မြဝတီ ချစ်သူ နှင့် စောချစ်သူများ

by Hla Soewai - Apr 24 2024

မြဝတီ ဖက်ခြမ်း ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၂) တွင် ခိုအောင်းနေသော ခလရ ၂၇၅ မှ တပ်ကြွင်း တပ်ကျန် အင်အား ၁၅၀ ခန့်အား တော်လှန်ရေး တပ်ပေါင်းစု မှ အပြီးသတ် ရှင်းလင်းနိုင်ရေး အတွက် တိုက်ခိုက်လာ၍ တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ပေါက်ကွဲသံများ၊ လက်နက်ကြီး ပစ်ခတ်သံများ အား ထိုင်း ဖက်မှ အတိုင်းသား ကြားနေရပြီ ဖြစ်သည်။

 

 ထိုင်း စစ်တပ်ဖက်မှလည်း ၎င်းတို့၏ နယ်မြေ တည်တံ့ ပိုင်ခွင့်ကို ကာကွယ်နိုင်ရန် တပ်အင်အား အလုံအရင်း နှင့် နေရာယူထားသည်ကို တွေ့ရသည်။

 

 မြန်မာ စစ်တပ် သည်လည်း မြဝတီ အား ပြန်သိမ်း နိုင်မှ ၎င်းတို့အား တိုင်းပြည်ကို ဆက်၍ အုပ်ချုပ်နိုင်စွမ်း ရှိသူများ အဖြစ် နိုင်ငံတကာ ၏ ယုံကြည်မှု ပြန်ရရန် အသည်းအသန် လုံးပမ်းနေရပြီ ဖြစ်သည်။ ထို့ပြင် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ ခံထားရ၍ နယ်စပ်ကုန်သွယ်ရေး မှ ရသော ဝင်ငွေများ ကို အားထားနေရသော စစ်ကောင်စီ အတွက် မျက်ဖြူဆိုက်စရာ ဖြစ်လာခဲ့ရသည်။

 

 ထိုင်း သတင်းဌာန NBT မှ X (တွစ်တာ) တွင် တော်လှန်ရေး တပ်များက အဆိုပါ တပ်ကြွင်းတပ်ကျန်များ အား ၄၀ မမ စက်သေနတ်များ ဖြင့် ၎င်း၊ ဒရုန်းများ နှင့် ဗုံးအလုံးရေ ၂၀ ခန့် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်၊ အဆိုပါ တိုက်ပွဲကြောင့် ထိုင်း မီဒီယာ များ အဖို့ ပွဲကြီးပွဲကောင်း ဖြစ်လာရသည်။ ယင်းနှင့် အတူ မြဝတီ မှ စစ်ဘေးရှောင်များ ထောင်ချီ၍ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ထိုင်းဖက်သို့ ထွက်ပြေး တိမ်းရှောင်လာနေကြသည်။ ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှ စနေနေ့တွင် ၁,၆၈၆ ဦး လက်ခံ ခဲ့ရသည်ဟု ဆိုသည်။

 

 တပ်ပြေး များသည်လည်း အထိအခိုက် အကျအဆုံး များစွာ နှင့် အနီးအနားရှိ ရွာများသို့ ကစင့်ကလျား ထွက်ပြေး သွားကြသည်ပြီး အယောက် ၇၀ ခန့်သာ ကျန်တော့သည်ဟု တိုက်ပွဲ တွင် ပါဝင်သော တော်လှန်‌ရေး တပ်ဖွဲ့ဝင် တဦးက ဧရာဝတီအား ပြောပြခဲ့ကြောင်းလည်း ဖတ်ရှုရသည်။

 

 စစ်ကောင်စီ မှ လေကြောင်းမှ စတင် ဗုံးကြဲ တိုက်ခိုက်လာခဲ့ပြီး ဗုံးအလုံးရေ ၁၅၀ ခန့် ကြဲချ ခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ၇ လုံးသည် ထိုင်း စစ်သားများ ရှိရာ အနီးအနားသို့ ကျရောက်သွားခဲ့သည်။

 

 ထိုင်း ဝန်ကြီးချုပ် စရက် သာဝီဆင် မှ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး လိုအပ်လျှင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးရန် အသင့်ပြင်ထားသည်ဟု ပြောလာသည်။ ၎င်းကိုယ်တိုင်လည်း အခြေအနေ များကို မျက်မြင် ကိုယ်တွေ့ သိရှိနိုင်ရန် အင်္ဂါနေ့တွင် မဲဆောက်သို့ သွားမည်ဟု ဆိုသည်။

 

 ဘန်ကောက်ပို့စ် သတင်းစာ သည် ထိုသို့ အခြေအနေများ ကြားတွင် နောက်ကွယ်မှ ရှိနေသည့် BGF ကို ဒေသတွင်း နိုင်ငံများက စောင့်ကြည့် လာနေသည်ဟု လည်း ရေးသားထားသည်။ အဆိုပါ အဖွဲ့သည် စစ်တပ်၏ မဟာမိတ်ဟောင်း တဦး ဖြစ်ခဲ့သည့် အပြင် တရုတ်၏ ရွေကုက္ကိူ အထူး စီးပွားရေး ဇုံ နှင့် ကေကေ ပတ်ခ် ကို ကာကွယ်ရန် တာဝန်ယူထားသည်။ သို့သော် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှု များ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖေါက်ကားမှုများ နှင့် အပုပ်နံ့ ထွက်လာနေသော ဒေသလည်း ဖြစ်သည်။

 

 BGF သည် တရုတ် မာဖီယား များ အား အကူအညီပေးနေသည့်အပြင် ဆက်ကြေးများလည်း ရနေ၍ တပ်မှုး ဖြစ်သူ စောချစ်သူ သည် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ကြွယ်ဝ ချမ်းသာနေသည်ဟု ယုံကြည်ရကြောင်း သတင်းစာတွင် ရေးသားထားပြီး နိုင်ငံများစွာ က အလိုရှိနေသည့် စာရင်းထဲတွင် ပါနေသဖြင့် ခပ်ရှိုရှို နေ နေရခြင်း ဖြစ်သည်ဟု လည်း ဆိုသည်။

 

 ထိုသို့ “ရာဇဝတ်မှု မျိုးစုံ ၏ စင်္ကြန်လမ်း” ကြီး သဖွယ် ရပ်တည် နိုင်ခြင်း မှာလည်း ထိုင်း ဖက်မှ အကူအညီမပေးပဲ နှင့် မဖြစ်နိုင် ကြောင်း နှင့် ထိုင်း ဝါရင့် နိုင်ငံရေး သမားများ က အကူအညီများ ပေးလာပြီး တရုတ် မာဖီယား ဂိုဏ်းများကလည်း လျပ်စစ်မီးနှင့် အင်တာနက် အမြဲလို ရရှိနေရန် ထိုင်း အာဏာပိုင်များကိုလည်း လဒ် ထိုး ခဲ့သည် အစရှိသည် စွပ်စွဲမှု များ ထွက်ပေါ်နေသည်ဟုလည်း ဖေါ်ပြထားသည်။

 

 ထို့အတွက်ကြောင့်လည်း နယ်ခြားတလျောက်ရှိ ရာဇဝတ်ဂိုဏ်းများကို ထိုင်း အစိုးရ ဖက်က မသိချင်ယောင် ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 ယခုအခါ မြဝတီသည် တော်လှန်ရေး တပ်ဖွဲ့များ လက်သို့ ကျရောက်နေပြီ ဖြစ်သည်ကို ဒီမိုကရေစီ နိုင်ငံများ၊ အဖွဲ့အစည်းများက ကြိုဆိုကြသော်လည်း ထိုင်းဖက်မှ ရှေ့ဘာဆက်လာမည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်ဟု လည်း ရေးသားထားသည်။ ကေအင်ယူသည်လည်း အဆိုပါ ဒေသသည် BGF ထိန်းချုပ်မှု အောက်တွင် ရှိနေသရွေ့ ရာဇဝတ်ဂိုဏ်းများ နှင့် ပတ်သက်ပြီး ဘာမျှ လုပ်မရ ဖြစ်လာနိုင်သည်။

 

 ပြီးခဲ့သည့် လ အတွင်း နိုင်ငံသား ၉၀၀ ခန့်အား ပြန်ခေါ်ထုတ် ခဲ့ရသဖြင့် တရုတ် အစိုးရမှလည်း မာဖီယား ဂိုဏ်းများ အပေါ် မျက်စိစပါးမွှေး စူးလာနေသည်။ BGF အနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက မရပ် က ယင်းအား အ‌ကြောင်းပြချက် တခု အနေဖြင့် မြဝတီ စစ်ပွဲတွင် မြန်မာ စစ်တပ်ကို အကူအညီများ ပေးလာနိုင်သည်။

 

 နိုင်ငံတကာ မှ မြဝတီ အား မြန်မာစစ်တပ်မှ မဖြစ်ဖြစ်သည့် နည်း နှင့် ပြန်သိမ်း ရန် ကြိုးပမ်းနေမှု များကို စိုးရိမ်တကြီး စောင့်ကြည့်နေပြီ ဖြစ်သည်ဟု ဆောင်းပါး က ဆိုသည်။

 

 တော်လှန်ရေး အဖွဲ့များသည်လည်း ယခုအခါ အစိုးရ ဖွဲ့နိုင်ရန် အချင်းချင်း ဆွေးနွေးပြီး အစီအစဉ် ချမှတ်နေကြပြီဟု ဗီအိုအေ သတင်းတွင် ဖေါ်ပြထားသည်။ အဓိကအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်အား မည်သို့ မည်ပုံ အကောင်အထည် ဖေါ်မည်ဆိုသည်နှင့် ပတ်သက်၍ ဖြစ်သည်။

 

 သို့သော်လည်း တကယ်တမ်း အဓိပ္ပါယ် အတိအကျ ပြဋ္ဌာန်းလာသည့်အခါတွင်တော့ အားလုံးသည် သဘောတူရန် လက်တွန့်နေကြပြီး ဘာတွေ ထပ်ရနိုင်သလဲ ဟု စောင့်ကြည့် လိုလာကြသည်ဟု ဝါရှင်တန် စစ်ကောလိပ်ရှိ မြန်မာ အရေး လေ့လာသူ ပါမောက္ခ ဒေါက်တာ ဇာခါရီ အဘူဇာက မှတ်ချက် ချခဲ့သည်။

 

 အဓိက ပြဿနာ သည် တိုင်းရင်းသား ဖက်မှ နိုင်ငံတော် အာဏာသည် ပြည်နယ်များ တွင် အခြေပြုပြီး ၎င်းတို့ မှ ခွဲဝေပေးသော အာဏာဖြင့်သာ ဗဟို အစိုးရ မှ အုပ်ချုပ်ပိုင်ခွင့် ရှိသည်၊ အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှလည်း နိုင်ငံတော် အာဏာ ကို ပြည်ထောင်စု အစိုးရ ချုပ်ကိုင်ထားပြီး ပြည်နယ်များ မှ ခွဲဝေပေးထားသော အာဏာများ သာ စွဲကိုင် ကျင့်သုံးရမည် ဟု ခံယူထားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ သံလွင် လူထုမူဝါဒ ရေးရာ အင်စတီကျု မှ ရင်လော က ထောက်ပြခဲ့သည်။

 

 ထိုကိစ္စ အား ပြည်ပမှ နှစ်ဖက်လက်ခံ နိုင်သော စေ့စပ်ဖြေရှင်းပေးနိုင်မည့် လူများ အား ဖိတ်ခေါ်၍ အပြီးသတ် ညှိနှိုင်းဖို့ လိုအပ်လာပြီ ဖြစ်သည်၊ ထိုကဲ့သို့ သဘောတူညီချက်မျိုး ကြိုတင် ရှိမထားဟု ဆိုကာ စစ်ကောင်စီ ပြိုလဲသွားသည်နှင့် အခြေအနေများ ကသောင်းကနင်း ဖြစ်သွားနိုင်သည်။ စစ်ကောင်စီ ဖက်ကလည်း အချင်းချင်း မယုံသင်္ကာ ဖြစ်လာရန် ‌ဒေါ်အောင်ဆန်းစုကြည် ကပ် ကို ချိန်ကိုက် ဆွဲထုတ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

 

 တိုင်းရင်းသား များဖက်ကလည်း တိုင်းပြည်အာဏာ ကို ဗမာ အများစု က ချုပ်ကိုင်ထားမှု ကို နဂိုကတည်းက တော်လှန်နေကြသူများ ဖြစ်သည် ဆိုသည့် အချက်ကိုလည်း မေ့ထား၍ မရပြန်ပေ။

 

 ယခုအခါ အမေရိကန်သည် ၎င်းတို့ ထိန်းချုပ်ထားသော ရုရှား အပ်နှံငွေ အမေရိကန် ဒေါ်လာ ၂၈၂ ဘီလီယံ မှ ရရှိသည့် အတိုးငွေများကို ယူကရိန်း အား ထောက်ပံ့သွားရန် ဆန္ဒရှိနေသည်ဟု ဘိုင်ဒင် အစိုးရ ၏ နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး ဒါလိ ဆင်းက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

မိမိတို့ တိုင်းပြည်၏ ငွေများ အတွက်လည်း အလားတူ ပြုလုပ်ပေးရန် တောင်းဆိုသင့်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!