တော်လှန်ရေး၏ မဟာဗျူဟာမြောက် အရွေ့

by Hla Soewai - Apr 24 2024

ပြည်သူတို့၏ တော်လှန်ရေး သည် ရှမ်းမြောက် ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကြီး စတင်လာမှု နှင့် အတူ အရှိန်ရလာခဲ့ပြီး နယ်မြေ များကို တိုးချဲ့ သိမ်းပိုက် နိုင်ရေး အတွက် ဦးတည် လှုပ်ရှားလာခဲ့သည်။ သို့သော် ယခု နှစ် ဧပြီလ မှ စတင်၍ စစ်တပ်၏ အုပ်ချုပ်ရေး ယန္တရားကို ပစ်မှတ်ထား တိုက်ခိုက်လာကြပြီ ဖြစ်သည်။

 

မကြာမီ ရက်များ အတွင်း ထိတ်တန်း စစ်ခေါင်းဆောင် အများ အပြား ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံခဲ့ကြရသဖြင့် ၎င်းတို့ အဖို့ အသက်ရှင် ရပ်တည် နိုင်ရေး အတွက် ပုန်းရှောင်နေကြရပြီး တော်လှန်ရေးသည်လည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိလာနေပြီဟု ပြည်သူတို့ ထင်မြင်လာခဲ့ကြပြီ ဖြစ်သည်ဟု သုတေသီ တဦးက ယူရေးရှား ရီဗြူး စာစောင်တွင် ရေးသားထားသည်။

 

နယ်မြေ အမြောက်အများ လက်လွှတ်ပေးခဲ့ရမှု နှင့် ၎င်းတို့ တဦးချင်းစီအား ပစ်မှတ် ထား တိုက်ခိုက်ခံလာရမှု ကြောင့် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်စေကာမူ အုပ်ချုပ်‌ရေး ယန္တရားကြီး အခြေတည်ရာသည် ထိခိုက်လာခဲ့ပြီ ဖြစ်သည်။

 

ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းသည် မော်လမြိုင် ရှိ အရှေ့တောင်တိုင်း စစ်ဌာချုပ် အတွင်း စစ်ဆင်ရေး အတွက် ညွှန်ကြားနေစဉ် ဧပြီ ၈ ရက် နှင့် ၉ ရက်များ တွင် နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရ၍ ဒဏ်ရာရရှိသွားကြောင်း နှင့် ၎င်း၏ ရဟတ်ယာဉ်လည်း ပျက်စီးသွားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

 

ထိုသတင်းများ မဟုတ်မမှန်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ အကြိမ်ကြိမ် ငြင်းဆိုနေသော်လည်း ၎င်းအား ဧပြီ ၃ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ဗထူး တပ်နယ် တွင် နောက်ဆုံး မြင်တွေ့ခဲ့ရပြီး နှစ်ပတ်ကျော်ကြာ လူမြင်ကွင်း တွင် မတွေ့ရတော့ပေ။ သင်္ကြန်ရက်များ အတွင်း ၎င်း နှင့် အတူ ခေါင်းဆောင်ကြီး ဖြစ်သူ မင်းအောင်လှိုင်ပင် ခြေထောက်နာနေ၍ ဟု ဆိုကာ ရေကစား မထွက် နိုင် ဖြစ်နေကြသည်။

 

ထိုသို့ ကောလဟသများ အား ချေဖျက်နိုင်ရန် တခုတည်းသော နည်းလမ်းသည် ၎င်းကိုယ်တိုင် ခေတ္တ ခဏ ဖြစ်စေ လူလုံး ထွက်ပြခြင်းဖြင့်သာ ပြေပျောက်သွားနိုင်သော်လည်း ယခုထိ တွေ့မြင်ရခြင်း မရှိသေးပေ။ စိုးဝင်းသာမက ဇနီး ဖြစ်သူကိုပါ မည်သည့် သင်္ကြန် မဏ္ဍပ် တွင်မှ မ‌တွေ့ခဲ့ရခြင်းသည်လည်း ထူးဆန်းနေသည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

ယခုအခါ မင်းအောင်လှိုင်၏ လူယုံ စစ်ထောက်ချုပ် ကျော်စွာလင်း အား ဒုခေါင်းဆောင် အဖြစ် ခန့်အပ်မည်ဟု သတင်းများ ပျံ့နှံ့နေသည်ဟု ဆိုသည်။

 

စိုးဝင်း ဒရုန်း ဖြင့် အတိုက် မခံရမီ တရက် အလို တွင် ထိတ်တန်း စစ်ခေါင်းဆောင် ငါးဦးထဲတွင် တဦး အပါအဝင် ဖြစ်သော မြတ်ထွန်းဦး အားလည်း ဒရုန်း ဖြင့် တိုက်ခိုက်ခံရ၍ စီးလာသော ဇီမ်ခံကားကြီး ပျက်စီးသွားသော်လည်း ထိခိုက် ဒဏ်ရာရသွားခဲ့ခြင်း တော့ မရှိပေ။

 

ထိုသို့ ဒရုန်း ဖြင့် တိုက်ခိုက်လာမှုသည် စစ်အာဏာသိမ်း အဖွဲ့အား ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်စေမည့် အကြောင်း နှစ်ရပ် ကို ညွှန်ပြနေသည်ဟု ယူရေရှား တွင် ဆက်လက် ရေးသားထားသည်။ ပထမ အကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ အကြား ပို၍ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လာနိုင်မှု နှင့် ပစ်မှတ် များကို ရွေးချယ်တိုက်ခိုက်ရေး တွင် ဗဟို စီမံကွပ်ကဲမှု ပါဝင်လာခြင်း ပင် ဖြစ်သည်။ ဒုတိယ အကြောင်းသည်ကား တော်လှန်ရေး တပ်ဖွဲ့များဖက်မှ စစ်ကောင်စီ ၏ လှုပ်ရှားမှု နှင့် ပတ်သက်၍ ထောက်လှန်းရေး သတင်းများ အခိုင်အမာ စုဆောာင်း နိုင်ခဲ့ပြီး ကြိုတင် ပြင်ဆင်လာနိုင်ခြင်းပင် ဖြစ်သည်။

 

နေပြည်တော်ရှိ လေတပ်စခန်း နှင့် စစ်ဌာနချုပ်များအားလည်း ဧပြီ ၄ ရက်နေ့တွင် ဒရုန်းများ ဖြင့် တိုက်ခိုက်နိုင်ခဲ့ပြန်သည်။ ယင်းနှင့် အတူ မင်းအောင်လှိုင် နေထိုင်ရာ အိမ်သည်လည်း ပစ်ကွင်းထဲ ရောက်လာခဲ့ပြီ ဖြစ်သည်။

 

ရန်ကုန် နှင့် နေပြည်တော် တဝိုက်တွင် မြေပြန့်လွင်ပြင်များ ဝိုင်းရံနေ၍ တောတောင်ထူထပ်သော အရပ်များ တွင် ပျောက်ကျား စစ်ဆင်ရေးကို ကျွမ်းကျင်သည့် တော်လှန်‌ရေး တပ်ဖွဲ့ များ အတွက် တပန်းရှုံးသလို ဖြစ်နေသော်လည်း ဒရုန်းများဖြင့် စစ်ကောင်စီ အဆောက်အအုံ များ နှင့် လူပုဂ္ဂိုလ်များ အား အလစ်တိုက်ခိုက် နိုင်လာပြီ ဖြစ်သည်။

 

ယခု အခါ ပြည်ပ ဒရုန်း နည်းပညာရှင်များ အကူအညီဖြင့် အဆင့်မြင့် VTOL (vertical take-off and landing) အသေးစား လေယာဉ်ပုံစံ များဖြင့် Alpha Bats ဒရုန်း တပ်ရင်းကို အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်သည်။

 

ဗုဒ္ဓဟူးနေ့ နံနက် တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ကပ်လျက် ရှိသော တံတားဦး လေတပ်စခန်းအား Freedom Revolution Force (FRF) မှ ကျောက်ဆည် နှင့် စဉ့်ကိုင် တော်လှန်ရေး တပ်ဖွဲ့ များ နှင့် အတူ ပူးပေါင်း၍ ၉၀ မမ နှင့် ၁၀၇ မမ ရှော့တိုက်ဒုံး များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် စစ်လေယာဉ် ၆ စီး သိုလှောင်ထားသည့် လေယာဉ် ဂိုဒေါင် အား ဖျက်စီး ပစ်နိုင်ခဲ့သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

 

အလားတူ မြစ်ကြီးနား အနောက်တောင်ဖက် ဧရာဝတီ မြစ်ကမ်းနံဘေး ရှိ နမ်ပေါင် လေတပ်စခန်း အားလည်း မြောက်ပိုင်း ညီနောင် ပြည်သူ့ကာကွယ်ရေး တပ်က ပြီးခဲ့သည့် သောကြာနေ့ က ၁၀၇ မမ ဒုံးများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြန်သည်ဟု သိရသည်။

 

မွန်ပြည်သစ် ပါတီမှ ခွဲထွက်လာသော အာဏာရှင် တိုက်ဖျက်ရေး မွန်တော်လှန်ရေး အဖွဲ့ နှင့် စစ်ကောင်စီ တပ်များ ကျိုက်မရောတွင် တိုက်ပွဲများ ဖြစ်ပွားလာပြီး ၎င်းတို့၏ ယာဉ်တန်းကို ပိတ်ဆို့ နိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!