မျက်မှောက်ခေတ် ပြဿနာများ
ဒေသတွင်း နိုင်ငံများ အကြားနှင့် အင်အားကြီး နိုင်ငဲများ အကြား ဘူမိနိုင်ငံရေး အရ အသာစီးရရန် ပြိုင်ဆိုင်စရာ မရှိသည့် ဒေသဟု ဆိုသော်လည်း အမေရိကား တွင် စိန်ခေါ်လာစရာ ပြဿနာများ မရှိဟု ပြော၍ မရပြန်ပေ။
အစိုးရများ၏ ထိရောက်စွာ အုပ်ချုပ်နိုင်စွမ်း ကင်းမဲ့လာနေခြင်း နှင့် ဒီမိုကရေစီ သည်လည်း အားပျော့လာနေသည့် အရေး နှင့် ကြုံနေရသည်ဟု တင်ပြခဲ့ပြီး ဖြစ်သည်။ ထိုအထဲတွင် ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်က ဗင်နီဇွဲလား ပင် ဖြစ်သည်။ နိုင်ငံအား အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေသဖြင့် ကျဆုံးလုနီးနီး ဖြစ်လာနေသည်။
ရေနံ ထုတ်လုပ်နိုင်မှုသည်လည်း သိသိသာသာ လျော့ကျသွားပြီး စားသောက်ကုန်များ ပြတ်လတ် လာနေသည်။ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း ချို့ယွင်းလာနေပြီး ငွေကြေး ဖောင်းပွမှု နှုန်းသည်လည်း အလွန်အမင်း မြင့်တက်လာခဲ့သည်။ လစဉ်လို နိုင်ငံသားများ သောင်းနှင့်ချီ၍ ထွက်ခွာနေကြသည်။ ထို့အတွက် နိုင်ငံ အဖို့ ဦးနှောက်ယိုစီးမှု များ ကြုံလာရသည့်အပြင် အိမ်နီးချင်း နိုင်ငံများလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ရသည်။ အထူးသဖြင့် ကိုလံဘီယာ သည် ဒုက္ခသည်များကို အများဆုံး လက်ခံ ပေးနေရသည်။
ဗင်နီဇွဲလား တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး လက်ရှိ တရားမဝင် အစိုးရ အား အစားထိုး ဖယ်ရှားနိုင်ခဲ့လျင်ပင် နိုင်ငံအား ပုံမှန် အနေအထား ရောက်အောင် ပြန်၍ တည်ဆောက်ရမည့် တာဝန်သည်ကား လွန်စွာ ကြီးမား ကျယ်ပြန့်လာနေပြီ ဖြစ်သည်။ နိုင်ငံ၏ ရှိသမျှ အရင်းအမြစ်များ ထုတ်နှုတ် သုံးစွဲ ရမည် ဖြစ်သည့် အပြင် နိုင်ငံသားများ နှင့် ပြည်ပမှလည်း ဆယ်စုနှစ် နှင့် ချီ အောင် ကြိုးစား ရုန်းကန်ကြရမည် ဖြစ်သည်။
ဘရာဇီး တွင်လည်း တရားရုံး က မနိုင်လောက် အောင် အကျင့်ပျက် ခြစားမှုများက အတောမသတ် နိုင်အောင် ဖြစ်လာနေပြီး အစိုးရ၏ ဝန်ဆောင်မှု လုပ်ငန်းများ နှင့် စီးပွားရေး အရ နိုင်ငံသားများ ခံစားရမည့် အကျိုးကျေးဇူးများ ဆုတ်ယုတ်ကျဆင်း လာခဲ့ရသည်။
အာဂျင်တီနားသည်လည်း လူကြိုက်လည်း များရမည်၊ နိုင်ငံကိုလည်း ထိထိရောက်ရောက် အုပ်ချုပ်နိုင်စွမ်း ရှိပြီး ဒီမိုကရေစီလည်း လိုလားမည့် ခေါင်းဆောင်မျိူး ရရှိရန် ရှာဖွေနေရဆဲပင် ဖြစ်သည်။
မက္ကဆီကိုသည်လည်း ကာလကြာမြင့်စွာ ကတည်းက အမြစ်တွယ်လာခဲ့သည့် မူးယစ်ဆေးဝါး ဂိုဏ်းများ နှင့် အကြမ်းဖက်မှု ဆိုသည့် နာတာရှည် ရောဂါဆိုးကြီးကို ခံစားနေရဆဲပင် ဖြစ်သည်။ မြောက်ပိုင်း တြိဂံ ဒေသဟု ခေါ်သည့် ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ် နှင့် အယ်ဆာဗေဒို နိုင်ငံများသည်လည်း အလားတူ စိန်ခေါ်မှု များ နှင့် ရင်ဆိုင်နေကြရသည်။
ထိုနိုင်ငံများ သည် ကမ္ဘာပေါ် တွင် လူသတ်မှု ဖြစ်ပွားမှု နှုန်း အမြင့်ဆုံး နိုင်ငံများ ဖြစ်နေသည်။ ထိုသို့ အကြမ်းဖက်မှု များကြောင့် နိုင်ငံ၏ စီးပွားရေး ထိခိုက်ပျက်စီးရသည် အထိ ဖြစ်လာခဲ့ပြီး လူအများ အပြား နိုင်ငံမှ လွတ်ရာ ကျွတ်ရာ သို့ ထွက်ပြေးကုန်ကြသည်။ ထို့အတွက် အမေရိကန် နှင့် အိမ်နီးချင်း နိုင်ငံများသည် ၎င်းတို့ နိုင်ငံထဲသို့ အလုံးအရင်း နှင့် ဝင်ရောက်လာသည့် ဒဏ်ကို ရင်ဆိုင် ဖြေရှင်းလာကြရသည်။ (ပုံတွင်ရှု)
ထိုပြဿနာကို အမေရိကန် နယ်ခြားမှနေ၍ မည်သို့မျှ ထိထိရောက်ရောက် ဖြေရှင်းနိုင်မည် မဟုတ်၍ ပြဿနာ၏ ရေသောက်မြစ် ရှိရာသို့ သွား၍ လူများအား စီးပွားရေး နှင့် လုံခြုံရေး အရ အာမခံ နိုင်မည့် နည်းလမ်းများဖြင့် ကူညီနိုင်မှ ဖြစ်ပေမည်။
ကနေဒါသည်လည်း အမေရိကန် ပြည်ထောင်စု ကဲ့သို့ပင် အမေရိကား ဒေသကြီးတွင် ပါဝင်နေသည်။ သို့သော်လည်း အမေရိကန်လိုပင် ကမ္ဘာ၏ အခြားဒေသများကိုသာ အာရုံထားလျက် ရှိသည်။
ကနေဒါသည် ကမ္ဘာတွင့် စီးပွားရေး ပမာဏ အားဖြင့် နံပတ် ၁၁ နေရာတွင် ရှိနေသည်ဟု ဝံ့ကြွားလျက် ရှိသည်။ လူတဦး ချင်း စီ၏ GDP အရ ဆိုမူ ထိတ်တန်း ဆယ့်ငါး နိုင်ငံထဲတွင် ပါဝင်နေသည်ဟု ဆိုသည်။ လူဦးရေ အားဖြင့် သန်း လေးဆယ် နီးပါးသာ ရှိသည့် အပြင် ဒီမိုကရေစီ စနစ်ကိုလည်း တက်ကြွစွာ ကျင့်သုံးလျက် ရှိနေသည်။
တရုတ် နှင့် မက္ကဆီကို ကဲ့သို့ပင် ကနေဒါသည် အမေရိကန် နှင့် ကုန်သွယ်မှု ပမာဏ အများဆုံး သုံးနိုင်ငံ ထဲတွင် ပါဝင်နေသည်။ နေတိုး အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့်အပြင် G-7 နှင့် G-20 အဖွဲ့ဝင် နိုင်ငံလည်း ်ဖြစ်သည်။
ကမ္ဘာ အရေးအခင်းများ နှင့် မြောက်အမေရိကားကို ခြိမ်းခြောက်လာသော အန္တရာယ်များကို အမေရိကန် နှင့် အတူ တွဲ၍ ရင်ဆိုင် ဖြေရှင်းလေ့ ရှိသည်။ ထိုကဲ့သို့ အိမ်နီးချင်း ကောင်း ရှိနေ၍လည်း အမေရိကန်သည် နောက်ပြန်လှည့်ကြည့်စရာ မလိုပဲ ကမ္ဘာ အရေး အခင်းများကို အာရုံစိုက် ဆောင်ရွက်၍ ရနေခြင်းလည်း ဖြစ်သည်၊ ကမ္ဘာသမိုင်း တလျောက်တွင် မည်သည့် အင်အားကြီး နိုင်ငံမျှ ထိုကဲ့သို့ အခွင့်အရေး မျိုး မရရှိခဲ့ဟု ဆိုရမည် ဖြစ်သည်။
ဒေသတွင်း အဖွဲ့အစည်းများသည်လည်း အမျိုးမျိုး အဖုံဖုံ ဖြစ်နေသည်။ အမေရိကား နိုင်ငံများ အဖွဲ့ Organization of American States (OAS) သည် လုပ်ဆောင် နိုင်စရာ ရှိသည်များ အတွက် အများ သဘောတူညီချက် မရရှိသည့် အပြင် စစ်ရေး နှင့် စီးပွားရေး အရင်းအမြစ်များကို အသုံးချ ဖြေရှင်း နိုင်သည့် အဆင်သင့် အနေအထားလည်း မရှိ ဖြစ်နေသည်။
ဗင်နီဇွဲလား တွင် ငြိမ်းချမ်း သော ရလဒ်များ ထွက်ပေါ်ရန် ကြိုးစားမည် ဆိုသော ရည်ရွယ်ချက်ဖြင့်ဒေသတွင်းရှိ နိုင်ငံ တဒါဇင် ကျော် နှင့် ဖွဲ့စည်းထားသည့် လီမာ အုပ်စု သည်လည်း ယခုထက်ထိ အစွမ်း မပြနိုင် ဖြစ်နေသည်။ ကုန်သွယ်ရေး အုပ်စု များထဲတွင် အရေးပါဆုံး အဖြစ် ထွက်ပေါ်လာသည်က ၁၉၉၄ တွင် အမေရိကန်၊ ကနေဒါ နှင့် မက္ကဆီကို သုံးနိုင်ငံ ပေါင်း ဖွဲ့စည်းခဲ့သည် NAFTA လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ပင် ဖြစ်သည်။
ထိုစာချုပ်ကြောင့် သုံးနိုင်ငံ အကြား ကုန်သွယ်ရေး ပမာဏ သည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။ မက္ကဆီကိုသည်လည်း စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ ယင်းနှင့် အတူ မက္ကဆီကန်များ အမေရိကန်သို့ ရွှေ့ပြောင်း ဝင်ရောက် လိုစိတ် လျော့ပါး သွားကြသည်။
သို့သော် NAFTA ကြောင့် အမေရိကန် အလုပ်သမားများ အား ထိခိုက်လာပြီး အလုပ်လက်မဲ့ များ ဖြစ်ကုန်ကြပြီ ဟု အချိူ့က ဆင်ခြေ တက်လာကြသည်။ ၎င်းတို့၏ အပြောသည် အချို့ အခြေအနေများ တွင် မှန်သော်လည်း အလုံးစုံ တော့ မမှန်ကန်ပေ။
မည်သို့ပင် ဖြစ်စေ ဒေါ်နယ် ထရန့် သမ္မတ ဖြစ်လာချိန်တွင်တော့ NAFTA စာချုပ်ကို ပြင်ဆင်ရန် ပြန်လည် ဆွေးနွေးလာခဲ့သည်။ အဆိုပါ စာချုပ် အသစ် ကို အမေရိကန် ကွန်ဂရက် မှ ၂၀၂၀ ဇန်နဝါရီ တွင် အတည်ပြု ပေးခဲ့၍ ဥပဒေ အဖြစ် သက်ရောက်လာခဲ့သည်။ သို့သော် စကားရပ်များ နှင့် နိုင်ငံရေး ကို ဖယ်ထုတ်ကြည့်မည် ဆိုလျှင် အသစ် နှင့် အဟောင်းသည် ကွာခြားခြင်း မရှိလှဟု ဆိုရမည် ဖြစ်သည်။
အားလုံးကို ခြုံငုံ သုံးသပ်ရမည် ဆိုလျှင် ဒေသတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှု များသည် အစိုးရများ အနေဖြင့် ပြည်တွင်း လုံခြုံရေး ကို ခြိမ်းခြောက်နေမှု များကို ဖြေရှင်းနိုင်စွမ်း ရှိမည့် စွမ်းဆောင်ရည် မျိုး တည်ဆောက်ရန်၊ ကမ္ဘာနှင့် ရင်ဘောင် တန်းနိုင်မည့် ကျွမ်းကျင် အလုပ်သမား များ ထွက်ပေါ်လာ ရေး အတွက် ပညာရေး အရည်အသွေးကို မြှင့်တင်ရန်၊ ဒီမိုကရေစီ ရုပ်လုံးကြွလာရန် အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်၊ ကြွေးမီ များ၊ အကျင့်ပျက် ခြစားမှု များကို လျော့ချရန်၊ စီးပွားရေး တွင် အစိုးရ၏ အခန်းကဏ္ဍ အား လုပ်နိုင်ယုံမျှ အထိ သာ ထားရှိရန်၊ ဒေသတွင်း နိုင်ငံများ အကြား ကုန်သွယ်ရေး တိုးမြှင့်ရန်၊ ဘူမိနိုင်ငံရေး အရှုပ်အ ထွေး များ ဖြစ်မလာအောင် တားဆီးရန် အစရှိသည် တို့ ဖြစ်သည်။
နောက်ထပ် စောင့်ကြည့်ဖို့ ဖြစ်လာရသည်က ဘရာဇီးသည် အမေဇုန် အမြဲစိမ်း သစ်တောကြီးအား တာဝန်သိသိ ဖြင့် ထိန်းသိမ်းသွားမည်လား ဆိုသည်ပင် ဖြစ်သည်။ ထိုအရေးသည် ကမ္ဘာရာသီဥတု ဖောက်ပြန် နေမှု အား တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေကြချိန် ဖြစ်၍ လွန်စွာ အရေးပါလာရသည်။
နောက်ဆုံး ပြဿနာသည်ကား နိုင်ငံများမှ မတတ်သာ၍ ရွှေ့ပြောင်း ထွက်ခွာနေသူများ ဒုနဲ့ ဒေး ဖြစ်လာနေသည့် အရေးပင် ဖြစ်သည်။ နေ့စဉ်နှင့် အမျှ ထောင်နှင့်ချီ ရှိသော လူများ ဗင်နီဇွဲလားမှ ထွက်ခွာနေကြသည်။ ထိုမျှလောက် မဟုတ်သော်လည်း မြောက်ပိုင်း တြိဂံ ဒေသ နိုင်ငံများမှ လူများလည်း နိုင်ငံမှ ထွက်ခွာနေကြသည်။ ထို့အတွက် အိမ်နီးချင်း နိုင်ငံများ အဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာနေ၍ အရေးတကြီး ဖြေရှင်းရမည့် ပြဿနာ ဖြစ်လာနေသည်။