၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာ (၂၉)

by Hla Soewai - Apr 24 2024

ယူကရိန်း စစ်မျက်နှာ တွင် တိုးမြင့်လာနေသော တိုက်ပွဲဝင် ရိုဘော့များ၏ အခန်းကဏ္ဍ

 

ယူကရိန်း စစ်မြေပြင် ၏ ကောင်းကင်ယံ တွင် ဒရုန်းများ နှင့် ပြည့်နှက်နေပြီး ဖြစ်သည်။ ယခုအခါ လူလိုက်ပါခြင်း မရှိသော ယာဉ်များသည် ရှေ့တန်းသို့ ချီတက် တိုက်ခိုက်လာနေကြသည်။

 

ရုရှားတို့ ၂၀၂၂ တွင် ယူကရိန်း ကို အလုံးအရင်းနှင့် ကျုးကျော် တိုက်ခိုက်လာပြီး နောက်တွင် ဒရုန်းများသည် တိုက်ပွဲ အနေအထားကို ပုံဖေါ်လာခဲ့သည်။ နှစ်ဖက်စလုံးသည် ဈေးပေါပေါ နှင့် ရနိုင်သော ကာမီကာဇေ တာဝေးသွား ဒရုန်းများ သုံး၍ တိုက်ခိုက်လာခဲ့ကြသည်။

 

ပင်လယ်နက် ဒေသတွင် ယူကရိန်း ရေတပ်မှ ဒရုန်းများဖြင့် ရုရှား စစ်ရေယာဉ် များ အကြီးအကျယ် အထိနာသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခု အချိန်အထိ မြေပြင် သုံး ရိုဘော့များ အား မဆိုသလောက်သာ အသုံးပြု နိုင်ဆဲဖြစ်သည်၊ ယင်းသည် မကြာခင် အတောအတွင်း ပြောင်းလဲလာဖို့ ရှိနေသည်။

 

အဝေးထိန်း စနစ်ဖြင့် အသုံးပြုသော စစ်တပ်သုံး ရိုဘော့များအား လူမပါ မြေပြင်သုံး ယာဉ်များ Uncrewed Ground Vehicles (UGVs) ဟု ခေါ်ဝေါ်ကြသည်။ ယင်းအား ၁၉၃၉ တွင် ဆိုဗီယက်တို့ ဖင်လန်အား ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် တွင် စတင် အသုံးပြုခဲ့သည်။ ထိုစဉ်က ရုရှားတို့သည် ခေတ်ကုန်သွားပြီ ဖြစ်သော အပေါ့စား တင့်ကား များ ၏ စတီရာယင်အား ရေဒီယို အချက်‌ပြ စနစ်ဖြင့် ဖြစ်သလို တပ်ဆင် သုံးခဲ့ကြခြင်း ဖြစ်ပြီး Teletank ဟု အမည်ပေးခဲ့သည်။ အဆိုပါ ယာဉ်အား သုံး၍ ရန်သူ ခံတပ်စခန်းများ၊ ဘန်ကာများ အား မီးတောက် ရှည်ကြီးများ ထုတ်လွှတ်တိုက်ခိုက်ခဲ့ကြသည်။

 

အဆိုပါ ယာဉ် တွင် ကင်မရာ တပ်ဆင်ထားခြင်း မရှိပဲ မောင်းနှင် ပေးမည့် လူသည် မလှမ်းမကမ်းတွင် ရှိနေရသည်။ သို့သော် အ‌ဆိုပါ နည်းပညာသည် ရေရှည် တွင် မအောင်မမြင် ဖြစ်လာခဲ့၍ နောက်ပိုင်းတွင် ဆက်လက် အသုံးပြုခြင်း မရှိတော့။

 

သို့သော် စစ်တပ်များသည် အဆိုပါ အိုင်ဒီယာကို တော့ စွန့်လွှတ်ခဲ့ကြခြင်း မရှိပေ။ ၁၉၇၀ ကျော် နှစ်များတွင် UGVs များအား ဗုံးများ ဖယ်ရှားရာတွင် စတင် အသုံးပြုလာခဲ့ကြသည်။ အဝေးထိန်း စနစ် ဖြင့် တိုက်ခိုက်ရေး ဖက်တွင် အသုံးပြုနိုင်ရန် တည် ဆောက်ရေး သည် အခက်အခဲ များ ရှိလာသည်။ အဓိက အားဖြင့် ပဲ့ကိုင်ထိန်းကျောင်း ရေး တွင် ဖြစ်သည်။

 

သို့သော် ယနေ့ခေတ် ဒရုန်းများတွင် ထိုအခက်အခဲများ မရှိတော့၊ မြေပြင်တွင် အလိုအလျောက် မောင်းနှင်ဖို့က ချောမွေ့နေသော လမ်းများ ပေါ်တွင်ပင် အခက်အခဲများ ရှိနေသည်။ စက်သည် ကျင်းများ ချိုင့်များကိုပင် ရှောင်တိမ်းနိုင်ဖို့ ကွန်ပြူတာက အဓိပ္ပါယ် ဖေါ်နိုင်ရန် ကြိုးစားနေရဆဲ ဖြစ်သည်။

 

သို့ဖြစ်၍ UGVs သည် ထိန်းကျောင်းပေးသူ နှင့်အဆက် အသွယ် ပြတ်သွားလျှင် ရပ်သွားနိုင်ပြီး ရန်သူ၏ အတိုက်ခိုက် ခံရနိုင်သည်။

 

ရုရှားသည် ၂၀၁၇ တွင် ဆီရီယား၌ Uran-9 ခေါ် စက်ရုပ် တင့်ကား အသေး‌စားကို ချသုံးခဲ့ဖူးသော်လည်း ဆက်သွယ်ရေး ပြဿနာကြောင့် ဆက်မသုံးနိုင် ဖြစ်ခဲ့ရသည်။

 

UGVs အများစုသည် တန်ဖိုး ကြီးသည်။ ယူအေအီးသည် ထိုသို့သော စက်ရုပ် များကို အက်စတိုနီယား ကုမ္ပဏီ တခုဖြစ်သော Milrem Robotic မှ အစင်း ၆၀ ကို ဒေါ်လာ ၁၀၇ သန်း ဖြင့် မကြာမီက ဝယ်ယူခဲ့သည်။

 

ရုရှား စစ်တပ်၏ နောက်ဆုံးပေါ် Marker ဟု ိးအမည်ပေးထားသော UGVs သည် SUV ကား အရွယ်အစားမျိုး ရှိပြီး ဈေးကြီးလှသဖြင့် အVs ရျားgယူuအတွက် အများအပြား ထုတ်လုပ်နိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။ သို့သော် ယူကရိန်း စစ်ပွဲတွင်မူ နှစ်ဖက်စလုံးက ရိုးရိုးရှင်းရှင်း မော်ဒယ်များ ကို ထောက်ပို့ပစ္စည်းများ သယ်ဆောင်ရေး၊ မိုင်း ချ ခြင်း၊ မိုင်းရှင်းခြင်း တို့တွင် သုံးလာကြသည်။

 

ယခု အခါတွင်တော့ ထို အနေအထားမှ ပြောင်းလဲလာတော့မည် ဖြစ်သည်။ မတ်လ ထဲတွင် ရုရှားသည် ယူကရိန်း ခံစစ်စည်းအား အော်တိုမက်တစ် ဗုံးသီးတပ် လောင်ချာ များ တပ်ဆင်ထားသော Couriers ဟု ခေါ်သည့် ဘီးတပ်ချိန်းကြိုးပါ စက်ရုပ် တင့်ကား အသေးစား သုံးစီးဖြင့် တိုက်ခိုက်လာခဲ့သည်။ မကြာသေးမီက ထွက်ပေါ်လာသော ဗီဒီယို ဖိုင်များတွင် ယူကရိန်းသည် UGVs များကို သုံး၍ တံတားများ၊ ရုရှား ထိန်းချုပ်ထားသော နယ်မြေ များ အတွင်းရှိ စခန်းများကို တိုက်ခိုက်လာသည်ကို တွေ့ခဲ့ရသည်။ ဗုံးများ ထောင်ပြီး ပြန်ဆုပ်လာခြင်း နှင့် ကာမီကာဇေ အသေခံ တိုက်ခိုက်ခြင်း မျိုး ဖြစ်သည်။

 

နှစ်ဖက်စလုံး ကိုယ့်နည်းကိုယ်ဟန် နှင့် ဒီဇိုင်းထုတ်ကာ အကုန်အကျလည်း မများစေဘဲ တီထွင် အသုံးပြုလာကြခြင်း ဖြစ်သည်။ ရုရှား၏ Couriers များကို ဗော်လံတီယာများက တည်ဆောက်ပေးခဲ့ကြသည်။

 

မတ်လ တွင် ယူကရိန်း အစိုးရ မှ စစ်ရံပုံငွေ ရှာဖွေရေး အတွက် ဖွဲ့စည်းထားသော United24 အဖွဲ့မှ တိုက်ခိုက်ရေးသုံး UGVs များကို အလုံးအရင်းနှင့် ထုတ်လုပ်တော့မည်ဟု ကြေညာလာခဲ့သည်။ အရပ်ဖက် အဖွဲ့အစည်း အသီးသီးမှ ဒီဇိုင်းထုတ် ပေးမည့် မော်ဒယ် ရာပေါင်းများစွာ ကို ထုတ်လုပ်သွားနိုင်ရေး အတွက် ရံပုံငွေ ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ယူကရိန်းသည် ဈေးကွက် တွင် အလွယ်တကူ ရနိုင်သည့် အစိတ်အပိုင်းများနှင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး တစင်း အတွက် ဒေါ်လာ ၉၀၀ ခန့်သာ ကုန်ကျဖို့ ရှိနေသည်။

 

ထိုအတိုင်း ဖြစ်လာမည် ဆိုက ဒရုန်းများ ကောင်းကင်တွင် တဝီဝီ ပျဲဝဲနေသလို UGVs များလည်း အလုံးအရင်း နှင့် ထွက်လာတော့မည် ဖြစ်သည်။ UGVs များဖြင့် ရုရှားဖက်မှ စစ်အင်အား သာလွန်နေမှု ကို တန်ပြန်နိုင်လိမ့်မည်ဟု တွက်ဆနေကြသည်။ ရုရှားဖက်က တပ်အင်အား အသာရနေသော်လည်း အသေအပျောက် နှုန်းကို လျော့ချခြင်နေသည်။

 

တဖက်နှင့် တဖက် ‌ရေရှည် အမှည့်ချွေ ဆင်နွဲသွားရမည့် စစ်ပွဲမျိုး တွင် အစားထိုး မရနိုင်သည့် လူသားများ အစား စက်ရုပ်များ အသုံးပြုနိုင်မည် ဆိုက အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်လာမည့် စစ်ဗျူဟာ ပင် ဖြစ်သည်။

 

‌(ဧပြီ ၁၉ ရက်နေ့ အီကောနော်မစ်တွင် ပါရှိသော "The growing role of fighting robots on the ground in Ukraine" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)