ဆူဒန် သမ္မတဟောင်း အိုမာ ဘာရှီယား အား အိုင်စီစီသို့ လွှဲပြောင်းပေးရန် လက်ရှိ အစိုးရက သဘောတူလိုက်ပြီ

by Hla Soewai - Feb 12 2020

စစ်ရာဇဝတ်မှုများ နှင့် စွပ်စွဲ ခံထားရသော အိုမာ ဘာရှီယားအား ဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးချုပ်သို့ လွှဲပြောင်းပေးရန် သဘောတူခဲ့ပြီ ဖြစ်ကြောင်း ဆူဒန် ၏ အာဏာရ ကောင်စီ အဖွဲ့ဝင်တဦး က ပြောကြားခဲ့သည်။

 

 

ဘာရှီယားအား နိုင်ငံ အနှံ့အပြား ဆန္ဒပြမှုများ လပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၉ ဧပြီလ တွင် ရာထူးမှ ဖြုတ်ချ ပြစ်ခဲ့ကြသည်။ ၎င်းအား သမ္မတ အဖြစ် ရှိနေစဉ်ကပင် လူသားများ အပေါ် ကျူးလွန်သော ရာဇဝတ်မှု ငါးမှု၊ စစ်ရာဇဝတ်မှု နှစ်မှု နှင့် အိုင်စီစီမှ အလိုရှိနေခဲ့ခြင်း ဖြစ်သည်။  ၎င်းသည် အဆိုပါ ပြစ်မှု များကို ၂၀၀၃ နှင့် ၂၀၀၈ ခုနှစ် အကြား ဒါဖား စစ်ဆင်ရေး အတွင်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 

၎င်းသာမက အိုင်စီစီမှ အလိုရှိနေသူ မှန်သမျှ ကို လွှဲပြောင်း ပေးသွားမှာ ဖြစ်တယ်လို့လည်း အဆိုပါ အရာရှိက ပြောကြားခဲ့ပြန်သည်။ 

 

 

ထိုသို့ လွှဲပြောင်းပေးရန် သဘောတူခဲ့ရခြင်းမှာလည်း ဆူဒန် အစိုးရ နှင့် ဒါဖား သူပုန်အဖွဲ့အကြား ရရှိခဲ့သော သဘောတူညီချက် တစိတ်တပိုင်း တွင် ပါဝင်လာခဲ့၍ ဖြစ်သည်ဟု ဆိုပြီး လွှဲပြောင်းပေးမည့် အချိန်ကို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း မရှိပေ။

 

 

“မိမိတို့ အနေဖြင့် ဒဏ်ရာ ဒဏ်ချက်များကို တရားမျှတမှု ဖြင့် မကုစားနိုင်သရွေ့ တရားမျှတမှု ရရှိနိုင်မည် မဟုတ်ဟု ဆူဒန် အာဏာရ ကောင်စီ အဖွဲ့ဝင် မိုဟာမက် တာ အရှီး က ပြောပြခဲ့သည်။

 

 

အိုင်စီစီသည် ဘာရှီယား အား ဖမ်းဆီးရန် နိုင်ငံတကာ ဖမ်းဝရမ်းအား ၂၀၀၉ ခုနှစ် မတ်လ တွင် တကြိမ်၊ ၂၀၁၀ ဇူလိုင်လ တွင် တကြိမ် ထုတ်ပြန်ခဲ့ပြီး ယခုအထိ ‘လွတ်မြောက်နေဆဲ’ ဟု စာရင်းသွင်းထားခဲ့သည်။

 

 

အသက် ၇၆ နှစ်ရှိပြီ ဖြစ်သော ဘာရှီယားသည် ၁၉၈၉ တွင် အာဏာသိမ်းပြီး နောက် တိုင်းပြည် အား နှစ်ပေါင်း သုံးဆယ် လုံးလုံး အုပ်ချုပ်ခဲ့သူ ဖြစ်သည်။ အိုင်စီစီ သည် ထိုအချိန်က လက်ရှိ သမ္မတ တယောက်အား ပထမဆုံးအကြိမ် ဖမ်းဝရမ်းထုတ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

 

 

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း အကျင့်ပျက် ခြစားမှု၊ တရားမဝင် နိုင်ငံခြားငွေများ လက်ဝယ် တွေ့ရှိမှု များဖြင့် လူမှု ပြုပြင်ရေး စခန်းတွင် နှစ် နှစ် နေထိုင်ရန် အပြစ်ပေးခဲ့ပြီး ဖြစ်သည်။ ဆူဒန်၏ ဥပဒေ အရ အသက် ၇၀ ကျော်လွန်သူများကို ထောင်ဒဏ် အပြစ်ပေး၍ မရဟု သိရသည်။

 

 

ယခင်က ဆူဒန် အစိုးရသည် ၎င်းအား ပြည်ပသို့ လွှဲပြောင်း ပေးမည် မဟုတ်ဟု ပြောဆိုခဲ့သည်။

 

 

ဆူဒန် အာဏာရ ကောင်စီ တွင် အရပ်သားများ နှင့် စစ်ဖက်မှ ဩဇာရှိသော ဗိုလ်ချုပ်ကြီးများ ဖြင့် အချိုးကျ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ယခု ကိစ္စ ကို အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း သဘောတူခဲ့သဖြင့် အခုလို ထုတ်ဖေါ်ပြောဆိုရခြင်း ဖြစ်ကြောင်း တာ အရှီးက ပြောခဲ့ပြန်သည်။

 

ကိုးကား။ ။ CNN/ BBC