အမေရိကားရှိ ဒီမိုကရေစီ နိုင်ငံများ နှင့် အာဏာရှင် နိုင်ငံများ အကြား တင်းမာမှု များသည် ထပ်တလဲလဲ ပေါ်ပေါက်လာနေသည်။ လက်ရှိတွင် ဒီမိုကရေစီ နိုင်ငံများဖက်က အလေးသာနေသည်၊ ဤသည်ကလည်း ချီလီ၊ ဘရာဇီး၊ အာဂျင်တီနား ကဲ့သို့ နိုင်ငံများသည် လွတ်လပ်သော တရားစီရင်ရေး စနစ်၊ သတင်း လွတ်လပ်ခွင့် နှင့် တရားမျှတသော ရွေးကောက်ပွဲ အစရှိသည့် ဒီမိုကရေစီ၏ ခိုင်မာသော အနှစ်သာရ အချို့ကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့ခြင်း ကြောင့်လည်း ဖြစ်သည်။
သို့သော် ထို အနှစ်သာရ များသည် အမြဲတမ်း တည်ရှိသွားလိမ့်မည် ဟူ၍ ပုံသေကားချပ် ယူဆထား၍ မရပြန်ပေ။ တကယ်တမ်း နှစ်ဆယ်ရာစု နှစ် ကုန်ဆုံးကာနီး ကာလများတွင် အရပ်သား သို့မဟုတ် စစ် တပ်က ဦးဆောင်သည့် အာဏာရှင် စနစ်သည် အမေရိကား တွင် လွှမ်းမိုးနေခဲ့သည်။
မက္ကဆီကို သည် ဆယ်စုနှစ်ပေါင်း များစွာ တပါတီ အုပ်ချုပ်ရေး စနစ် အောက်တွင် ရှိနေခဲ့သည်။ လက်ရှိ ဒီမိုကရေစီ ဖြစ်လာသော နိုင်ငံများသည်လည်း အကျင့်ပျက် ခြစားမှုများ၊ မူးယစ် ဂိုဏ်းများ၊ လူဆိုးဂိုဏ်းများ နှင့် ဆက်စပ်နေသည့် အကြမ်းဖက်မှု များ၊ လူတန်းစာ အကြီးအကျယ် ကွာဟလာမှုများ၊ ပညာရေး စနစ် ညံ့ဖျင်းလာခြင်း၊ အာဏာရ ပါတီများ၏ လုပ်ရပ်များကို လုံလောက်စွာ စီစစ် တည့်မတ်ပေးနိုင်မှု မရှိခြင်း၊ စီးပွားရေး တိုးတက်မှု သည် နှစ်ပေါင်းများစွာ ကြာအောင် တန့်နေခြင်း၊ အစိုးရ အပေါ် လူထု၏ မျှော်လင့်ချက် ကုန်ခန်းလာခြင်း အစရှိသည့် စိန်ခေါ်မှု မျိုးစုံကို အသီးသီး ရင်ဆိုင်နေကြရသည်။
လူပုဂ္ဂိုလ်တဦး၏ ဩဇာ အရှိန်အဝါ နှင့် အတွေးအခေါ် များသည် စည်းမျဉ်း ဥပဒေ နှင့် အင်စတီကျုးရှင်းများ အပေါ် လွှမ်းမိုးလာခြင်း ဆိုသည့် ပေါ်ပြူလစ် ဝါဒ နှင့် လစ်ဘရယ် မဆန်သောအုပ်ချုပ် ရေး စနစ် ဆီသို့ တဖြေးဖြေး နောက်ပြန် ဆုတ်လာနေ၍ အစိုးရ များ အဖို့ အန္တရာယ် ကျရောက်လာနေပြီ ဖြစ်သည်။
သမိုင်းကြောင်း
အမေရိကား၏ သမိုင်းကြောင်းကို နားလည်နိုင်ရန် အတွက် စူးစမ်းရှာဖွေရေး ခေတ် ဟု သတ်မှတ်ထားသည့် ဆယ့်ငါးရာစု နှင့် ဆယ့်ခြောက်ရာစု အစောပိုင်းကာလများထိ ဆန့်ထုတ် လေ့လာနိုင်မှ ဖြစ်ပေမည်။
ထိုခေတ်ကာလ တွင် စပိန် နှင့် ပေါ်တူဂီတို့သည် ကမ္ဘာသစ် ဟု ခေါ်သည့် ၎င်းတို့ ရှာဖွေ တွေ့ရှိခဲ့သည့် နယ်မြေသစ်များကို သိမ်းပိုက်ခဲ့ကြသည်။ အမေရိကားသည် အရှေ့အလယ်ပိုင်း နှင့် အာဖရိက ထက် စာလျှင် ကိုလိုနီ ဝါဒ နှင့် စောစီးစွာ ကြုံခဲ့ရပြီး စောစီးစွာ အဆုံးသတ် သွားခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ဆယ့်ကိုးရာစု အစောပိုင်းတွင် နပိုလီယန် စစ်ပွဲကြီး ဖြစ်ပွားလာခြင်း ကြောင့် စပိန် နှင့် ပေါ်တူဂီတို့သည် ဥရောပ တွင် ဗျာများလာခဲ့၍ ၎င်းတို့ကိုလိုနီ ဒေသများ အပေါ် အာရုံစိုက်နိုင်ခြင်း မရှိကြတော့ပေ။ ထို့အတွက် ယနေ့ အမေရိကားတွင် ပေါ်ပေါက်လာသော နိုင်ငံများ၏ ခေတ်သစ် သမိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာခန့်ကတည်းက စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် အမေရိကန်သည်လည်း တဖြေးဖြေး နှင့် ဒေသတွင်း တွင် ပါဝင် ပတ်သက်လာခဲ့သည်။ အဓိက အားဖြင့် ဥရောပ နိုင်ငံများ၏ လုပ်ရပ်သည် အမေရိကန်၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာနေသည့် အရေးကို ဟန့်တား နိုင်ရန် အတွက် ဖြစ်သည်။
ထိုသို့ ဟန့်တား နိုင်ရန် မွန်ရိုး မူဝါဒ ကို ချမှတ် ကျင့်သုံးလာခဲ့သည်။ သမ္မတ ဖြစ်သူ ဂျိမ်း မွန်ရိုး မှ ၁၈၂၃ တွင် စတင် ထုတ်ဖေါ်ပြောဆိုလာ၍ မွန်ရိုး ဝါဒ ဟု အမည် တွင်လာခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်တွင် ဥရောပ ၌ နပိုလီယန် စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၍ အမေရိကား သို့ တဖန် ခြေဦးလှည့်လာကြမည့် ဥရောပ နိုင်ငံများ၏ ကိုလိုနီ ချဲ့ထွင် သိမ်းပိုက်မည့် လုပ်ရပ် မှန်သမျှ ကို ဆန့်ကျင်သွားမည်ဟု ကြေညာခဲ့သည်။
ထိုသို့ ဆန့်ကျင်သွားမည်ဟု ကြေညာခဲ့သော်လည်း အမေရိကန်သည် ၁၈၉၈ တွင် ၎င်းတို့ကိုယ်တိုင် ကိုလိုနီ ဝါဒ ကို စတင်မြည်းစမ်းခဲ့ရာမှ စပိန် နှင့် စစ်ပွဲကြီး ဖြစ်ပွားလာခဲ့သည်။ စစ်ပွဲသည် တိုတောင်းစွာ ပြီးစီးသွားခဲ့သည်။ ကျုးဘားသည် စပိန် ထံမှ လွတ်လပ်ရေး ရရှိ သွားခဲ့ပြီး အမေရိကန်သည် ပျုတိုရီကို၊ ဂူအမ် နှင့် ဖိလစ်ပိုင် ကို ထိန်းချုပ်နိုင်လိုက်သည်။
နောက်ပိုင်း နှစ် အနည်းငယ် အကြာတွင် အမေရိကန် သမ္မတ သီအိုဒို ရုစ်ဘဲလ် သည် ပနားမား တူးမြောင်း ကို စတင် ဆောက်လုပ်လာခဲ့ပြီး ၁၉၁၄ တွင် ပြီးစီးသွားခဲ့သည်။ တူးမြောင်းကြောင့် ပစိဖိတ် နှင့် အတ္တလန်တိတ် တူးမြောင်းကို ဆက်သွယ် နိုင်ခဲ့သဖြင့် ပင်လယ်ရေလမ်း ခရီး အတွက် အချိန် နှင့် ကုန်ကျစရိတ်ကို သိသိသာသာ လျော့ကျ သွားစေခဲ့သည်။
သီအိုဒို ရုစ်ဘဲလည် တူးမြောင်း ဆောက်လုပ်နိုင်ခဲ့ယုံမက အမေရိကန် နိုင်ငံခြားရေး မူဝါဒ ကို ပါ သက်ရောက်မှု ရှိလာအောင် ပြုလုပ်နိုင်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် မွန်ရိုး ဝါဒကို ပြင်ဆင်လာခဲ့ရာမှ ရုစ်ဘဲလ် ကော်ရော်လာရီ ဟု အမည်တွင်လာခဲ့သည်။ ယင်းသည် လိုအပ်လျှင် လိုအပ်သလို အမေရိကား အရေး တွင် အမေရိကန် မှ ဝင်ရောက် စွက်ဖက် ပိုင်ခွင့်ရှိသည် ဟူသော သဘောထား ပင် ဖြစ်သည်။
၎င်း၏ ညီဝမ်းကွဲ ဖြစ်သူ ဖရန်ကလင် ဒီ ရုစ်ဘဲလ် ၏ လက်ထက် တွင် ထိုလမ်းစဉ်ကို ပင် ပြန်၍ ကျင့်သုံးလာခဲ့သည်။
စစ်အေး တိုက်ပွဲ ကာလ အတွင်း အမေရိကားသည် အရေးပါသော ဒေသဖြစ်လာပြီး ထင်ရှားသော အရေးအခင်း အ မြောက်အမြား ဖြစ်ပွားလာခဲ့သည်။
ဖီဒယ် ကက်စထရို ဦးဆောင်သော ကွန်မြူနစ် ပျောက်ကြား တော်လှန် ရေး သည် ၁၉၅၉ တွင် အောင်ပွဲ ခံနိုင်ခဲ့မှု နှင့် အတူ ကျုးဘားရှိ အကျင့်ပျက် ခြစားနေသော အာဏာရှင် အစိုးရကို ဖြုတ်ချ နိုင်ခဲ့သည်။ ထို့နောက်တွင် တော့ ကက်စထရိုသည် ဒီမိုကရေစီ ဆန့်ကျင်သည့် ကွန်မြူနစ် အစိုးရကို ထူထောင် ခဲ့ပြီး ဆိုဗီယက် ယူနီယံ နှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။
ထိုအခါတွင်တော့ စီအိုင်အေသည် ဆိုဗီယက် လိုလားပြီး အမေရိကန်အား ဆန့်ကျင်လာသည့် ကက်စထရို အစိုးရ အား ဖြုတ်ချရန် တိတ်တဆိတ် ကြိုးပမ်းလာခဲ့သည်။ နောက်ပိုင်း နှစ်နှစ် အကြာတွင် ကျုးဘား ပြည်ပြေး များ အား စည်းရုံးပြီး လက်နက် တပ်ဆင်ပေးကာ ဝင်ရောက်တိုက်ခိုက်နိုင်သည့် အဆင့်ထိ ရောက်လာခဲ့သည်၊ စက်လှေများ နှင့် လိုက်ပါလာသော ကျူးဘား "ပြည်သူ့ လွတ်မြောက်ရေး" တပ်သည် ဝက် ပင်လယ်အော် အတွင်း ပိတ်ဆို့ ချေမှုန်း ခံလိုက်ရသည်။ အမေရိကန် သည် အဆို ပါ ကမ်းတက် စစ်ဆင်ရေး အောင်မြင်ခဲ့လျှင် ကျုးဘားတွင် လူထု အုံကြွမှု ကြီး ဖြစ်ပွားလာလိမ့်မည်ဟူသော မျှော်လင့် ချက် များလည်း အကောင်အထည် ပေါ်မလာခဲ့တော့ပေ။ (ပုံတွင် ပါဝင် ခဲ့သူများကို တွေ့ရစဉ်)
ထိုအချိန်က သမ္မတ ဖြစ်ကာစ ဂျွန် အက်ဖ် ကနေဒီသည် ယင်း စစ်ဆင် ရေး အား စစ်ရေး အကူအညီ ပေးနေမှု ကို ထိန်းချုပ်ပစ်ခဲ့သည်၊ အကယ်၍ ဆက်၍ ခွင့်ပြု ခဲ့မည် ဆိုလျှင်ပင် ညံ့ဖျင်းလှစွာ စီမံ ခန့်ခွဲခဲ့သည့် စစ်ဆင်ရေးသည်လည်း အောင်မြင်လာမည် မဟုတ်သည်က ကြိမ်းသေနေပေသည်။