နောက်ဆုံး အခြေအနေအတွက် အားလုံးပြင်ဆင်ထားရတော့မည့် အချိန် ရောက်ပြီ

by Hla Soewai - Apr 24 2024

မြန်မာ စစ်တပ်သည် စစ်မြေပြင် တွင် ဆက်တိုက် ဆိုသလို အရှုံးများ နှင့် ရင်ဆိုင်လာရခြင်း၊ တပ်ကို စွန့်ခွာ ထွက်ပြေးနေကြခြင်း နှင့် နယ်မြေအများအပြား လက်လွှတ်ပေးခဲ့ရမှု များ ကြောင့် ယခုအခါ လမ်းဆုံလမ်းခွသို့ ရောက်လာပုံ ရှိသည်။ ယင်းကို ကြည့်၍ စစ်ကောင်စီ၏ အခြေအနေသည် အလျင်အမြန် ဆိုးဝါးလာနေပြီး လုံးဝ ပြိုလဲသွားတော့ မည် ဟု သုံးသပ်လာကြပြီ ဖြစ်သည်။ ထို့အတွက် မြန်မာ နိုင်ငံသားများ နှင့် ပြည်ပ မှ ယခုကတည်းက ဖြစ်လာနိုင်သည်များကို ကြိုတင် ပြင်ဆင်ထားဖို့ လိုပြီဟု အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒ အပေါ် ဩဇာ သက်ရောက်နိုင်စွမ်း ရှိသည့် Council on Foreign Relations အဖွဲ့ကြီးမှ အကြီးတန်း သုတေသီ တဦး ဖြစ်သူ ဂျိုရှုဝါ ကာလန်ဇစ် က ရေးသား ထောက်ပြလာခဲ့သည်။

 

ဖြစ်လာနိုင်သည့် Endgame များသည်က စစ်ကောင်စီ အတွင်း အက်ကြောင်းများ ထ လာခြင်း၊ နောက်ဆုံး မရမနေ ပို၍ ရက်စက်ကြမ်းကြုပ်သော နည်းမျိုးစုံ ဖြင့် နယ်မြေများ ပြန်သိမ်းယူခြင်း၊ စစ်ဗိုလ်ချုပ်ကြီး များ မှ ထွက်ပြေးနိုင်ရန် ကြိုးစားမှု နှင့် အတူ ၎င်းတို့ စုဆောင်းထားသမျှ အား နိုင်ငံပြင်ပရှိ လုံခြုံသော နေရာများ တွင် အပ်နှံလာကြခြင်း၊ ၎င်းတို့အား လက်ခံမည့် တတိယ နိုင်ငံများကို ရှာဖွေလာကြခြင်း များ ဖြစ်လာနိုင်သည်။

 

စစ်ကောင်စီအား တော်လှန်ရေး မဟာမိတ်များ မှ ကာလကြာမြင့်စွာ ကတည်းက ဖိအားပေးလာနေရာမှ ယခုအခါ အလျင်အမြန် တိုးတက် အောင်မြင်လာမှုများ နှင့် အတူ ဖေါက်ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ အတွက် လွန်စွာ အရေးပါသော မြဝတီ မြို့ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ယင်းသည် စိတ်ဓါတ်ရေး ပိုင်း အရ အရေးနိမ့်သွားခဲ့မှု နှင့်အတူ ထောက်ပို့ လမ်းကြောင်းလည်း ပွင့်သွားခဲ့ပြီး ထိုင်းအစိုးရ သည်လည်း စစ်ကောင်စီ ၏ အနေအထား အပေါ် သဘောပေါက်လာ၍ ခွင့်ပြုလာနိုင်ဖွယ် ရှိနေသည်။

 

စစ်ကောင်စီဖက်က လုံခြုံသည်ဟု ယူဆထားခဲ့‌သော ဒေသများကို တော်လှန်ရေး တပ်များက တိုးမြှင့်၍ တိုက်ခိုက်လာနိုင်ကြ၍ ပြည်သူများအား စစ်တပ် နှင့် ထိတ်ပိုင်း ခေါင်းဆောင်များကို နေရာဒေသမရွေး ပစ်မှတ်ထား တိုက်ခိုက်နိုင်သည်ကို ပြနိုင်ခဲ့သည်။ နေပြည်တော်အား မကြာမီက ဒရုန်း ဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် ထိခိုက် ပျက်စီးမှု မည်မည်ရရ မရှိခဲ့သော်လည်း မြို့တော်ကိုပင် တိုက်ခိုက်နိုင်သည် ဟု စစ်ကောင်စီ တပ်များအား စိတ်ဓါတ်ရေးရာ အရ ထိုးနှက် နိုင်ခဲ့သည်။

 

နိုင်ငံ အနောက်ပိုင်း တွင်လည်း အင်အားတောင့်တင်းသော ရက္ခိုင်တပ်တော် အားလည်း အရေးနိမ့်နေပြီ ဖြစ်သည်။ ၎င်းတို့ ထိထိရောက်ရောက် ထိန်းချုပ်နိုင်သော နယ်မြေများသည် တစထက် တစ လျော့နည်း လာနေသည်။ နိုင်ငံ အလယ်ပိုင်း ဒေသတွင်ပင် မြို့ပြများကို ချုပ်ကိုင်ထား နိုင်ဆဲ ဖြစ်သော လည်း အနီး ပတ်ဝန်းကျင်ကို မည်မျှ အထိ ထိန်းချုပ်ထားနိုင်သလဲ ဆိုသည်ကား ရှင်းရှင်းလင်းလင်း မသိနိုင် သည့် အနေအထား ရောက်လာသည်။

 

တော်လှန်ရေး တပ်များသည် စစ်တက္ကသိုလ် လို နေရာမျိုး ကိုပင် တိုက်ခိုက်လာကြ၍ တိုက်ပွဲကြီး များ ဆင်နွှဲရန် အသင့် အနေအထား ရောက်လာခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ၏ ထိတ်တန်း ပုဂ္ဂိုလ်များကိုပင် လုပ်ကြံ သတ်ဖြတ် မှု များသည် လည်း လုပ်ရိုးလုပ်စဉ် ဖြစ်လာခဲ့သည်။

 

ဝါရှင်တန် ပို့စ် သတင်းစာ အဆိုအရ ထွက်ပြေးခိုလှုံလာသူများက ၎င်းတို့အား ရိက္ခာကိုပင် လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်စွမ်း မရှိတော့ဟု ပြောလာကြကြောင်း ရေးသားထားသည်။ ယခင်က စွဲမက်စရာ ဖြစ်ခဲ့သော စစ်တပ် ၏ တပ်တွင်း လူမှု ဖူလုံရေး အထောက်အပံ့များသည်လည်း ပြိုလဲလာပြီး စစ်ထဲဝင်လိုသူများ နှင့် မှီခိုရမည့် မိသားစုများ အား ဆွဲဆောင်နိုင်စွမ်း မရှိတော့ပေ။ စစ်သားများသည် လည်း ၎င်းတို့ ရှုံးနေမှုအပေါ် သတင်းမှောင်ချထားမှု များ နှင့် တော်လှန်‌ရေး တပ်ဖွဲ့များအား “အကြမ်းဖက်သမားများ” အဖြစ် ယုံကြည်လာအောင် ပြောဆိုနေမှုများ သည်လည်း ထိရောက်မှု မရှိတော့ပဲ ကြံရာမရ ဖြစ်လာကာ ဘက်ပြောင်းလာသူ များသည်ထက် များလာနေသည်။

 

ရုရှား သည်ပင် ၎င်းတို့ လိုအပ်နေသမျှ ကို ထောက်ပံ့ပေးကြမည် မဟုတ်၊ ရုရှားပင် ကိုယ်တိုင် စစ်ပွဲ ကြီး ဆင်နွှဲနေရ၍ အကန့်အသတ် နှင့် သာ ပေးနိုင်စွမ်း ရှိနေသည်။ အခြား မည်သည့် နိုင်ငံကကော ဝင်ရောက် ထောက်ပံ့ပေးမည်နည်း၊ သံတမန်ရေးအရ ရော ၎င်းတို့ဖက်က ရပ်တည်ပေးမည့် နိုင်ငံကော ရှိဦးမည်လော။ စစ်ကောင်စီ ကပင် ရုရှား တို့ အား ယူကရိန်းစစ်ပွဲ အတွက် ပြန်၍ ပေးနေရသည်။ မြောက်ကိုရီယားပင် ယခုအခါ ရုရှား အား စစ်လက်နက်များ ပို၍ တင်ပို့ နိုင်ရန် အာရုံ စိုက်လာနေသည်။

 

သံတမန်ရေး တွင်လည်း အာဏာသိမ်းပြီးချိန်ကစ၍ အာဆီယံ သည် အရှိန်အဝါ ကျဆင်းလာနေသော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံ အချို့မှ စစ်ကောင်စီ မည်မျှ အထိ ရှင်သန် နိုင်ဦးမည်လဲ ဆိုသည် သဘောထားများ ရှိလာပြီ ဖြစ်သည်။ ယခင်က ထိုင်း ကဲ့သို့ ခြံစည်းရိုး ခွထိုင်နေသော နိုင်ငံများပင် စစ်ကောင်စီ၏ ကျဆုံးခန်း ကို ခန့်မှန်းလာမှု နှင့် အတူ အနည်းဆုံး ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။ မလေးရှား နှင့် အင်ဒိုနီရှားသည် စစ်ကောင်စီ အား သုံးနှစ်လုံးလုံး ဝေဖန် ရှုတ်ချ နေကြသည့် နိုင်ငံများလည်း ဖြစ်သည်။ 

 

သံခင်းတမန်ခင်း ပိုင်းတွင် အကာအကွယ် ပေးထားသော တရုတ်သည်ပင် အရှုံးကို မြင်လာပြီး ယင်းမှတဆင့် ၎င်းတို့ နယ်နမိတ်များ အတွင်း ကူးစက်လာမှု များ ကြောင့် တနေ့တခြား စိတ်ပျက်လက်ပျက် ဖြစ်လာပုံရသည်။ တော်လှန်ရေး တပ်များသည် ယခုအခါ ထိုင်း နှင့် တရုတ်နယ်စပ်ဒေသများရှိ အရေးပါသော နေရာများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သည်။

 

ထို့အတွက် စစ်ကောင်စီသည် မည်မျှ ကြာကြာတောင့်ခံထားနိုင်မည်နည်း၊ ၎င်းတို့၏ လာလတ္တံ့သော Endgame အတွက် ဖြစ်လာနိုင်သည်များကို ထည့်သွင်းစဉ်းစားရတော့မည် ဖြစ်သည်။

 

ဒေါ်အောင်ဆန်းစုကြည်အားလည်း ယခင်က နည်းလမ်းများ အတိုင်း နေအိမ် အကျယ်ချုပ်သို့ ရွှေ့ပြောင်း ပေးလာသည်။ ယင်းသည် စစ်ကောင်စီ မှ ၎င်းတို့ ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် တာဝန်ခံစရာ မလို၊ မျက်နှာလည်း မပျက် အဖတ်ဆယ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလာခြင်းလော ဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ သို့မဟုတ်ကလည်း ဒီထက် ဆိုးနိုင်သည့် လူသား ဒိုင်း အဖြစ် အသုံးချခြင်၍လော။

 

အဆင့်မြင့် အရာရှိများပင် ဘက်ပြောင်းလာကြ၍ အချို့သော ထိတ်ပိုင်း ရှိ ခေါင်းဆောင်များသည် မင်းအောင်လှိုင်အား ပုန်ကန်လာကြ၍ စစ်ကောင်စီ ပြိုလဲသွား နိုင်မည်လော။ သို့မဟုတ် တိုင်းပြည်မှ ထွက်ပြေးဖို့ စတင် ပြင်ဆင်လာကြပြီလော၊ သို့ဆိုက ဘယ်ကို ထွက်ပြေးကြမည်နည်း။ ဖြစ်နိုင်မည်ဆိုက ၎င်းတို့ မတရား ရှာဖွေ ထားသမျှကို ရနိုင်သမျှ ထုခွဲပြီး လုံခြုံစိတ်ချရမည့် တနေရာ တွင် အပ်နှံဖို့ လုံးပမ်းလာမည်လော၊

 

အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများသည် ၎င်းတို့၏ ဆိုးဝါးလာနေသော အခြေအနေကို ရိပ်စားမိလာ၍ အလုံးအရင်း နှင့် ဘက်ပြောင်းခိုလှုံလာမှု၊ တဖက်နိုင်ငံများသို့ ထွက်ပြေး ခိုလှုံသွားမှု နှင့် အတူ စစ်ကောင်စီသည် ဆက်လက် တိုက်နိုင်စွမ်း မရှိတော့၍ တော်လှန်ရေး တပ်များ အောင်ပွဲခံလာဖို့ ရှိနေပြီလော။

 

ယခုလက်ရှိတွင် အထက်ပါ အခြေ အနေ အားလုံး ကို အလေးအနက် သုံးသပ် ပြင်ဆင်ထားရတော့ မည့် အချိန် ‌ရောက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration Credit - France 24