မင်းအောင်လှိုင်သည် တပ်မတော်နေ့ ဆိုသည့် အခမ်းအနားအား အစဉ်အလာ ကို ချိုးဖောက်ကာ ယတြာဖြင့် "ဆယ်တစ်မီး" ငြိမ်းအောင် ဆိုပြီး တနေ့တခြား အရေးနိမ့်လာနေသော သစ္စာခံ တပ်များအား တောင်စွယ်နေကွယ်ချိန် ၅:၁၅ တွင် စစ်ရေးပြ ရန် စီစဉ်ထားပြီ ဖြစ်သည်။
သို့သော် ပြည်သူတရပ်လုံး၏ ထောက်ခံမှူ အပြည့်အဝ ရထားသော တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ၏ အောင်ပွဲကို အယ်ဂျာဇီယား မှ သွားရောက်စုံစမ်းပြီး ယခုလို ထုတ်ဖေါ်ရေးသားလာခဲ့သည်။
ယာဉ် မောင်းသည် ဖုန်များထူထပ်ပြီး ချိုင့်များ ကျင်းများနှင့် ပြည့်နှက်နေသော လမ်းတလျောက် ကွေ့ကာ ဝိုက်ကာ နှင့် သတိထား မောင်းနေရ၍ ထရပ်ကား သည် ဘယ်ညာ ယိမ်းထိုးနေသည်။
ကားနောက်ခန်းတွင်တော့ ပအို့ အမျိုးသား လွတ်မြောက်ရေး တပ်တော် မှ စစ်သည်များသည် ကား တဖက်သို့ ယိမ်းထိုးသွားသည့် အခါတိုင်း တယောက် မျက်နှာ တယောက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပြင် ပေါ်တွင် တွေ့ကြုံရမည့် တိုက်ပွဲ အတွက် စိုးရိမ်ပူပန် နေမှု များကို အတတ်နိုင်ဆုံး ဖုံးဖိရင်း လာမည့်ဘေး ပြေးတွေ့ ဟု စိတ်ပိုင်းဖြတ်ထား ပုံ ရသည်။
၎င်းတို့ တပ်စု လိုက်ပါလာသော ယာဉ်တန်းသည် တောင်ထိပ်ပိုင်းရှိ ရွာငယ်လေး တရွာဆီသို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်သည်။ ထိုနေရာရှိ မြန်မာ စစ်တပ် နှင့် အတူ ရှိနေသော လက်နက်ကိုင် အဖွဲ့ အား ထိုးစစ်ဆင် မည့် အဖွဲ့လည်း ဖြစ်သည်။
သူတို့ လက်ဝယ်တွင် အေကေ ၄၇၊ အမ် ၁၆၊ ရော်ကက် လောင်ချာများ ကိုင်ဆောင်ထားကြသည်။ ရည်မှန်းချက် အဖြစ် ဟိုပုန်း မြို့ အနီးတဝိုက်ရှိ စစ်စခန်းများကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ဖြစ်သည်။
ရှေ့တန်း စစ်မျက်နှာ နှင့် ကီလိုမီတာ အနည်းငယ် အကွာ တောင်ကြော တခု အနီး အရောက်တွင် တပ်သား တဦး ဖြစ်သူ ကျော်ဇင်မှ "ကျွန်တော်တို့ ဒီတိုင်း တည့်တည့် ရင်ဆိုင်လို့ မဖြစ်ဘူး၊ အနေအထားကို အရင် စနည်းနာပြီး တဖြေးဖြေး တိုက်ယူသွားမှ ဖြစ်မယ်" ဟု ရှင်းပြသည်။ သူတို့ ဦးတည်နေသည့် မြောက်ဖက်စူးစူးတွင် အဓိက လမ်းမကြီး တလမ်း ရှိနေပြီး မြန်မာ စစ်တပ်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်၊ ထို့အတွက် တောင်ဖက်ရှိ PNLA နှင့် အခြား တော်လှန်ရေး တပ်ဖွဲ့များထံ လက်နက်များ ပေးပို့နေသည့် လမ်းကြောင်းကို ပိတ်ဆို့ခံနေရသလို ဖြစ်နေသည်။
ပအို့ တော်လှန်ရေး သမားများသည် ၎င်းတို့အား အမြဲလို ရန်ပြုခံနေရသည့် ဒရုန်း နှင့် တိုက်လေယာဉ်များ အား သတိဝိရိယ ဖြင့် နိုးနိုးကြားကြား နေ နေ ကြရပြီး အနည်းဆုံး ရက်ပေါင်း သုံးဆယ်ခန့် တိုက်ရလိမ့်မည်ဟု တွက်ဆထားကြသည်။ နေရောင်ကြောင့်ပယင်း ရောင် တောက်နေသော တောင်ကုန်း တဝိုက်ကျည်ဆံများ နှင့် မော်တာ အမြှောက်ဆံ ပလူပျံ နေသည့် ကြားမှ တိုက်ပွဲ ကို အနိုင်တိုက်နိုင်လိမ့်မည်ဟူသော ယုံကြည်ချက်များ မြင့်မားလျက် ရှိနေသည်ကို တွေ့ရသည်။
PNLA သည် ညီနောင်သုံးဖေါ် ၏ အောင်ပွဲများ ဆက်တိုက် ရရှိခဲ့သည့် အရှိန် နှင့် လိုက်ပါ စီးမျော လာခဲ့ခြင်း ဖြစ်သည်။
ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့သည်လည်း လွိုင်ကော် မြို့ အထိ သိမ်းယူနိုင်ရန် ရည်ရွယ်ပြီး ၁၁၁၁ ထိုးစစ်ကြီးကို စတင်ခဲ့ရာ ယခု မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ဒီမောဆိုး၊ မယ့်စဲ၊ ရွာသစ် မြို့များ အပြင် မဟာဗျူဟာ အရ လွန်စွာ အရေးပါသော ရှားတော မြို့ကိုပါ သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သည်။
ရှားတော တိုက်ပွဲကို KNDF တပ်မှုး ခူ ရီဒူးက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ခူ ရီဒူးသည် စစ်ကောင်စီ တပ်များကို တိုက်ခိုက်ရာတွင် အကြိမ်ပေါင်းများစွာ ဦးဆောင်ခဲ့သူ တဦး ဖြစ်ပြီး ရန်သူတို့ ဖိန့်ဖိန့်တုံအောင် ကြောက်ရသည့် KNDF တပ်မှုး များ ထဲတွင် တဦး အပါအဝင် ဖြစ်သည်၊ အရပ်အမောင်း နှင့် ခန္ဓာကိုယ် အချိုးအစား သည် သူလိုငါလိုပင် ဖြစ်သော်လည်း ၎င်း၏ စူးရှသော မျက်လုံး အစုံသည် စိတ်ဓါတ် တည်ကြည် ကြံ့ခိုင်မှု ကို ဖေါ်ကျုးလျက် ရှိသည်။ (ပုံတွင် ရှူ)
ဖေဖေါ်ဝါရီလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ နှင့် ပတ်သက်၍ ခူ ရီဒူးက ယခုလို ပြောပြခဲ့သည်။
"ကျွန်တော်တို့ မြို့ထဲကို ခပ်မြန်မြန် ဝင်နိုင်ခဲ့တယ်၊ စခန်းတွေ အားလုံး သိမ်းပြီးသွားတဲ့ အခါ ကျ ပင်မ စခန်းထဲကို အမြန် ဝင်လာခဲ့ကြတယ်၊ တိုက်ပွဲက မြို့လယ်ခေါင်က ဘုရားမှာပဲ အဆုံးသတ်သွားပြီး စစ်ကောင်စီ ရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ စစ်သားတွေကို အဲ့ဒီနေရာမှာပဲ တယောက်မကျန် ချေမှုန်းပစ်နိုင်ခဲ့ပါတယ်"
ရှားတော မြို့ရှိ ပြိုလဲပျက်စီးနေသော အဆောက်အဦးများ နှင့် မီးလောင်ပြင်များသည် ပြင်းထန်လှသည့် တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်ကို သက်သေ ထူပြနေသယောင် ထင်ရသည်။
နှစ်ပတ်ခန့် အကြာတွင် ပုပ်ပွနေပြီ ဖြစိသော စစ်ကောင်စီ တပ်သားများ၏ အလောင်းများကို ရှာဖွေ တွေ့ရှိခဲ့၍ ကွင်းပြင်သို့ ဆွဲထုတ်ခဲ့ရသည်။ အဆောက်အအုံ အတော်များများသည် လက်နက်ကြီးများ နှင့် ဗုံးဒဏ်ကြောင့် ပျက်စီးကုန်ပြီး အကောင်းပကတိ ကျန်ခဲ့သော အဆောက်အဦးများသည်လည်း ကျည်ဆံရာ ဗလပွ နှင့် တွေ့ခဲ့ရသည်။ တခါက လူဦးရေ ၇,၀၀၀ ခန့် ရှိသော ရှားတော မြို့လေးသည် သုသာန် တစပြင်လို တိတ်ဆိတ် ငြိမ်သက်နေသည်။
ကရင်နီ တော်လှန်ရေး တပ်ဖွဲ့သည် လွိုင်ကော်နှင့် ကပ်နေသော မြို့အနီး တောင်ကုန်း ထိပ်တွင် အထိုင်ချထားသော စခန်းကုန်း နှစ်ခု ကို စတင်တိုက်ခိုက်ခဲ့ပြီး လက်လွှတ် ဆုတ်ခွာ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်များသည် ရှားတော မြို့လယ် ခေါင် ဘုရား တွင် ပြန်လည် စုစည်း လာသဖြင့် မြို့ကို ဝိုင်းပတ် ပိတ်ဆို့ခဲ့ကြသည်။
ဖေဖေါ်ဝါရီ ၁၂ တွင် အပြီးသတ် ထိုးစစ်ကြီးကို စတင်ခဲ့ကြသည်၊ တနာရီခန့် ကြာကြာ ခိုအောင်းနေသော စစ်ကောင်စီ တပ်များအား မော်တာများ၊ စက်သေနတ်များ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြရသည်။ စစ်တပ်မှ ရုရှားလုပ် တိုက်လေယာဉ်များ ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။
ထိုးစစ်ကြီး အတွင်း စစ်ကောင်စီ တပ်ဖွဲ့မှ ၁၈၀ ခန့် သေဆုံးသွားပြီး KNDF ဖက်မှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး သွားသည်ဟု ခူ ရီဒူးက ပြောပြခဲ့သည်။
ရှားတော ဒေသခံများသည်လည်း မြို့၏ မြောက်ဖက် ၆ မိုင်ခန့် ဝေးသော တောင်ကြားတွင် သွားရောက် ပုန်းခို နေခဲ့ကြရသည်။ ၎င်းတို့အား Free Burma Ranger ခေါင်းဆောင် ဒေ့ဖ် အူဘင့်ခ် နှင့် အဖွဲ့က ဆေးဝါးကုသ စောင့်ရှောက်ပေးနေစဉ် နှစ်နာရီ ခန့် ကြာ လေကြောင်း မှ အကြိမ် ပေါင်း ၃၂ ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုင်ခြင်း ခံခဲ့ကြရပြန်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!