ရုရှား သည် အမြှောက် ဆံများကို ယူကရိန်း ဖက်က ထက် ငါးဆ ခန့် ပို၍ ပစ်ခတ်ခဲ့ကြသည်။ ပြီးခဲ့သည် အပတ်များ အတွင်း ပို၍ပင် ပြင်းပြင်းထန်ထန် ပစ်ခတ်လာခဲ့ကြသည်။ ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ရုရှား ကျုးကျော်ရေး တပ်များသည် အရှေ့ပိုင်း စစ်မျက်နှာရှိ အာဒစ်ဖ်ကာ မြို့အား သိမ်းပိုက်သွား နိုင်ခဲ့သည်။ ထို့နောက်တွင် မြို့နှင့် အနီးအနားရှိ ရွာများကို ဆက်၍ သိမ်းယူခဲ့ကြသည်။
တောင်ပိုင်း စစ်မျက်နှာတွင် ယူကရိန်း တပ်များသည် တနေ့လျှင် အမြှောက်ဆံ ၂၀-၃၀ ခန့်ဖြင့် ရိုဘိုတီနက် ရွာ အား ခုခံကာကွယ်လျက် ရှိသည်။ ရုရှား၏ ထိုသို့ ပစ်ခတ် နိုင်စွမ်း ရှိနေခြင်းကြောင့် သိသိသာသာ အသာစီး ရနေသော်လည်း ရေရှည် ထိန်းသွားနိုင်ရန် အမြှောက်ကြီးများ လုံလုံလောက်လောက် ရှိမရှိ ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။
ဖေဖေါ်ဝါရီ လတွင် လန်ဒန်ရှိ တွေးခေါ်မျှော်မြင်ရေး အဖွဲ့ Royal United Services Institute မှ ထုတ်ပြန်သော ခန့်မှန်းချက်အရ လက်ရှိ ရုရှားတွင် အမြှောက်အရည် အတွက် ၅,၀၀၀ အောက်သာ ရှိပြီးတနှစ်လျှင် အမြှောက် ပြောင်း ၅၀ ခန့်သာ ထုတ်လုပ်နိုင်စွမ်း ရှိနေသည်။ ထိုထက် ပို၍ ထုတ်လုပ်နိုင်ဖို့ အခက်အခဲများ ရှိလာခဲ့သည်။ အမြှောက်ပြောင်းများ ထုတ်လုပ်ရာတွင် အရည်အသွေး မြင့် သံမဏိများ ဖြင့် ပြုလုပ်ထားသော အထူး စက်ပစ္စည်းများ ကို အသုံးပြုရ၍ ဖြစ်သည်။
စစ်ပွဲအစ ၌ ရုရှားတွင် ထိုသို့ ထုတ်လုပ်နိုင်စွမ်း ရှိသည့် စက်ရုံ နှစ်ရုံသာ ရှိနေသည်။ ပြည်ပမှာ တင်သွင်းဖို့ကလည်း ရောင်းချပေးနိုင်သည့် နိုင်ငံ ဟူ၍ မဆိုသလောက်သာ ရှိနေသည်။ မြောက်ကိုရီယား သည် အမြှောက်ဆံများအား ထောက်ပံ့ထားပြီး ဖြစ်၍ ထိုသို့ တင်ပို့နိုင်သည့် နိုင်ငံ ထဲတွင် ပါဝင်နေသည်။
ဂြိုလ်တု မှ ရိုက်ကူးရရှိထားသော ဓါတ်ပုံများအရ ရုရှားသည် စစ်မြေပြင်တွင် ပျက်စီးဆုံးရှုံးသွားသည့် များကို ကွင်းပြင်ကျယ်ကြီးတွင် သိုလှောင်ထားသည် အမြှောက်များထဲမှ အများအပြား ထုတ်နှုတ်၍ အစားဖြည့်နေရသည်ကို တွေ့လာရသည်။
စစ်ပွဲ အစတွင် ရုရှားတွင် အမိုးအကာ မရှိ ကွင်းပြင်ကြီးထဲ သိုလှောင်ထားသည့် အမြှောက် စုစုပေါင်း ၁၉,၀၀၀ ခန့် ရှိခဲ့သည်။ အချို့သည် ဆယ်စုနှစ်ပေါင်း များစွာ အသုံးမပြုပဲ ထားခဲ့သဖြင့် သံချေးများ တက်နေသောကြောင့် သုံး၍ မရသည့် အနေအထားတွင် ရှိနေသည်။ စစ်ပွဲ ဖြစ်နေသည့် နှစ်နှစိတာ ကာလအတွင်း အပိုပစ္စည်း လိုအပ်လာလျှင် သုံး၍ရသည်များထဲမှ လာရောက် ဖြုတ်ယူခဲ့ကြပြန်သည်။ ထိုအထဲတွင် အမြှောက်ပြောင်းများသည် အများဆုံး ပါဝင်နေသည်။ မကြာခဏ ဆိုသလို ထောင်နှင့် ချီသော အမြှောက်ဆံများ ထည့်သွင်း ပစ်ခတ်နေရ၍ ပြုန်းတီး ပျက်စီး လိုက်လာနေ သော ကြောင့် ဖြစ်သည်။
ရုရှားတွင် ဒုတိယ ကမ္ဘာစစ် လက်ကျန် ဒီဝမ်း နှင့် ဟောင်ဝစ်ဇာ အမြှောက်ကြီးများ ရှိနေသော်လည်း မည်မျှ အရည်အတွက် သုံးနိုင်ဆဲ ဆိုသည်နှင့် အမြှောက်ကျည်ဆံများ မည်မျှ အထိ ရှိနေဆဲ ဆိုသည်ကား ခန့်မှန်းရ ခက်နေသည်။ သို့သော် ရုရှားသည် သုံး၍ရသည့် အမြှောက်ပြောင်းများ လျော့နည်းလာနေသည့် အဖြစ်နှင့် ရင်ဆိုင်နေရသည် ဆိုသည်ကား သိသိသာသာ တွေ့မြင်လာခဲ့ရသည်။
ယူကရိန်း ဖက်မှ ရုရှား လက်နက်ကြီးများကို မည်မျှအတိုင်းအတာထိ ဖျက်စီးပစ်နိုင်ခဲ့သည် ဆိုသည်ကလည်း ခန့်မှန်းရ ခက်နေသည်။ အမြှောက်ကြီးများသည် ရှေ့တန်း စစ်မျက်နှာ နှင့် ဝေးကွာသော အရပ်တွင် ထားရှိတတ်သော ကြောင့် ဖြစ်သည်။ အမြှောက် စုစုပေါင်း ၁၀,၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည်ဟု ယူကရိန်း ဖက်မှ ပြောနေသော်လည်း မျက်မြင် ခန့်မှန်းချက်အရ ဆိုလျှင် ၎င်းတို့ ပြောသည့် အရည်အတွက်ထက် များစွာ လျော့နည်းလျက် ရှိပြီး ၁,၀၀၀ ဝန်းကျင်သာ တွေ့ရသည်ဟု ဆိုသည်။ သို့သော် ရုရှား တို့ ကွင်းပြင်ကြီးထဲတွင် သိမ်းထားသော အမြှောက်ကြီး များ ထုတ်ယူ အသုံးပြုလာရသည့် နှုန်းကို တွက်ချက် ခန့်မှန်းရလျှင် ၅,၅၀၀ ခန့် ရှိနိုင်သည်ဟု ဆိုသည်။
လက်ရှိ အတိုင်း သွားမည် ဆိုက ရုရှားသည် ၂၀၂၅ တွင် အမြှောက်ပြောင်းများ ကုန်ခန်းလာဖွယ် ရှိနေသည်။ ထိုသို့ ဖြစ်လာက ဒုံးကျည်များ ထုတ်သုံးလာရဖွယ် ရှိနေပြီး ယမ်းအားပြင်း ပစ္စည်းများ ပို၍ လိုအပ်လာမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ် အတွင်း ယူကရိန်း နှင့် ရုရှားသည် တဖက်နှင့် တဖက် အမြှောက်လက်နက်များ ကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်ခဲ့ကြသည်။ အနောက်တိုင်းရှိ မဟာမိတ်များက ယူကရိန်းအားထောက်ပံ့ ပေးထားသော လက်နက်ကြီးများ ခြေရာခံ ရေဒါ စနစ်ကြောင့် ပစ်ခတ်သည့် နေရာကို အတိအကျ သိနိုင်စွမ်း ရှိလာခဲ့သည်။
ထို့အတွက် ကာမီကာဇေ ဒရုန်း အသေးစားများအား ပစ်မှတ် ရှိရာ သို့ ကီလိုမီတာ ၂၀ အကွာအဝေး မှ လွှတ်တင်ပစ်ခတ် နိုင်လာသဖြင့် ရုရှား အမြှောက် အများအပြား ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ရုရှားသည် အမြှောက်များကို ရှေ့တန်း စစ်မျက်နှာ နှင့် ပို၍ ဝေးသော နေရာသို့ ရွှေ့ပြောင်းခဲ့ရသည့်အတွက် ယူကရိန်း ဖက်အား ပစ်ခတ် နိုင်စွမ်း အားပျော့သွားရသဖြင့် ယူကရိန်း တပ်များ အဖို့ အသက်ရှု ချောင်သွားခဲ့ကြရသည်။
(၂၀၂၄ မတ်လ ၂၀ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Might Russia run out of big guns?" ဆောင်းပါး အား ကောက်နှုတ်တင်ပြသည်။)