ကျောခြင်းကပ် ရင်ခြင်းကပ် နိုင်မှ သာ စစ်အာဏာရှင် အဆုံးသတ်သွားနိုင်မည်

by Hla Soewai - Apr 24 2024

ရက်စက်ကြမ်းကြုပ် သည့် နေရာတွင် နာမည်ဆိုး ဖြင့် ကျော်ကြားလှသော မြန်မာ စစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့တွင် လူထု ရွေးချယ်တင်မြှောက်ထားသော အစိုးရ အား ဖြုတ်ချ အာဏာသိမ်း လိုက်ခြင်း ကြောင့် တနိုင်ငံလုံး အနှံ့ လူထု ဆန့်ကျင် ဆန္ဒပြပွဲ ကြီး ပေါ်ပေါက်လာခဲ့ရသည်။ 

 

အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာတွင် စစ်ကောင်စီ၏ လက်ဖြောင့်တပ်သား တဦး မှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်ကြီးထဲသို့ ပစ်ခတ်လိုက်ခြင်း ဖြင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် တဦး အား ထိမှန် သေဆုံး သွားခဲ့ရပြီး နောက်ပိုင်းတွင် လူထု ကို စတင်တိုက်ခိုက်လာခဲ့သည်ဟု နယူးယောက်တိုင်း သတင်းစာမှ ဆောင်းပါး ရှည်ကြီး ရေးသားလာခဲ့သည်။ ယခုအချိန်ထိ ၎င်းတို့ လက်ချက်ဖြင့် လူပေါင်း ၄,၈၀၀ အသက် ဆုံးရှုံးသွားခဲ့ပြီး ၂၆,၅၀၀ ကျော်သည် အဖမ်းဆီးခံထားရသည် ဟု ဆိုသည်။

 

၎င်းတို့၏ ထိုသို့ ရက်စက်ကြမ်းကြုပ်လာမှု အား ခုခံတွန်းလှန် ဖြိုဖျက်ရန် ရွေးကောက်တင်မြှောက်ခံ လူထု ကိုယ်စားလှယ်များက အမျိုးသား ညီညွတ်ရေး အစိုးရ ကို ဖွဲ့စည်းလိုက်ပြီး ယင်းနှင့် အတူ ပြည်သူ့ကာကွယ်ရေး တပ်မတော် ပေါ်ပေါက်လာခဲ့သည်။ NUG သည် ယခင် တိုင်းပြည်ကို စီမံ ခန့်ခွဲခဲ့သော အုပ်ချုပ်ရေး ယန္တယား တွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသူများ နှင့် ဖွဲ့စည်းထားမှန်း သိကြသော်လည်း ဥရောပ ပါလီမန်မှ မြန်မာပြည်၏ တရားဝင် အစိုးရဟု အသိအမှတ် ပြုခဲ့သည်မှ လွဲ၍ နိုင်ငံတနိုင်ငံကမျှ အသိအမှတ် ပြုခြင်း မခံခဲ့ရသေးဟု နယူးယောက်တိုင်းမ် က ထောက်ပြခဲ့သည်။

 

ထိုသို့ အောက်လက်ကနေလှန်ပြီး underdog အဖြစ် ခုခံ တိုက်ခိုက်လာရာမှ အင်အား တောင့်တင်းလှသော စစ်တပ် သည် ယခုအခါ ပြိုလဲလု အနေအထား အထိ ရောက်လာခဲ့ပြီဟု နယူးယောက် အခြေစိုက် The Week မဂ္ဂဇင်းကြီး တွင် ယခုလို ရေးသားလာခဲ့သည်။

 

ဗိုလ်ချုပ်ကြီးများက ကနဦး တွင် ထိုသို့ ဖွဲ့စည်းလာသော တော်လှန်ရေး အင်အားစုများကို အလေးထား စရာ အဖြစ် မမှတ်ယူခဲ့ကြသည့် အပြင် လှောင်ပြောင် သရော်ခဲ့ကြသည်။ စစ်ရေး လေ့လာသူ အများစုကလည်း စစ်တပ်သည် အင်အား တောင့်တင်းလွန်းလှ၍ ပြိုလဲသွားနိုင်မည် မဟုတ်ဟု ထင်ကြေးပေးခဲ့ကြသည်။ ထိုသို့သော အနေအထား မှ သုံးနှစ် အကြာ တွင် စစ်စခန်းများ၊ မြို့ရွာများအား ဆက်တိုက် ဆိုသလို သိမ်းပိုက် နိုင်ခဲ့ပြီး နွေဦး တော်လှန်ရေးသည် အရှိန် ရလာခဲ့သည်။

 

အမေရိကန် နိုင်ငံခြားဆက်ဆံရေး ကောင်စီမှ ဂျိုရှုဝါ ကလန်ဇစ်မှ အာဏာသိမ်း အဖွဲ့၏ အရှုံးများသည် အချိန်တို အတွင်း ကြီးထွားလာနေပြီဟု ရေးသားခဲ့သည်။ နိုင်ငံ၏ အရှေ့ပိုင်းတွင် ကရင် တော်လှန်ရေး တပ်ဖွဲ့များက မြဝတီ မြို့ကို သိမ်းယူနိုင်ခဲ့မှု နှင့် အတူ ထိုင်း ဖက်မှ လက်နက် နှင့် အကူအညီများ သွင်းလာနိုင်ဖို့ လမ်းပွင့်သွားပြီ ဖြစ်သည်။ (သို့သော် ယမန်နေ့ မြဝတီ ရှိ နယ်ခြား ချစ်ကြည်ရေး တံတား အနီး ခိုအောင်းနေသော တပ်ကြွင်းတပ်ကျန်များကို ရှင်းလင်းရန် တိုက်ခိုက်လာသည့် ကရင် တော်လှန်ရေး တပ်ပေါင်းစု သည် စစ်တပ်ဖက်မှ တရက်အတွင်း ဗုံး အလုံးရေ ၁၃၀ ထက်မနည်း ကြဲချ တိုက်ခိုက်လာ၍ ပြန်လည် ဆုတ်ခွာပေးလိုက်ရသည်ဟု ဧရာဝတီ သတင်း က ဆိုသည်။)

 

ထိုင်း ၏ The Nation သတင်းစာကြီး တွင်တော့ တံတား အောက်တွင်ရှိ တပ်မ ၄၄ တပ်မှုး ဗိုလ်မှုးချုပ် စိုးမင်းသက် သေဆုံးသွားသည် ဆိုသည်နှင့် စစ်ကောင်စီမှ ထိုင်း-မြန်မာ ပူးတွဲ ကော်မတီ မှ တဆင့် ရုပ်အလောင်း ကို ပြန်လွှဲယူ နိုင်ရေး ပြောလာဖွယ် ရှိနေသော်လည်း ယခုထိ အသေးစိတ် မသိရသေးဟု ပါရှိလာခဲ့သည်။

 

The Week မဂ္ဂဇင်းက ဆက်လက် ရေးသား ရာတွင် တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကောင်စီ အခြေစိုက် ရာ နေပြည်တော်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နိုင်လိုက်ခြင်း ကြောင့် အရှက်တကွဲ ဖြစ်သွားခဲ့ရပြန်သည်။

 

စစ်ကောင်စီ သည် လူမျိုးစုံ ကွဲပြားနေသော တော်လှန်ရေး တပ်ပေါင်းစု အား သွေးခွဲ သပ်လျို နိုင်ရန် ကြိုးစားလာနေပြီ ဖြစ်သည်။ သို့သော် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ အသီးသီးသည် အာဏာသိမ်း အဖွဲ့ ကို ဖြုတ်ချနိုင်ရေး ဆိုသည့် ဘုံရည်မှန်းချက် အောက်တွင် တစုတစည်း တည်း ရှိနေကြပြီ ဖြစ်သည်ဟု အယ်ဂျာဇီယား သတင်းက ဆိုသည်။ NUG ၏ ဦးဆောင်မှုကို လက်မခံကြသေးသော်လည်း အတူ ပူးပေါင်း ဆောင်ရွက်နေကြပြီ ဖြစ်သည်။

 

စစ်တပ်သည် အလွယ်တကူ လက်လျော့သွားဖို့ မရှိပဲ ယခုအခါ လူငယ်များကို အတင်း အဓမ္မ စစ်ထဲ ခေါ်သွင်းပြီး ပြန်တိုက်နိုင်ရန် ပြင်ဆင်လာနေပြီ ဖြစ်သည်။ နိုင်ငံ အများအပြားတွင် ပြည်ပ ရန် ကို ကာကွယ်ရန် စစ်မှုထမ်း ဥပဒေ ဆိုသည်မှာ မရှိမဟုတ် ရှိသော်လည်း ယခု ကိစ္စသည် ၎င်းတို့ ကိုယ်ကျိုး အတွက် လူငယ် ထောင်ပေါင်း များစွာ ၏ လွတ်လပ်ခွင့် နှင့် အနာဂတ် ကို ဖျက်ဆီးပစ်လိုက်ကြခြင်းပင် ဖြစ်သည်။ ထိုအထဲတွင် ၎င်းတို့ လူမျိုး သန့်စင်ရေး လုပ်ခဲ့သော ရိုဟင်ဂျာများကိုပင် မချန် အတင်းအကျပ် ဆွဲသွင်းလာခဲ့ကြသည်။ ထွက်ပေါ်လာသော သတင်းများအရ ရိုဟင်ဂျာ လူငယ် ၂၀၀ ခန့်သည် နယ်ခြားကို ဖြတ်ကျော်၍ ကောက်ဘဇားရှိ ဒုက္ခသည် စခန်း များသို့ ရောက်ရှိလာကြသည်ဟု သိရသည်။ နေ့စဉ်လို အုပ်စုဖွဲ့ပြီး ထပ်မံ ဝင်ရောက်လာဖို့ ရှိနေသည်ဟု သတင်းများက ဆိုသည်။

 

စစ်ကောင်စီ၏ ရည်ရွယ်ချက်သည် ရိုဟင်ဂျာများ အား “ငါတို့လူ” အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် ရခိုင် ပြည်နယ် အတွင်း လူမျိုးရေး မုန်းတီးမှု များ ဖန်တီးရန် အတွက် ဖြစ်သည်။

 

မည်သို့ မည်ပုံ ဆက်ဖြစ်လာမည်ကို ခန့်မှန်းရ ခက်နေသော်လည်း စစ်တပ် အတွင်း စိတ်ဓါတ်များ ပြိုလဲကာ အကွဲအပြဲများက ပို၍ နက်ရှိုင်းလာနေပြီ ဖြစ်သည်။ ဗမာ အပါအဝင် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အကြား အသစ်တဖန် ရရှိလာသည့် ညီညွတ်ရေး ကို ထိန်းထားနိုင်မှသာ စစ်ကောင်စီ ၏ နောက်ဆုံးရက်များ နီးကပ်လာနိုင်မည် ဖြစ်သည်။

 

မြန်မာ အရေး အနီးကပ် လေ့လာ စောင့်ကြည့်သူ ဒေးဗစ် စကော့ မေသီဆန် မှ အနောက်တိုင်း မှ ရံပုံငွေ ထောက်ပံ့ထားသော အကြံပေးများ အနေဖြင့် ထဲထဲဝင်ဝင် လုပ်ပေးနိုင်ခဲ့မည် ဆိုလျှင် NUG, NUCC, CRPH တို့ အနေဖြင့် ဝေဖန်မှု များ လွတ်ကင်းပြီး ပို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်း၏ ဆောင်းပါး တွင် ရေးသားထားသည်ကိုလည်း ဖတ်ရှုခဲ့ရသည်။

 

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!