တရုတ်သည် အာဏာ သိမ်း အဖွဲ့အား ကုလ လုံခြုံရေး ကောင်စီ၏ အရေးယူ ဒဏ်ခတ်ခြင်း မခံရအောင် ကာကွယ်ပေးခဲ့သော်ငြားလည်း ၎င်းတို့ လိုအပ်နေသည့် သံခင်းတမန်ခင်းအရ ထောက်ခံမှု နှင့် တင်းပြည်ကျပ်ပြည့် အသိအမှတ် ပြုခံရမှု ကို ယခုတိုင် မရရှိသေးဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ International Crisis Group (ICG) ၏ အစီရင်ခံစာတွင် အစချီထားခဲ့သည်။
"မြန်မာ စစ်အာဏာသိမ်း အဖွဲ့အား တရုတ်မှ သဘောမတွေ့ ဖြစ်လာသည့် အတိုင်းအတာကို မြောက်ပိုင်းညီနောင်များ မဟာမိတ် အဖွဲ့၏ ထိုးစစ်ကို ရေငုံ နှုတ်ပိတ် နေခဲ့ခြင်း ကြောင့် သိသာ ထင်ရှားလာရသည်" ဟု ဆိုသည်။
အဆိုပါ ထိုးစစ်ကြီးအား မြန်မာ စစ်တပ်မှ ထိထိရောက်ရောက် ခုခံ ကာကွယ်နိုင်စွမ်း မရှိ ဖြစ်လာသည့် အခါတွင်တော့ ဆက်ဆံရေးသည် ပို၍ ယို့ယွင်းသွားခဲ့ရသည်။
၁၀၂၇ စစ်ဆင်ရေးသည် ဘီဂျင်း မသိပဲနှင့် မည်သို့မျှ မဖြစ်နိုင်ဟု ရှူံးမဲ မဲလာသော မြန်မာ စစ်ဗိုလ်ချုပ်များက ယူဆလာကြသည်။ မြန်မာ စစ်တပ်သည် လောက်ကိုင်မှ ဆုတ်ပေးခဲ့ရမှု နှင့် အတူ စစ်ဆင်ရေး သည် အဆုံးသတ်သွားခဲ့သည်။
သို့သော် လွန်စွာ အရေးပါသော နယ်ခြားကုန်သွယ်ရေး စခန်း ဖြစ်သည့် မူဆယ်ကို မြန်မာစစ်တပ်မှ ဆက်၍ ထိန်းချုပ်နိုင်စွမ်း ရှိမရှိကို သဲသဲကွဲကွဲ မသိရသေးဟု အစီရင်ခံစာ က ဆိုသည်။
တရုတ်သည် တဖြေးဖြေး နှင့် ကြီးထွားလာနေသော မြန်မာ အကျပ်အတည်းတွင် ဩဇာ သက်ရောက် နိုင်စွမ်း အရှိဆုံး ပြည်ပ အင်အားကြီး နိုင်ငံ ဖြစ်လာနေမှု ကြောင့် အမေရိကန်၊ ဂျပန် နှင့် အခြား ဒီမိုကရေစီ ထောက်ခံသော နိုင်ငံများ အဖို့ စိုးရိမ်မကင်းစရာ ဖြစ်လာရသည့် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်လာခဲ့ရသည်။ တရုတ် သည် ရှမ်းမြောက်ဒေသတွင် ဩဇာ အရှိန်အဝါ ကို အခိုင်အမာ တည်ဆောက်လာသလို တဖက်တွင်လည်း အိန္ဒိယ သမုဒ္ဒရာ သို့ ထွက်ပေါက်ရရန် ပင်လယ် ရေနက် ဆိပ်ကမ်းများ၊ မီးရထားလမ်း ကားလမ်းများ ဆောက်လုပ်ရန် စီမံလာခြင်းကြောင့် ဘူမိနိုင်ငံရေး တွင် ဂယက်ရိုက်ခတ် မှု များ ရှိလာခဲ့ရသည်။
တရုတ် သည် ၁၀၂၇ စစ်ဆင်ရေး အား ခွင့်ပြုခဲ့ခြင်းသည် မှိုလို ပေါက်လာနေသော အွန်လိုင်း လူလိမ်ဂိုဏ်းများ အား မြန်မာ စစ်အာဏာသိမ်းအဖွဲ့မှ နှိမ်နှင်းရန် ပျက်ကွက်ခဲ့မှု၊ ၎င်းတို့၏ နိုင်ငံသားများ အား ကယ်ထုတ်ရန် တို့နှင့် သေချာပေါက် ဆက်စပ်နေသည်။ ထိုသို့သော အွန်လိုင်း လိမ်လည်မှုများတွင် တရုတ် နှင့် အခြား နိုင်ငံသားများ စုစုပေါင်း ၁၂၀,၀၀၀ ခန့် ပါဝင် ပတ်သက်နေသည်ဟု ကုလသမဂ္ဂ မှ ခန့်မှန်းထားသည်။
စစ်ဆင်ရေး စတင်လာပြီးနောက်တွင် တရုတ်သည် စစ်ကောင်စီ အား စစ်ရေးအရ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် နှင့် တရားခံများကို လွှဲပြောင်းပေးရန် ဖိအားပေးခဲ့ပြီး ညီနောင် သုံးဖော် ကိုမူ ထိုးစစ် ရပ်ရန် ပြောဆိုခဲ့ခြင်းမျိုး မတွေ့ခဲ့ရပေ။
အဆိုပါ စစ်ဆင်ရေးကြောင့် တရုတ် နှင့် အာဏာသိမ်း အဖွဲ့အကြား ဆက်ဆံရေး အက်ကြောင်းထလာခဲ့ရပြီး ယခင်ကတည်းက ရှိနေခဲ့ပြီး ဖြစ်သည် "အပြန်အလှန် မယုံကြည်မှုများ" သည် ပို၍ ဆိုးလာခဲ့သည် ဟု တရုတ် အစိုးရ နှင့် နီးစပ်သော တရုတ် တတ်သိပညာရှင်များက ICG အား ပြောခဲ့ကြသည်။
သို့သော် မြန်မာ စစ်ဗိုလ်ချုပ်များက တရုတ်ထံမှ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု များ မျှော်ကိုးစရာ ရှိနေခြင်း၊ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များ နှင့် အပစ်ရပ်ရန် ကြားဝင်စေ့ဆပ်ပေးရေး နှင့် ၎င်းတို့ အပေါ် နိုင်ငံတကာ မှ အရေးယူ လာနိုင်သည်များ အား အကာအကွယ် ဆက်ပေးထားရန် လိုအပ်နေခြင်း တို့ကြောင့် ဆက်၍ အောင့်အီးဆက်ဆံနေကြရသည်။
၂၀၂၂ ဒီဇင်ဘာ လ အတွင်း လုံခြုံရေး ကောင်စီမှ မြန်မာနှင့် ပတ်သက်၍ ပထမဆုံး ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် ဖြစ်သော အကြမ်းဖက်မှုများ ချက်ခြင်း အဆုံးသတ်ရန် နှင့် ထင်ရာမြင်ရာ ဖမ်းဆီးထားသူများ ပြန်လွှတ်ရန် တောင်းဆိုမှု ကို တရုတ်သည် ယခင်လို ဗီတို မသုံးပဲ ကြားနေမဲ ပေးခဲ့၍ အတည်ဖြစ်သွားခဲ့သည်။
သို့သော်လည်း တရုတ်သည် အမျိုးသား ညီညွတ်ရေး အစိုးရအား ထောက်ခံသည့် အနေအထား သို့ ရောက်မလာခဲ့သေးပေ။ အာဏာသိမ်း အဖွဲ့မှ မင်းအောင်လှိုင်အား ဘီဂျင်းသို့ ဖိတ်ကြားရန် အကြိမ်ကြိမ် လော်ဘီ လုပ်ခဲ့မှု အားလည်း တရုတ်က တင်းခံနေခဲ့သည်။ NUG အား ထောက်ခံသည့် ကုလ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အား ဆက်၍ ထားရှိရန် ကို ထောက်ခံမှု ပေးခဲ့သည်။
NUG သည် ဘီဂျင်း နှင့် ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်နိုင်ရန် ကြိုးပမ်းလာပြီး ဇန်နဝါရီ လ ထဲတွင် တရုတ်၏ ရင်းနှီး မြုပ်နှံမှုများကို အကာအကွယ် ပေးသွားမည်၊ နိုင်ငံဖြတ် ကျော် ကျုးလွန် နေသော ရာဇဝတ်မှု များကို တိုက်ဖျက်သွားမည်၊ တရုတ် တနိုင်ငံတည်း မူကို ထောက်ခံသည် အစရှိသည့် အချက်များ ပါဝင်သော ကြေညာချက် ထုတ်ပြန်လာခဲ့သည်။
NUG သည် ဒီမိုကရေစီ ရည်မှန်းချက်များ ပြည့်ဝရေး နှင့် တရုတ်အား လည်း ကျေနပ်စေမည့် လုပ်ရပ်များ အကြား ချိန်ခွင်လျှာ ညှိလာခဲ့ခြင်းပင် ဖြစ်သည်။
တရုတ်သည် နေပြည်တော် နှင့် သံတမန်ရေးအရ ဆက်ဆံနေသော်လည်း ၎င်းတို့ အပေါ် ကျေနပ်ပုံမရ၍ ပုံမှန် ဆက်ဆံရေး ပြုလုပ်ရန် ငြင်းပယ်နေခြင်းဖြစ်သည်။ တဖက်တွင်လည်း ထိုးစစ်ကြီး စတင်လာမှုကို အမူအရာ နှင့် ထောက်ခံလာခဲ့၍ မြန်မာ စစ်တပ် သည် အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့သည့် ရှုံးနိမ့်မှုများ ဆက်တိုက်ဆိုသလို ရင်ဆိုင်ခဲ့ရသည်ဟု ICG ၏ မြန်မာရေးရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟိုဆေးက ထောက်ပြခဲ့သည်။
ဘီဂျင်း၏ စစ်တပ် အပေါ် ကျေနပ်ခြင်း မရှိသည်ကို နိုင်ငံတကာ အနေဖြင့် အခွင့်အရေး တရပ် အဖြစ် အသုံးချကာ လုံခြုံ ရေး ကောင်စီ တွင် အားလုံး သဘောတူညီနိုင်မည့် အနေအထားမျိုး တည်ဆောက် သွားနိုင်ရန် လုံးပမ်းသင့်သည်ဟု ၎င်းက အကြံပြုခဲ့ပြန်သည်။
အနောက်နိုင်ငံ များ အနေဖြင့် မြန်မာ အရေး အပေါ် တရုတ် နှင့် ဆွေးနွေးမှု များ ဆက်၍ ပြုလုပ်သွားဖို့ လိုပြီး လုံခြုံရေး ကောင်စီ မှ ကြေညာချက်၊ သို့မဟုတ် ဆုံးဖြတ်ချက် များ ထပ်မံ ထွက်ပေါ် လာအောင် ဝိုင်းဝန်း ကြိုးပမ်းသင့်သည်ဟု ICG အစီရင် ခံစာ တွင် ပါရှိခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်း လှန်စစ် မုချ အောင်ရမည်!!!
(Nikki Asia Review ပါ "Trust deficit' between China and Myanmar's military, report says" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)