၂၀၂၄ ကမ္ဘာ ဒိုင်ယာရီ စာမျက်နှာ (၃၀)

by Hla Soewai - Apr 24 2024

စင်္ကာပူ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမည့် လောရင့်စ် ဝေါင်း

******************

 

စင်္ကာပူ သမ္မတ နိုင်ငံ ၏ ၅၉ နှစ် သမိုင်းတလျောက် ခေါင်းဆောင် သုံးဦးသာ ရှိခဲ့သည်။ မေလ ၁၅ ရက်နေ့တွင်တော့ စတုတ္ထမြောက် ခေါင်းဆောင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ နိုင်ငံအား အနှစ် နှစ်ဆယ် ကြာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည့်အသက် ၇၂ နှစ် ရှိ ဝန်ကြီးချုပ် လီရှန်လုံးသည် ရာထူး မှ နှုတ်ထွက်ပေးတော့မည် ဖြစ်သည်။

 

လက်ရှိ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သူ လောရင့်စ် ဝေါင်းသည် ဝန်ကြီးချုပ် အဖြစ် သမ္မတ နန်းတော်တွင် အခမ်းအနား ဖြင့် ကျမ်းသစ္စာ ကျိန်ဆိုသွားမည် ဖြစ်သည်။ ယင်း နှင့် အတူ စင်္ကာပူသည် လီ မိသားစု ခေါင်း‌ ဆောင်မှု မရှိတော့သည့် အနာဂတ်ကို ရင်ဆိုင်ကြရပေတော့မည်။

 

စင်္ကာပူ ၏ အာဏာရ ပါတီ ဖြစ်သော ပြည်သူ့ လှုပ်ရှားမှု ပါတီ People's Action Party (PAP) ၏ တတိယ မျိုးဆက် ခေါင်းဆောင် ပိုင်းသည်‌ လောရင့်စ် ဝေါင်းအား ရွေးချယ်လိုက်ခြင်းဖြင့်စတုတ္ထ မျိူးဆက် သို့ ခေါင်းဆောင်မှု မီးရှုးတိုင်ကို လွှဲပြောင်းပေးသွားမည် ဖြစ်သည်။ ဝေါင်း သည် ရွေးကောက်ပွဲ ကို ယခုနှစ် အတွင်း ခေါ်ယူဖို့ ရှိနေသည်။

 

‌၎င်းသည် ပါလီမန် တွင် လူများစု အမတ် နေရာ များဖြင့် ကြိမ်းသေပေါက် အနိုင်ရရှိ ဖို့ ရှိနေ၍ နိုင်ငံ များစွာ မှ ခေါင်းဆောင်များ သရေကျ စေမည့် ရွေးကောက်ပွဲ မျိုးလည်း ဖြစ်သည်။ သို့သော် PAP သည် လာမည့် ရွေးကောက်ပွဲ ကို ပေါ့ပေါ့ဆဆ လုပ်မည် မဟုတ်ပေ၊ နောက်ကွယ် တွင် မမြင်ရသော အန္တရာယ် ပေးလာနိုင်သည့် အကြောင်းများ ရှိနေသည်ဟု ယူဆထား၍လည်း ဖြစ်သည်။

 

စင်္ကာပူ နိုင်ငံသားများသည် PAP အား ၎င်းတို့အတွက် စီးပွားရေး တိုးတက်အောင်၊ အဖက်ဖက်မှအောင်မြင်လာ‌ အောင်၊ လုံခြုံမှု ရှိအောင် ပြုလုပ်ပေးသည့် ပါတီဟူ၍ အစဉ်အလာအရ ရှုမြင်ခဲ့မှုများမှ ခွဲထွက်လာကြပြီ ဖြစ်သည်။ လူငယ် အများစု သည် အစဉ်အဆက် ခေါင်းဆောင် မှု ဆိုသည်ကို အလေးထားရကောင်းမှန်း မသိကြတော့ပဲ စီးပွားရေး ဖွံ့ဖြိုးလာမှု များအား ညီတူမျှတူ ခံစားချင်လာကြသည်။ ထုနှင့် ထယ်နှင့် စုဆောင်းထားသည် အရံငွေများကိုလည်း ဒီတိုင်းမထားပဲ လူမှု ဖူလုံရေး ပိုင်းတွင် ရက်ရက်ရောရော ခွဲဝေ ပံ့ပိုးပေးစေချင်ကြသည်။ နိုင်ငံရေးရာ များကို ထိတ်က စီမံခန့်ခွဲနေသည်ထက် အများ ပါဝင် ပတ်သက် ဆုံးဖြတ်ကြသည်မျိုး ဖြစ်စေချင်လာသည်။

 

ဝေါင်းသည် သူနှင့် ဆက်စပ်နေသည့် စတုတ္ထ မျိုးဆက် ၏ မျှော်လင့်ချက် များ ဖြည့်ဆည်းရန်ထက် အများ၏ ထောက်ခံမှုနှင့် ကျင့်ဝတ် တရားများနှင့် အညီ ဆုံးဖြတ်ဆောင်ရွက်ရဖို့ အရေး နှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။

 

ပါတီသည် မည်သည့် စွန့်စားခန်းမျှ မထုတ်ပဲ အပြောင်း အလဲများ မလုပ်မီ ယခင် အတိုင်း ဆက်သွားဖို့သာ ရည်ရွယ်ထားသည်။ ဝေါင်းသည် ကက်ဘိနက် ကို ရွေးကောက်ပွဲ မတိုင်မီ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိဟု ၎င်း၏ စကားအသွားအလာရ သိရသည်။ လီရှန်လုံးသည်လည်း ဖခင်ဖြစ်သူကဲ့သို့ပင် Senior Minister (SM) အဖြစ် နေသွားမည်လည်း ဖြစ်သည်။

 

လူဟောင်းကြီးများထဲမှ အဓိက ကျသူ မစ္စတာ ကေ ရှာမူဂန်သည် ဥပဒေရေးရာ ဝန်ကြီး အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန ကို ဆက်၍ တာဝန်ယူသွားဖို့ ရှိနေသည်။ ရှာမူဂန်သည် စင်္ကာပူ ၏ ရှေ့ရေး အပေါ် အားရသည့် အမြင်မျိုး မရှိသူ ဖြစ်သည်။ မူဆလင် နိုင်ငံများ ဖြစ်သည့် မလေးရှား နှင့် အင်ဒိုနီရှား ဖက်မှ အစွန်းရောက်ဝါဒ ကူးစက်လာမည့် အရေး၊ ပြည်ပ နိုင်ငံများ၏ လုပ်ကြံသတင်းများ ထုတ်လွှင့်လာနိုင်သည့် အရေး၊ အင်အားကြီး နိုင်ငံများ ယှဉ်ပြိုင်မှုများ နှင့် လက်ရှိ ကုန်သွယ်ရေး ဖက် အကျိုးကျေးဇူး များ ခံစားနေရမှု အကြောင်းတခုခု ကြောင့် ဆုံးရှုံးသွားနိုင်ပြီး နိုင်ငံ၏ စီးပွားရေး ထိခိုက် ပျက်စီး သွားနိုင်သည်များကို စိုးရိမ်ကြောင့်ကြနေသူ ဖြစ်သည်။

 

သတိနှင့် နိုးနိုးကြားကြား ရှိနေဖို့သည် ၎င်း၏ လက်သုံးစကား ဖြစ်လာသည်။ PAP သည်လည်း အခြားနေရာများတွင် တွေ့လာရသည့် တစုံတယောက်၏ နိုင်ငံရေး၊ စီးပွားရေး အမြင်များ လူထု အပေါ် လွှမ်းမိုးလာနိုင်သည့် ပေါ်ပြူလစ် များ၏ အန္တရာယ် ကို သတိပေးလာပြီး၊ အသုံးအဖြုန်း မကြီးရန်လည်း အမြဲလို သတိထား ကာကွယ်ပေးခဲ့သည်။

 

သို့သော် ဝေါင်းသည် ယခင်ကနှင့် မတူစေရ ဟု ကတိပေးထားခဲ့ပြီး ဖြစ်သည်။ ကမ္ဘာကြီးသည် လျှင်မြန်စွာ ပြောင်းလဲလာနေ၍ အိုင်ဒီယာ အသစ်များ နှင့် ချည်းကပ်ဆောင်ရွက်သွားရန် နှင့် "ရေခံ မြေခံ အသစ်များ တူးဖေါ်သွားရန်" လိုသည်ဟု ပြောခဲ့သည်။ သို့သော် သူအတွက် လိုအပ်နေသော နိုင်ငံရေး ထောက်ခံမှု မရရှိနိုင်၍ ပျက်ပြားသွားနိုင်သည်ဟု ထင်ကြေးပေးနေကြသည်။

 

စတုတ္ထမျိုးဆက် က ၎င်းအား ဦးဦးဖျားဖျား ရွေးချယ်ခဲ့သည် မဟုတ်၊ လက်ရှိ စီးပွားရေး ဝန်ကြီး ဖြစ်သူ ဟိန်ဆွိကီး အား လီရှန်လုံးနေရာ ဆက်ခံရန် ရွေးချယ်ခဲ့ကြသော်လည်း ၎င်းမှ ၂၀၂၁ တွင် ရုတ်ခြည်း လက်မခံတော့၍ ဝေါင်း ဖက် လှည့်လာခြင်း ဖြစ်သည်။

 

ဝေါင်းသည် ၂၀၁၁ တွင်မှ နိုင်ငံရေးထဲ ရောက်မလာမီ လွန်စွာ ထူးချွန်ထက်မြက်သည့် တတ်သိ ပညာရှင် တဦး အဖြစ် လူသိများခဲ့သည်။ ကိုဗစ် ကာလ အတွင်း ထိပ်ဆုံးမှ ထွက်လာခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း စင်္ကာပူ နိုင်ငံသားများ အကြားတွင် လူသိနည်းနေဆဲ ဖြစ်သည်။

 

ဝေါင်းသည် စုပေါင်း ခေါင်းဆောင်မှု ပုံစံမျိုး နှင့် အုပ်ချုပ်သွားဖို့ ရှိနေသည်။ ပါတီတွင်းသာမက ပါတီပြင်ပမှ အမြင်များကိုပါ ထည့်သွင်းစဉ်းစားသွားမည်ဟု ယူဆရသည်၊ လွန်ခဲ့သည့် နှစ်နှစ်ခန့်က Forward Singapore ဆိုသည့် အမြင်ကို လူထုထံ ချပြခဲ့ဖူးသူ ဖြစ်သည်။ ထိုအထဲတွင် ချမ်းသာသူများထံမှ အခွန် တိုးမြှင့် ကောက်ခံရေး နှင့် လူမှု ဖူလုံရေးအား ယခုထက် ပို၍ လုပ်ဆောင်သွားရန်တို့ ပါဝင်သည်။

 

ဖေါ်ဖေါ်ရွေရွေ ဆက်ဆံ ပြောဆိုတတ်သော ဝေါင်းအား လက်ရှိ အုပ်ချုပ်ရေး အသိုက်အဝန်း မှ အီလစ်များထက် လူထုက ပို၍ လက်ခံလာနိုင်ဖွယ် ရှိသည်။ East Coast ဖက်ရှိ HDB တိုက်ခန်း တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ဂစ်တာလေး တီးကာ မကွယ်မဝှက် ပြောဆိုတတ်သည့် ပညာရှင် တဦး ဖြစ်ယုံမက PAP မှ ပုဂ္ဂိုလ်ကြီးများ ဂုဏ်ယူလေ့ရှိသည့် ကျောင်းကြီး ကျောင်းကောင်းများသို့ တက်ခဲ့ဖူးသူ မဟုတ်ပေ။ ထိုအချက်များကပင် ဝေါင်း အတွက် အလိုလိုနေရင်း အမှတ်တက်လာခဲ့ရသည်။

 

သို့သော်လည်း လာမည့် ရွေးကောက်ပွဲ သည် သူ့အတွက် အစမ်းသပ်ခံရဖို့ ရှိနေသည်။ အတိုက်အခံများဖက်က လက်ရှိ အမတ် ဦးရေ ၈၇ ယောက် ရှိသော ပါလီမန်တွင် လက်ရှိရထားသည့် ၁၀ နေရာထက် ပိုရလာမည် ဆိုက ဝေါင်း ၏ အပြောင်း အလဲ လုပ်မည့် အစီအစဉ် များ နောက်ပြန် ဆုတ်သွားမည်သာ ဖြစ်သည်။

 

(၂၀၂၄ ဧပြီ ၁၈ ‌ရက် ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ 'Lawrence Wong will be only the fourth PM in Singapore’s history" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)