အဆိုပါ ခေါင်းစဉ် ဖြင့် မြန်မာ စစ်ရေးကို အစဉ်တစိုက် သုံးသပ်လာသည့် အန်သနီ ဒေးဗီ က အေးရှားတိုင်းမ် တွင် ယခုလို သုံးသပ် တင်ပြလာခဲ့သည်။ စစ်တပ် အတွင်း လက်ရှိ ခံယူချက်များ အပါအဝင် ဖြစ်လာနိုင်သည် များအား ဆောင်းပါးရှည်ကြီး ဖြင့် အသေးစိတ် သုံးသပ်ထားခြင်း ဖြစ်၍ နှစ်ပိုင်းခွဲ၍ တင်ပြသွားပါမည်။
စစ်ကောင်စီ၏ အင်အား ချိန်ခွင်လျှာကို ကပြောင်းကပြန် ဖြစ်သွားစေခဲ့သည့် ထိုးစစ်ကြီးသည် ပွင့်လင်းရာသီ မကုန်ဆုံး မီ မှာပင် ၂၀၂၄ နှစ်ကျန် နှင့် ၂၀၂၅ အတွက် ပဋိပက္ခ ၏ ကောက်ကြောင်းအား နက်ရှိုင်းစွာ ပုံ ဖေါ် လာခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် လ များ အတွင်း နယ်ခြားဒေသများအား အင်အား တောင့်တင်းလှသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက အသီးသီး သိမ်းယူ နိုင်ခဲ့ ကြပြီး စစ်ကောင်စီ တပ်များ ဆက်တိုက် ဆိုသလို အရှုံး နှင့် ရင်ဆိုင်နေကြရသည်။
လာမည့် မိုးရာသီ နှင့် နောက်ပိုင်း တွင် တော့ ဗမာ အများစု နေထိုင်ရာ နိုင်ငံ အလယ်ပိုင်းတွင် တိုက်ပွဲများ သေချာပေါက် ပြင်းထန်လာဖို့ ရှိနေသည်။ ထိုတိုက်ပွဲများသည် ယခင်ကနှင့် မတူ ပဲ တမူ ထူးခြားလာမည်လည်း ဖြစ်သည်။
နေပြည်တော်တွင် ကျင်းထဲကျပ်ထဲ ရောက်နေသော အာဏာသိမ်း အဖွဲ့အတွင်း နိုင်ငံရေး အရ ပေါက်ကွဲမှု ဖြစ်မလာခဲ့လျင် ပင် ၎င်းတို့ဆီ သို့ စစ်ပွဲကြီးသည် ရွေ့လျားလာတော့မည် ဆိုသည်မှာ သိသာ ထင်ရှားနေပေသည်။ ထိုအခါတွင်တော့ တစုတစည်း တည်း မရှိပဲ နေရာ ပေါင်းစုံမှ ထိုးနှက်လာဖို့ ရှိနေ၍ ပို၍လည်း ပြင်းထန် ပြီး ပျက်စီး ဆုံးရှုံး မှု အများအပြား နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ လူထု အတွက်လည်း ဆိုးဝါးသော အကြပ်အတည်းများ ဖြစ်ပေါ်လာတော့မည်လည်း ဖြစ်သည်။
အဆိုးဆုံး အနေအထားကို မှန်းဆရမည် ဆိုက ၁၉၇၀ ကျော် နှစ်များ အတွင်း အင်ဒိုချိုင်းနား စစ်ပွဲ ကာလ မျိုး အရှေ့တောင်အာရှ တွင် တဖန် ပြန်၍ ကြုံလာရဖို့ ရှိနေသည်။
လက်ရှိ စစ်တပ်၏ စစ်မြေပြင် တွင် အရေးနိမ့်နေမှုများ၊ လက်အောက်ငယ်သားများ အတွင်း စိတ်ဓါတ် ကျဆင်းလာနေမှု များ ကြောင် စစ်ပွဲသည် ပြင်းထန်လာဖို့ ရှိနေသော်လည်း တိုတိုတောင်းတောင်း နှင့် ပြီးဆုံးသွားနိုင်ပေသည်။ အမျိုးသား ညီညွတ်ရေး အစိုးရ မှ ဒီဇင်ဘာလ အကုန်ပိုင်းတွင် ထုတ်ဖေါ် ပြောဆိုထားသည့် "မဟာဗျူဟာ မြောက် ထိုးစစ်" ဖြင့် စစ်ကောင်စီ တပ်များ အားနည်းလာပြီး ညီညွတ်မှု ပြိုလဲသွားသည် အထိ ဖြစ်လာရန် အဓိက ထား တွန်းအား ပေးသွားမည် ဖြစ်သည်။
ထိုသို့ တော်လှန်ရေး ဖက်က ခန့်မှန်းထားသလို အာဏာသိမ်း အဖွဲ့ မည်မျှ မြန်မြန် ပြိုဆင်းသွားမည် ဆိုသည်က စောင့်ကြည့်ရဖို့ ရှိနေဆဲ ပင် ဖြစ်သည်။ လက်ရှိတွင် တော့ တွေ့လာရသည့် လက္ခဏာများအရ မူ မြန်မြန် ပြိုလဲသွားမည် လော၊ မရမက တိုက်ယူရမည်လော ဆိုသည့် အကောင်း နှင့် အဆိုး ဒွန်တွဲနေဆဲပင် ဖြစ်သည်။
မေလ တွင် ကုန်ဆုံးမည့် ပွင့်လင်းရာသီ အတွင်း တိုင်းရင်းသား လက်နက်ကိုင် များ သီးခြားစီ ဆင်နွှဲလာသည့် ထိုးစစ်ကြီး သုံးခု သည် မြန်မာပြည်၏ စစ်ရေး နှင့် အုပ်ချုပ်ရေး မြေပုံကို စစ်ကောင်စီ အဖို့ ပြန်၍ ပြင်ဆင်နိုင်စွမ်း မရှိ လောက် အောင် အပြီးအပိုင် ရေးဆွဲ နိုင်ခဲ့ပြီ ဖြစ်သည်။
ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့၏ အောက်တိုဘာလ အတွင်း စတင်ခဲ့သော ၁၀၂၇ ထိုးစစ် ဖြင့် ရှမ်းမြောက်တခွင်နှင့် အဓိက ကုန်သွယ်ရေး လမ်းကြောင်းများကို သိမ်းယူ နိုင်ခဲ့သည်။
တဖန် ညီနောင် သုံးဖေါ် တွင် ပါဝင်နေသည့် ရက္ခိုင်တပ်တော်ကလည်း စနစ်တကျ ပြင်ဆင် ကာ ၎င်းတို့ဒေသတွင် တပြိုင်တည်း နီးပါး ထိုးစစ် စတင်လာခဲ့ပြီး ရခိုင်ပြည်နယ် အလယ်ပိုင်း နှင့် မြောက်ပိုင်းကို စစ်ကောင်စီအား ဓါးနှင့် နှုတ်နှုတ်စင်းသလို ဖြစ်အောင် တိုက်ခိုက်ကာ ထိန်းချုပ်လာနိုင်ခဲ့သည်။
မတ်လ အစောပိုင်းတွင်တော့ ကချင်လွတ်လပ်ရေး တပ်တော် ကေအိုင်အေ၏ အလှည့် ရောက်လာခဲ့သည်။ ၎င်းတို့၏ မဟာဗျူဟာ မြောက် ထိုးစစ်ဖြင့် နှစ်ပတ်ပင် မပြည့်သေးသည့် တိုတောင်းသော အချိန်အတွင်းမှာင် ဌာနချုပ်ရှိရာ လိုင်ဇာ ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ တပ်များကို မောင်းထုတ်ပစ်နိုင်ခဲ့သည်။ ထို့ပြင် ပြည်နယ် မြို့တော် မြစ်ကြီးနား နှင့် ဧရာဝတီ မြစ် ဆိပ်ကမ်းမြို့ ဖြစ်သော ဗန်းမော် အကြား မဟာဗျုဟာ ကျသည့် လမ်းမကြီး တလျောက်ရှိ စစ်စခန်းများကို သိမ်းပိုက် နိုင်ခဲ့ကြသည်။
စစ်ကောင်စီ တပ်များသည် ထိုးစစ်များ ဆင်ခဲ့သည့် ဒေသများရှိ အဓိက မြို့ကြီးများ ဖြစ်သော လားရှိုး၊ စစ်တွေ၊ မြစ်ကြီးနား တို့တွင်သာ ကြံ့ကြံခံ နေ ရသည့် အနေအထား ရောက်လာခဲ့သည်။ ယင်းသည် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် လပေါင်းများစွာ ကြာအောင် စနစ်တကျ ပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် ပေါ်ထွက်လာသည့် အသီးအပွင့် များပင် ဖြစ်သည်။ စစ်တပ် အဖို့ သမိုင်းတလျောက် မကြုံခဲ့ဖူးသည့် လူအင်အား၊ လက်နက်အင်အား နှင့် စိတ်ဓါတ်ရေးရာ ပိုင်းတွင် အပြင်းအထန် ထိုးနှက်ခံခဲ့ရသည်။
တိုက်ပွဲများ တွင် ၎င်းတို့၏ အကျအဆုံးများအား ထုတ်ပြန်သည့် စာရင်းဇယားများထက် ထွက်ပေါ်လာသော အနေအထားကို ကြည့်၍ ခန့်မှန်းရ မည် ဆိုလျင် သေဆုံး၊ ဖမ်းဆီးခံရ၊ လက်နက်ချ သူ အနည်းဆုံး ရှစ်ထောင် နှင့် တသောင်း အကြား ရှိနေသည်။
ဤသည်ကလည်း သိန္ဓီ ရှိ ဒကစ ၁၆၊ ကျောက်တော် ရှိ ဒကစ ၉၊ မင်းပြားရှိ စစ်သင်တန်းကျောင်း အပါအဝင် တပ်ရင်းတပ်မ ဌာနချုပ် သုံးဆယ်ခန့် နှင့် စခန်းငယ် ရာပေါင်းများစွာ လက်လွှတ်ခဲ့ရမှု ကို ကြည့်ပြီး လျော့လျော့ပေါ့ပေါ့ ခန့်မှန်းထားခြင်းပင် ဖြစ်သည်။
ထိုအထဲတွင် ဇန်နဝါရီ အစောပိုင်း လောက်ကိုင်တွင် ဒေသ စစ်ဆင်ရေး ဌာနချုပ် တခုလုံး လက်နက်ချပြီး ပြန်ပို့ခံရသည့် တပ်အင်အား ၄,၀၀၀ ခန့်ကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေး။ လာမည့် အပတ်များ အတွင်း စစ်တွေရှိ ဌာနချုပ်အားလည်း လက်လွှတ်ရဦးမည် ဖြစ်၍ အကျအဆုံး များ ရှေ့လျောက် ပိုများလာဖို့သာ ရှိသည်။
ထိုအနေအထားအား ကြည့်၍ စစ်ခေါင်းဆောင်များ ထိတ်လန့် တုန်လှုပ်လာပြီး ဖေဖေါ်ဝါရီလ အတွင်း စစ်မှု ထမ်း ဥပဒေ ဆိုသည်ကို ပြန်၍ အသက်သွင်းကာ လူသစ် စုဆောင်းရသည် အထိ ဖြစ်လာခဲ့သည်။
ဆုံးရှုံးသွားရသည့် လက်နက်ကြီးများ၊ လက်နက်ငယ် များ ပမာဏ သည်လည်း နဲနဲနောနော မဟုတ်ပြန်၍ စိုးရိမ်စရာ ကောင်းလာရပြန်သည်။ ထိုအထဲတွင် ၁၂၂ မမ၊ ၁၅၅ မမ ဟောင်ဝစ်ဇာ အမြှောက်ကြီးများ၊ သံချပ်ကာ ယာဉ် အနည်းဆုံး အစီး ငါးဆယ်ခန့် ပါဝင်နေသည်။ ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ အား တခါမျှ မသုံးခဲ့ရသည့် လက်နက်ကြီးများ တပ်ဆင် ပေးလိုက်ခြင်း ပင် ဖြစ်သည်။
စစ်ကောင်စီ အဖို့ ထိုသို့ လူသူ လက်နက်အင်အား ဆုံးရှူံးမှု များအကြား ပေါ် တပူပေါ် နှစ်ပူဆင့် ဖြစ်လာရသည်က ၎င်းတို့အား နိုင်ငံ ၏ မြောက်ပိုင်း အရှေ့၊ အနောက်၊ နှင့် အရှေ့တောင်ဖက်မှ ဝိုင်းပတ် ပိတ်ဆို့ ခံလာနေရခြင်းပင် ဖြစ်သည်။ ၎င်းတို့ အခိုင်အမာ ခြေကုပ်ယူထားသည့် နိုင်ငံ အလယ်ပိုင်း တွင်လည်း လူထု ၏ ဆန့်ကျင် တွန်းလှန်မှု များ နှင့် ရင်ဆိုင်နေရပြန်သည်။
ထိုသို့ အပြန်အလှန် ဆက်စပ် လာနေသည့်အခြေအနေများကို စစ်ရေး သီအိုရီအရဖြင့် ခြုံငုံ သုံးသပ်ရမည် ဆိုလျင်ပင် လက်ရှိ အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်း ဆိုက်လာတော့မည်သာ ဖြစ်သည်။
သို့သော် အဆောတလျင် ဖြစ်လာနိုင်မည် ဟု ပြောရန် စောလွန်းနေသေးသည်၊ ဤသည်ကလည်း စစ်တပ်၏ စိတ်ပိုင်း နှင့် ရုပ်ပိုင်း အခြေအနေများကို ထည့်သွင်း တွက်ချက်ရန် လိုအပ်နေသေး၍ ဖြစ်သည်။
စစ်တပ် အသိုက်အဝန်းသည် နိုင်ငံကို နှစ်ပေါင်းများစွာ ချယ်လှယ် အခွင့်ထူးခံလာကြသူ များ ဖြစ်ပြီး၊ ဤသည်ကိုလည်း တိုင်းပြည် အချုပ်အခြာ အာဏာကို ကာကွယ်နေရခြင်းသာမက မည်သို့မျှ လက်လွှတ် အဆုံးရှူံး ခံ၍မရသည့် နိုင်ငံ၏ ဝိညာဉ် ဟုပင် စိတ်ထဲ စွဲလာကြသည်။ ထို့ပြင် ပြည်ပကိုလည်း မယုံသင်္ကာ ဖြစ်စရာ အဖြစ် သိသိသာသာ စွဲထင်နေခြင်းများကြောင့် ၎င်းတို့ အဖွဲ့အစည်း တသက်လုံး ရလာသည့် အခွင့်အရေး များအား ကာကွယ်ရန် အတွက် ကျားကုတ်ကျားခဲ တိုက်ခိုက်လာနိုင်သည်။
ထိုသို့ စစ်တပ် နှင့် ၎င်းတို့အား ထောက်ခံနေသူများ၏ စိတ်ထဲ စွဲလာအောင် ၁၉၅၀ ကျော် နှစ်များ အတွင်း ဖြစ်ခဲ့သည် ဇာတ်ကြောင်းများက ပံ့ပိုးပေးနေကြပြန်သည်။ ထိုစဉ်က နိုင်ငံ အလယ်ပိုင်း တွင် ပေါ်ပေါက်လာသည့် ရောင်စုံ သူပုန် သောင်းကျန်းမှု ကို စစ်တပ်သည် အပြီးသပ် နှိမ်နှင်း နိုင်ခဲ့ခြင်း ဆိုသည် ပင် ဖြစ်သည်။
သို့သော် လက်ရှိတွင် အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သား အများစု အဖို့က ထိုသို့ အဓိပ္ပါယ် အကောက်လွဲလာသည့် ဇာတ်ကြောင်းများထက် ပို၍ စိတ်ထဲစွဲနေ သည်က စစ်စည်းကမ်း၊ လစာ၊ မိသားစု နှင့် တိုက်ဖေါ်တိုက်ဖက် ရဲဘော်များကို ကာကွယ် သွားရမည် ဆိုသည့် ခံယူချက်များသာ ရှိနေသည်။
စစ်လက်နက်များ ဆုံးရှူံးသွားခဲ့ရသည့် ပမာဏ သည် နဲနဲ နောနော မဟုတ်သော်လည်း ၎င်းတို့စိတ်ထဲတွင် လက်ရှိ တိုက်ပွဲများကို အဆုံးအဖြတ် ပေးနိုင်လောက်အောင် အထိ ဖြစ်မလာဟု ခံယူထားပြန်သည်။
ဆက်လက် တင်ပြသွားပါမည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(ဖော်ပြပါ ပုံသည် ၂၀၁၉ စစ်ရေးပြ အခမ်းအနား ဖြစ်သည်။)