ဂျပန် ၏ အဖျော်ယမကာ ကုမ္ပဏီ ကီရင် မှ စစ်ဖက် နှင့် စီးပွား အကျိုးတူ ဆောင်ရွက်မှု ရပ်ဆိုင်းရန် စဉ်းစားလျက်ရှိ

by Hla Soewai - Feb 16 2020

ဩစတေးသျှ ဘီယာ များ ဖြစ်သော XXXX, Tooheys နှင့် James Squire တို့အား ထုတ်လုပ် ရောင်းချနေသည့် ဂျပန်၏ ထိပ်ထိပ်ကျဲ အဖျော်ယမကာ ကုမ္ပဏီ ကြီး ဖြစ်သည့် ကီရင် သည် ယခုအခါ နိုင်ငံတကာ မှ ပြင်းထန်စွာ ဖိအားပေး ရှုတ်ချလာမှုများကြောင့် မြန်မာ စစ်တပ်နှင့် ပူးတွဲ ပိုင်ဆိုင် ထုတ်လုပ်နေသည့် အဖျော်ယမကာ လုပ်ငန်းမှ နှုတ်ထွက်တော့မည့် အနေအထားများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

ကုမ္ပဏီ ၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် ယိုရှီနိုရီ အီဇိုဇာကီ ၏ ကြေငြာချက် တွင် "ကမ္ဘာ၏ နောက်ဆုံး လက်ကျန် ဈေးကွက်များတွင် ကုမ္ပဏီ ရင်ဆိုင်နေရသော စိမ်ခေါ်မှုများကို သိရှိကြောင်းနှင့် တိုးတက်မှု ရှိအောင် ဆောင်ရွက်နေကြောင်း၊ သို့သော် လူ့အခွင့်အရေးများသည် ကျွနုပ်တို့ စီးပွားရေး လုပ်ငန်းဆောင်တာများတွင် အခြေခံကျကျ ပါဝင်နေပြန်သဖြင့် မြန်မာပြည်ရှိ စီးပွားရေး မဟာဗျူဟာ အနေအထားကို ပြန်လည် သုံးသပ်နေကြောင်း” ဖေါ်ပြထားသည်။

 

ထိုသို့ ဖြစ်ပေါ်လာအောင် နောက်ကွယ်မှ အဓိက တွန်းအားပေးနေသူများသည် ကီရင် ၏ နိုင်ငံတကာ အကြံပေး ဘုတ် အဖွဲ့တွင် ပါဝင်သည့် ဩစတေးလျှ မှ ဆာ ရော့ဒ် အက်ဒင်ဂန် နှင့် ပေါလာ ဒွိုင်ယာ တို့ ဖြစ်သည်ဟု ဆိုသည်။

 

 

ကီရင်သည် လောလောဆယ်တွင် စစ်တပ်၏ ဦးပိုင် လုပ်ငန်းများ ဖြစ်သော မြန်မာ အဖျော်ယမကာ နှင့် မန္တလေး အဖျော် ယမကာ လုပ်ငန်း နှစ်ခုလုံးကို ထက်ဝက် ကျော်နီးပါး ပိုင်ဆိုင်လျက် ရှိသည်။

 

ထို့အတွက် ကီရင်သည် စစ်တပ်အဖို့ ရခဲလှသော နိုင်ငံခြား ငွေသာမက နိုင်ငံတကာတွင်လည်း တရားဝင် တည်ရှိနေသည့် အဖွဲ့အစည်းသဖွယ် အသိအမှတ်ပြု ခံလာနေရသည့်အတွက် အဖိုးမဖြတ်နိုင်သော စီးပွားရေး ပါတနာ ဖြစ်နေသည်။

 

ကုလ အချက်အလက် ရှာဖွေရေး အစီရင်ခံစာ တွင် ကီရင် သည် မြန်မာ စစ်တပ်အား ရခိုင်ပြည်နယ် စစ်ဆင်ရေး ကာလအတွင်း ငွေကြေး ပေးလှူနေသည့် ကုမ္ပဏီများ အမည်စာရင်းတွင် ထည့်သွင်း ဖေါ်ပြထားခဲ့သည်။

 

ကီရင်သည် မိမိတို့ သုံးကြိမ် ငွေပေးလှူဘူးကြောင်း ဝန်ခံခဲ့ပြီး ယင်းသည် စစ်ဆင်ရေး နှင့် မပတ်သက်ပဲ လူသားချင်းစာနာထောက်ထားသည့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂,၀၀၀  ခန့် ပေးလှူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

ကုလ အစီရင်ခံစာတွင် ကီရင် ၏ စီးပွားရေး ဖက်စပ်လုပ်ငန်းများမှ MEHL သို့ စီးဝင်လာနေသော ငွေများ ဖြင့်လည်း ရခိုင်ပြည်နယ်ရှိ လူနည်းစုများ အပေါ် အကြမ်းဖက် နှိပ်ကွပ်ရေး များ ပြုလုပ်နိုင်ခဲ့ပြန်သည်ဟု ဆိုသည်။

 

 

“မြန်မာ စစ်တပ်နှင့် ပူးဆောင်း ဆောင်ရွက်မှုမျိုး ကိုမည်သို့သော ဆင်ခြေဆင်လက် ဖြင့် အကာအကွယ်ပေး၍ မရစကောင်း” ဟု ကုလ အစီရင်ခံစာ က ထောက်ပြထားသည်။

 

 

ကီရင်သည် ကုလ အစီရင်ခံစာနှင့် ပတ်သက်ပြီး မိမိသည် MEHL မှ တာဝန် ရှိသူ များ နှင့် တွေ့ဆုံပြီး ဘဏ္ဌာရေး နှင့် ကုမ္ပဏီ ဖွဲ့စည်းပုံ ၏ နောက်ဆုံး အနေအထားကို တင်ပြပေးရန် တောင်းဆိုခဲ့သည်ဟု အီနိုဇာကီ က ပြောသည်။

 

မိမိအနေဖြင့် ၎င်းတို့ထံမှ တင်ပြချက် ကို လက်ခံရရှိသည်နှင့် ဒေသအတွင်း လုပ်ငန်းများ၏ အမြင့်ဆုံး စံချိန်စံနှုန်းများ နှင့် ကိုက်ညီမှု ရှိစေရေး ဆိုသည့် မိမိတို့ တာဝန်ကို အလေးအနက် စဉ်းစားပြီး လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောပြသွားခဲ့သည်။

 

 

ဖေ့ဘုတ် အကောင့်များ သုံးပြီး မိုင်တဲလ် မှ ၎င်း၏ စီးပွားရေး ပြိုင်ဖက်များ အပေါ် မတော်မတရား အပုတ်ချ တိုက်ခိုက်နေ၍ ဖေ့စ်ဘုတ်မှ ဖယ်ရှားပြစ်လိုက်ပြီဟူသော ကြေငြာချက် ထွက်ပေါ်လာပြီး ယခုလို ကီရင် အရေး ထပ်မံ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

 

 

စစ်တပ် အနေဖြင့် မည်သို့မျှ အပြုံးပျက်မည် မဟုတ် သော်လည်း လူထု၏ အလုပ်အကိုင်များနှင့် ၎င်းတို့ ပေးသမျှ သော အခွန်ငွေများ လက်ခံရရှိနေသည့် တိုင်းပြည်၏ ဘဏ္ဌာရေးမှာ ထိခိုက်ဖို့သာ ရှိပေသည်။.