နိုင်ငံတကာ ရေးရာ မိတ်ဆက်(59)

by Hla Soewai - Apr 24 2024

အပိုင်း (၃)

 

ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်

 

သမိုင်း ၏ ဖြတ်သန်းခဲ့ရသော ခေတ်တခေတ် စီအား ပါဝင်ခဲ့သည့် အင်အားစုများ၊ ၎င်းတို့ ၏ အာဏာ သက်ရောက်မှု များ၊ ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် စိန် ခေါ်မှုများ နှင့် ယင်းတို့အား လူများ နှင့် အစိုးရများက မည်သို့ ရင်ဆိုင်ခဲ့ကြသနည်း အစရှိသည့် အကြောင်းအရာများက ပြဋ္ဌာန်း ခဲ့စမြဲပင် ဖြစ်သည်။

 

ထိုအခါတွင် အင်အားကြီး နိုင်ငံများ နှင့် ၎င်းတို့အကြား ယှဉ်ပြိုင်မှုများ၊ အုပ်ချုပ်ခဲ့မှု များက သမိုင်း ဇာတ်ကြောင်းတွင် အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်လာခဲ့သည်။ ယင်းသည် သမိုင်း၏ ဖြတ်သန်းခဲ့ရာ အတိတ်၊ လက်ရှိ နှင့် အနာဂတ် တွင်လည်း ထိုအတိုင်း ပင် ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ယခုအခါနှင့် ရှေ့လျောက် တရုတ် နှင့် အမေရိကန် အကြား ကြီးထွားလာနေသော ယှဉ်ပြိုင်မှု များသည် အဓိက နေရာ မှ ပြဋ္ဌာန်း လာပေလိမ့်မည်။ သို့သော် အမေရိကန် နှင့် တရုတ်သည် ဒုတိယ စစ်အေး တိုက်ပွဲကြီး ဆင်နွှဲလာကြမည် လား ဆိုသည်က ကံသေကံမ မပြောနိုင်သေးပေ။

 

အကယ်‌‌၍ ဆင်နွှဲလာခဲ့မည် ဆိုလျှင်လည်း ၎င်းတို့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် ခေတ်ကို ပြဋ္ဌာန်း နိုင်လိမ့်မည် မဟုတ်သည်ကား သေချာနေပေသည်။

 

နောက်ထပ် ဖြစ်နိုင်ခြေ ရှိနေသည်ကား ဂလိုဘယ်လိုက်ဇေးရှင်း သည် အဓိက နေရာမှ ပေါ်ထွက်လာနိုင်ခြင်းပင် ဖြစ်သည်။

 

ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသည်ကား ကမ္ဘာနေရာ အနှံ့အပြားသို့၎င်း၊ နယ်ခြားများ ဖြတ်ကျော်၍ ၎င်း လူများ၊ အီးမေးလ်များ၊ ဗိုင်းရပ်စ်များ၊ ကာဘွန်ဒိုင် အောက်ဆိုဒ် မှသည် တွေးလို့ရနိုင်သည် မှန်သမျှ ကို လျှင်လျှင်မြန်မြန်၊ ထု နှင့် ထယ်နှင့် စီးမျောနိုင်ခြင်းကို ဆိုလိုသည်။

 

အချို့ နေရာများ တွင် အစိုးရများသည် ၎င်းတို့ ပိုင် နယ်နမိတ် များ အတွင်း ဝင်ရောက်လာခြင်း၊ ထွက်သွားခြင်းများကိုပင် သတိမထားနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ တခါတရံ တွင် ထိုအရေး အား စည်းနှင့် ကမ်းနှင့် ဖြစ်အောင် ထိန်းချုပ်နိုင်စွမ်း မရှိ၊ ထိန်းချုပ်လိုစိတ်လည်း မရှိ ဖြစ်လာကြသည်။

 

နယ်ခြားများသည် ယခင်ကတည်းက အမြဲလို ဖြတ်ကျော် ကူးသန်းနေကြစမြဲ ဖြစ်သော်လည်း ယခု ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင် ဖြစ်စဉ်များ နှင့် အတိုင်းအတာ ပမာဏ၊ အရေးပါမှု နှင့် သက်ရောက်မှု တို့တွင် တမူ ကွဲပြားလာခဲ့သည်။ ထို့ပြင် လူသားတို့၏ ဘဝ ကိုလည်း အံ့ဩဖွယ် ကောင်းလောက်အောင် ပြောင်းလဲပစ်နိုင်စွမ်း ရှိနေပြန်သည်။

 

မည်သည့် အရာများသည် ဂလိုဘယ်လိုက်ဇေးရှင်း မှ ဘေးထွက်လာနေသနည်း ဆိုသည်ကို သိထားရန်လည်း လိုအပ်လာသည်။ အနည်းငယ်သော ဖြစ်စဉ်များမှ လွဲ၍ ထိုသို့ ဘေးရောက်နေခြင်းသည် မူဝါဒ ဖြင့် ရွေးချယ်ခဲ့ကြ၍ မဟုတ်ပေ။

 

ဂလိုဘယ်လိုက်ဇေးရှင်းသည် ပကတိ ဖြစ်စဉ် တရား ဖြစ်သည်။ ကောင်းသည်လည်း ရှိသလို ဆိုးသည်လည်း ရှိသည်၊ နူးညံ့သိမ်မွေ့သလို၊ ဒုက္ခပေးလာနိုင်သည်များလည်း ရှိနေသည်။ အချို့နယ်ပယ်များ တွင် နိုင်ငံ အချို့သည် ဂလိုဘယ်လိုက်ဇေးရှင်းအား ဖက်တွယ်လိုကြသည်၊ ၎င်းတို့ လိုလားရာ သို့ ပဲ့ကိုင်ချင်လာကြသည်။ အချို့ကလည်း ထိုဖြစ်စဉ် ကြီး မှ တတ်နိုင်သမျှ ဝေးဝေးနေရအောင် ‌ရွေးချယ်လာခဲ့သည်။ မည်သို့မျှ ရွေးချယ်၍ မရတော့ဘဲ လိုက်ပါ စီးမျောလာခဲ့ရသည် များလည်း ရှိနေသည်။

 

ယခု အပိုင်း ၏ ကနဦးတွင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဦးစားပေး တင်ပြသွားမည် ဖြစ်သည်။ နောက်ပိုင်း ကဏ္ဍများတွင် ဂလိုဘယ်လိုက်ဇေးရှင်း မှ ကိုယ်ထင်ပြ၍ ထွက်ပေါ်လာခဲ့ရသည့် အကြမ်းဖက် ဝါဒ၊ နျူကလီယား ပြန့်ပွားလာမှု၊ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှု၊ လူများ တနေရာမှ တနေရာသို့ ‌ရွှေ့ပြောင်း နေထိုင်လာမှု၊ ဆိုက်ဘာ အာကာသ အရေး၊ ကျန်းမာရေး၊ နိုင်ငံတကာ ကုန်သွယ်ရေး၊ ငွေကြေး ကိစ္စများ၊ ဖွံ့ဖြိုးတိုးတက်လာမှု များကို ဖေါ်ပြ‌ပေးသွားမည် ဖြစ်သည်။

 

အခန်းတခုစီ တိုင်းတွင် ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ဖြစ်ပေါ် ပြောင်းလဲလာမှု တခုချင်းစီ ၏ အကြောင်းရင်းများ၊ နှင့် အကျိုးဆက်များကို တင်ပြသွားပါမည်။

 

ယင်းကို ရင်ဆိုင်လာနေရသော နိုင်ငံများ၊ ကမ္ဘာကြီး အတွက် ရွေးချယ်နိုင်စရာ ရှိသည်များကိုလည်း ‌ဆွေးနွေး သွားမည် ဖြစ်သည်။

 

ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ပေါ်ထွက်လာသည်များအား ကိုင်တွယ်ရာတွင် အောင်မြင်သည်များ ရှိသလို၊ မအောင်မြင်ခဲ့သည်များလည်း တွေ့ရစမြဲ ဖြစ်သည်။

 

ထိုအကြောင်းအရာများသည် သမိုင်း၏ ခေတ်တခေတ် အတွက် ဝိသေသ လက္ခဏာများကို ဖေါ်ကျုး နိုင်ရေး အတွက် အခြားအရာများကဲ့သို့ပင် အရေးပါစမြဲ ဖြစ်သည်။