေ့ဖက်ခြမ်း တကြောရှိ ကင်ညာ၊ ဆိုမာလီယာ နှင့် အီသီယိုပီယားရှိ သီးနှံစိုက်ခင်းများကို စက္ကန့် သုံးဆယ်အတွင်း ပြောင်စင်အောင် စားသုံးသွားခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့သည် ယခုအခါ အရှေ့အလယ်ပိုင်းသို့ ခရီးဆက်နေကြပြီး အချို့သည် တရုတ်နိုင်ငံ နယ်စပ်သို့ပင် ချည်းကပ်လာနေပြီ ဖြစ်သည်။

 

၂။ လွန်စွာ ထူးခြား ဆန်းပြားလှသည့် ရာသီဥတု ဖြစ်ပေါ် ပြောင်းလဲ ဖွဲ့စည်းလာမှုများ

 

လက်ရှိ ဖြစ်ပျက်နေသည့် ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲလာနေမှုများသည် ထူးထွေ ဆန်းပြားလွန်း၍ အဆိုပါ ပညာရပ်အပေါ် လေ့လာဆည်းပူးခဲ့သူတို့၏ ပြဌာန်းစာအုပ်များ အား လွှင့်ပြစ်ရမတတ် ဖြစ်လာခဲ့သည်။

 

ကယ်လီဖိုနီယားတွင် မကြာမီက တနာရီ ၂၀၉ မိုင် နှုန်းဖြင့် တိုက်ခတ်သွားသော လေပြင်းမုန်တိုင်းသည် ကမ္ဘာစံချိန် ကို ချိုးဖျက်သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ခန့်မှန်းသူများပင် ရူးသွပ်သွားနိုင်သည့် မုန်တိုင်းများကလည်း ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။

 

ထိုအထဲတွင် ဩစတေးသျှ ၌ ကြောက်မက်ဖွယ် ကောင်းလှသော မုန်တိုင်းနှင့်အတူ တပါတည်း ရွာသွန်းလာသော မိုးရေချိန်ပမာဏသည် နှစ်ရက်အတွင်း မှာပင် နှစ်လစာ ရွာသွန်းခဲ့သော မိုးရေချိန် ပမာဏ နှင့် ညီမျှသွားခဲ့သည်။ လူအများအပြား ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ခြေ တသိန်းခွဲခန့် လျပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့သည်။ လူအများအား အလုပ်သို့ မသွားရန် သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။ နှစ်ရက်အတွင်း ရွာသွန်းခဲ့သော မိုးရေချိန် ၄၀၀ မီလီမီတာ ပမာဏကြောင့် လမ်းများ ပိတ်ဆို့ခြင်း၊ ဖယ်ရီ သင်္ဘော ခရီးစဉ်များ ဖျက်သိမ်းပြစ်လိုက်ရခြင်းတို့ကြောင့်ပင် ဖြစ်သည်။

 

၃။ ရေကြီးခြင်း

ကမ္ဘာတဝှမ်းတွင် ယခုအခါ ထူးထူးခြားခြား ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး ထိုအထဲတွင် အဆိုးရွားဆုံးမှာ အမေရိကန် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက် ရှိနေသည်။ အဆိုပါ အဖြစ်အပျက် ကို အားလုံးက မကြုံစဖူး ဟု ကင်ပွန်းတပ်ခဲ့ကြသည်။ မစ်စစ္စပီ ပြည်နယ်ရှိ ဂျက်ဆန် မြို့လေးတွင် ပုလဲ မြစ်ရေ သည် ၃၆.၈ ပေ အထိ မြင့်တက်လာခဲ့ပြီး ၎င်းတို့ နေအိမ်များ အပေါ် လွှမ်းသွားသည့်အဖြစ်ကို တနင်္ဂနွေနေ့က မြို့သူမြို့သား အားလုံး လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ထိုကဲ့သို မြစ်ရေ မြင့်တက်လာမှုကို ၁၉၇၉ နှင့် ၁၉၈၃ တွင် နှစ်ကြိမ်တိတိ ကြုံတွေ့ခဲ့ကြပြီး ဖြစ်သည်ဟု ဆိုသည်။

 

၄။ မြေငလျှင်

 

မြေငလျှင်များသည် ယခုအခါ ကမ္ဘာ အနှံ့အပြားတွင် မကြာခဏ ဆိုသလို လှုပ်ခပ်နေပြီ ဖြစ်သည်။  ဇန်နဝါရီ ၂၉ ရက်နေ့က ဂျမကာ မှ မိုင် ရှစ်ဆယ် အကွာ ကမ်းလွန်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၇.၇ ရှိသော မြေငလျှင် ကြီး လှုပ်ခပ်သွားခဲ့သည်။ အဆိုပါ မြေငလျှင်ကြီး၏ ပြင်းထန်မှု ကို ကာရစ်ဘီယံ နှင့် မိုင်ယာမီ အထိ ခံစားခဲ့ရသည်။

 

၅။ မီးတောင် ပေါက်ကွဲမှု

 

မြေကြောများ ရွေ့လျား ပြောင်းလဲနေမှုများအား တိုင်းတာ သိရှိနေကြပြီး ပြီးခဲ့သည့်လ များအတွင်း မီးတောင်များ ပေါက်ကွဲမှု ကို ကမ္ဘာတဝှမ်းတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသည့်အလား တွေ့ကြုံလာခဲ့ရသည်။ ထိုအထဲတွင် အကြီးကျယ်ဆုံး ပေါက်ကွဲမှုကြီးမှာ  အင်ဒိုနီရှားရှိ မီရာပီ မီးတောင်ကြီး ပေါက်ကွဲမှု ပင် ဖြစ်သည်။

အဆိုပါ မီးတောင်ကြီးသည် ၁၉၃၀ နောက်ပိုင်း လှုပ်ရှားမှု မရှိပဲ ငြိမ်သက်နေရာက ယခုလို ပြင်းထန်စွာ ပေါက်ကွဲသွားခြင်း ဖြစ်သည်။ မီးတောင်ထိပ်ဝတွင် ပေါက်ကွဲသွားမှု နှင့် အတူ ကြောက်မက်ဖွယ် ချော်ရည်များ ပြာများ သည် လေထုထဲသို့ မီတာ နှစ်ထောင် ခန့် အထိ မြင့်တက်သွားခဲ့ရသည်။

 

၆။ ကော်ရိုနာ ဗိုင်းရပ်စ်

 

လောလောဆယ်တွင် တရုတ်ပြည်မှ စတင်ဖြစ်ပွားလာခဲ့သော ကော်ရိုနာ ဗိုင်းရပ်စ်သည် ကမ္ဘာသတင်းများတွင် ထိပ်တန်း မှ နေရာယူလျက် ရှိနေပေသည်။နေ့စဉ် သေဆုံးသူ အရည်အတွက် တိုးတက်လာနေသည်နှင့်အမျှ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး ဟု သတ်မှတ်ခဲ့သည့် ၁၉၁၈ ၌ ဖြစ်ပွားခဲ့သော စပိန် တုပ်ကွေး ရောဂါ ဆိုးကြီးလို ဖြစ်လာတော့မည်လောဟု ခန့်မှန်းလျက် ရှိနေကြသည်။

 

ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးသည် တတ်နိုင်သမျှ ဖုံးဖိနိုင်ရန် ဆိုရှယ် မီဒီယာ ကုမ္ပဏီ အကြီးအကဲများ အား ခေါ်ယူ တွေ့ဆုံပြီး “သတင်းမှား” များ ပျံနှံ့မှု မရှိအောင် ထိန်းချုပ်ရန် ပြောဆိုလာခဲ့သည်။ ယခုအခါ သတင်းမှား ဆိုသည်လည်း နောက်ပိုင်းတွင် အမှန်များ ဖြစ်လာတတ်ပြန်သည်။

 

၇။ အာဖရိက ဝက် တုပ်ကွေး

‘အီဘိုလာ ဝက်’ ရောဂါသည် တရုတ် ပြည်ရှိ သန်းပေါင်းများစွာ သော ဝက်များ၏ ဇီဝိန်ကို ချွေယူသွားနိုင်ခဲ့ပြီး အခြား နိုင်ငံပေါင်း ၄၀ သို့ ပျံ့နှံလျက် ရှိနေသည်။ ဝက်သားဈေးနှုန်းသည် ယခုအခါ တရုတ်ပြည်တွင် တဟုန်ထိုး မြင့်တက်နေသဖြင့် တရုတ်တို့ အဖို့ အမေရိကန်မှပင် ဝယ်ယူ တင်သွင်းနေရသည်။

 

၈။ H1N1 ဝက်တုတ်ကွေး

အာဖရိက ဝက်တုပ်ကွေး ရောဂါနှင့်မတူပဲ H1N1 ဝက်တုတ်ကွေး ရောဂါသည် လူသားများ၏ အသက်အန္တရာယ် ကို ဒုက္ခပေးနိုင်သည်။ တကယ်တမ်းတွင် ကော်ရိုနာ ဗိုင်းရပ်ထက် များပြားသော အရည်အတွက် ဖြင့် တရုတ်ပြည်ပြင်ပရှိ လူများ သေဆုံးခဲ့ရပြီး ဖြစ်သည့်အပြင် ပြီးခဲ့သည့် အပတ်အတွင်း တိုင်ဝမ် တနိုင်ငံထဲတွင်ပင် H1N1 ဝက်တုပ်ကွေးကြောင့် လူ ၁၃ ဦး သေဆုံးသွားခဲ့ရပြီး ဖြစ်သည်။

 

လူတဦး မှ တဦးသို့ လျှင်မြန်စွာ ကူးစက်နိုင်ပြီး အထူးသဖြင့် အခြား နာတာရှည် ရောဂါများကြောင့် ကိုယ်ခံအား မကောင်းသူများ အတွက် အန္တရာယ် အထူး ရှိနေပေသည်။

 

၉။ H5N1 ငှက်တုတ်ကွေး

 

အဆိုပါ ဗိုင်းရပ်စ်ပိုးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကမ္ဘာတဝှမ်းထိတ်လန့် တုန်လှုပ်သွားစေသည့်အထိ ပြင်းထန်ခဲ့သည်။ အဆိုပါ ရောဂါပိုးသည် ပြန်လည် ခေါင်းထောင်လာနေသဖြင့် တရုတ်ပြည် တွင် ကြက်အကောင်ရေ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ရပေသည်။ ယခုအခါ ကော်ရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားရာ ပြည်နယ်နှင့် ထိစပ်နေသော ဟူနန် ပြည်နယ်တွင် စတင် ဖြစ်ပွားနေပြီ ဖြစ်သည်။

 

၁၀။ H5N8 ငှက်တုတ်ကွေး

H5N1 ငှက်တုတ်ကွေး နှင့် မတူသော်လည်း ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု ပညာရှင်များ ယုံကြည်နေကြသည်။ ယခုအခါ ကမ္ဘာနေရာ အနှံ့အပြားတွင် တွေ့ရှိနေရပြီ ဖြစ်သည်။ ထိုအထဲတွင် ဂျာမဏီ နိုင်ငံ ပါလာခြင်းကို ပညာရှင်များ တအံ့တဩ ဖြစ်ခဲ့ရသည်။

 

ဂျာမဏီ၏ အနောက်တောင်ပိုင်းတွင် စတင်တွေ့ရှိလာခဲ့ခြင်း ဖြစ်သည်။ ကြက်ကောင်ရေ ၆၉ ကောင်ထဲတွင် စုစုပေါင်း ၄၉ ကောင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။