နိုင်ငံ အနှံ့ ရွေးကောက်ပွဲ ပြုလုပ်၍ မဖြစ်နိုင်တော့ဟု မင်းအောင်လှိုင် ဝန်ခံ

by Hla Soewai - Mar 27 2024

မတ်လ ၁၈ ရက်နေ့ ရန်ကုန်တွင် ရုရှား သတင်းဌာန ITAR-TASS NEWS AGENCY နှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်း ခန်း တွင် မင်းအောင်လှိုင်မှ ယခုလို ဝန်ခံ သွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ တွေ့ဆုံ မေးမြန်းခန်း ကို စစ်ကောင်စီ လက်အောက်ခံ သတင်း မီဒီယာ များက ပုံနှိပ်ဖေါ်ပြခဲ့ရာတွင် “နိုင်ငံသည် အေးချမ်း တည်ငြိမ် မှု ရှိမည် ဆိုလျှင် ရွေးကောက်ပွဲ ကို နိုင်ငံအနှံ လုပ်၍ မရနိုင်သည့် တိုင် လုပ်၍ ရသည့် နေရာတိုင်း ပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း” ပြောဆိုသွားခဲ့သည်။

 

၎င်း၏ အပြော အပေါ် ဝန်ကြီးချုပ်ဟောင်း ဦးနု ၏ သမီး ဖြစ်သူ မြန်မာ ဒီမိုကရက် ပါတီ ဥက္ကဌ ဒေါ်သန်းသန်းနုက လုပ်၍ရသည့် နေရာ များ တွင်ပင် စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာရဖွယ် ရှိသည်ဟု RFA အား မှတ်ချက်ပေးသွားခဲ့သည်။

 

မဲလိမ်လည်မှု ဆိုကာ လီဆယ် အာဏာသိမ်းခဲ့ပြီး နောက် သုံးနှစ် ကြာလာသည့်တိုင် ရွေးကောက်ပွဲ လည်း မပြုလုပ် နိုင်ခဲ့သည့် အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အားလည်း အကြိမ်ကြိမ် ချိုးဖောက်ကာ ပေကပ်နေလာခဲ့ပြီး ဖြစ်သည်။

 

ထိုကဲ့သို့သော ဘဝ မျိုး ရောက်သွားခဲ့ရအောင်လည်း ၎င်းတို့ အထင်သေး အမြင်သေး ဖြစ်ခဲ့သည့် အမျိုးသား ညီညွတ်ရေး အစိုးရ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသား ပြည်သူ တရပ်လုံးက နွေဦး တော်လှန်ရေး အား မလျော့သော ဇွဲ ဖြင့် ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့၍ ဖြစ်သည်ဟု စစ်ရေး သုံးသပ်သူ ဆောင်းပါးရှင်မှ ဧရာဝတီ တွင် ရေးသားလာခဲ့သည်။

 

အာဏာသိမ်းပြီး နှစ် နှစ်ခွဲ အကြာတွင် မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့၏ ၁၀၂၇ ထိုးစစ်ကြီး စတင်လာခဲ့မှု နှင့် အတူ နွေဦးတော်လှန်ရေးသည် အရှိန် မြင့်တက်လာခဲ့သည်။ ကချင်လွတ်လပ်ရေး တပ်တော်၊ ကရင် အမျိုးသား သမဂ္ဂ၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ချင်းမြေ ကာကွယ်ရေးတပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်ဦး၊ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း ဒေသ အသီးသီးတွင် ၁၀၂၇ စစ်ဆင်ရေး တွင် ပူးပေါင်း ပါဝင်လာခဲ့သည်။

 

နိုင်ငံ အလယ်ပိုင်းရှိ ပြည်သူ့ လွတ်မြောက်ရေး တပ်တော်၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် တို့သည်လည်း ပေါင်းစည်း တိုက်ပွဲဝင်လာခဲ့ကြသည်။ နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ အဖို့ ရံပုံငွေ နှင့် လက်နက်ဝယ်ယူ ရရှိရေး တို့တွင် အခက်အခဲများ ရှိလာနေ၍ ထိထိရောက်ရောက် မစွမ်းဆောင် နိုင်ပဲ ယခုလို ကြန့်ကြာနေခဲ့ရခြင်း ဖြစ်သည်ဟု ဆောင်းပါးရှင်က ဆိုသည်။

 

စစ်တပ်သည် တိုင်းရင်းသား အဖွဲ့များ နှင့် ဆက်ဆံရာတွင် အသစ်အဆန်း မထွင်နိုင်ပဲ ဟောင်းနွမ်းဆွေးမြေ့ နေသည့် သွေးခွဲ အုပ်ချုပ်ရေး ဆိုသည့် ဗျူဟာကိုသာ တောက်လျှောက် ကျင့်သုံးလာခဲ့၍ ၎င်းတို့ အပေါ် အယုံအကြည် ကင်းမဲ့လာခဲ့ကြသည်။ နိုင်ငံ အလယ်ပိုင်းကို ကောင်းစွာ ထိန်းချုပ် နိုင်ခဲ့ပါက မိမိတို့နယ်မြေ များ ကို တိုက်ခိုက်လာကြမည် ဆိုသည်အားလည်း ကောင်းစွာ ရိပ်စားမိနေကြပြီ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အလယ်ပိုင်း တော်လှန်ရေး အင်အားစုများအား တိုင်းရင်းသား လက်နက်ကိုင်များက ပံ့ပိုး ပေးလာခဲ့ကြသည်။

 

၁၀၂၇ စစ်ဆင်ရေး မစမီ ကရင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်ပြည်နယ် များနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ တနင်္သာရီ တိုင်းများ တွင် လက်နက်ကိုင် တော်လှန်ရေး များ ဆင်နွဲနေကြပြီ ဖြစ်သည်၊ ရန်ကုန်တိုင်းတွင်လည်း ပျောက်ကျား စစ်ဆင်ရေး ဖြင့် စစ်ရေး နှင့် စီးပွားရေး ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြသည်။ ဧရာဝတီ တိုင်း တတိုင်းသာ ကွက်၍ ကျန်နေခဲ့သည်။ သို့သော် ကရင်နီ ပြည်နယ် အတွင်းရှိ မယ့်စဲ မြို့ တမြို့ကိုသာ တော်လှန်ရေး တပ်များက သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

ထိုအချိန်တွင် မြောက်ပိုင်း ညီနောင် များ အဖွဲ့ သည် လက်နက်၊ လူအင်အား စုဆောင်းပြီး ထိုးစစ်ကြီး စတင်နိုင်ရန် လျို့ဝှက်စွာ စစ်ရေး ပြင်ဆင်နေသည့်အပြင် တော်လှန်ရေး အဖွဲ့များကိုလည်း ပံ့ပိုးပေးနေကြသည်။

 

ထိုးစစ်ကြီး စတင်ချိန်တွင်တော့ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီသည် တမြို့ပြီး တမြို့ လက်လွှတ်ခဲ့ရပြီး စစ်စခန်း ရှိသမျှ ၄၀၀ ကျော်ခန့် လည်း ဆုံးရှုံးသွားခဲ့ရသည်။ လာရှိုးကို သိမ်းယူအံ့ဆဲဆဲ တွင် တရုတ်၏ ဖိအားပေးမှုကြောင့် ထိုးစစ်ကို ရပ်တန့်ပေးခဲ့ရသည်။

 

သို့သော်လည်း ထိုးစစ်ကြီးသည် စစ်ကောင်စီအား အရှက်တကွဲနှင့် နာလံ ပြန်မထူနိုင်အောင် ထိုးနှက် နိုင်ခဲ့ပြီ ဖြစ်သည်။

 

ရခိုင်

 

ရခိုင် စစ်မျက်နှာ တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရက္ခိုင် တပ်တော်သည် ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင် မြို့များကို သိမ်းယူနိုင်ခဲ့သည်။ တိုင်းစစ်ဌာနချုပ် တခုအပါအဝင် စစ်စခန်း ၄၀ ကျော် မှ စစ်ကောင်စီ တပ်များကို မောင်းထုတ် ပစ်နိုင်ခဲ့သည်။

 

မောင်းတော၊ ဘူးသီးတောင်၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့များလည်း ဝိုင်းပတ်ခံနေရပြီး မြို့တော် စစ်တွေရှိရာ သို့ ရက္ခိုင်တပ်တော်သည် ဦးတည်လာနေပြီ ဖြစ်သည်။

 

စစ်ကိုင်း

 

စစ်ကိုင်း စစ်မျက်နှာတွင် စစ်ကောင်စီတပ်များသည် လက်လွှတ်ခဲ့ရသော ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး နှင့် မော်လူး မြို့များအား ပြန်လည် သိမ်းယူ နိုင်ရန် ထိုးစစ်ဆင်လာကြသည်၊ ယခုအချိန်အထိ ကောလင်း မြို့ကိုသာ ပြန်၍သိမ်းယူ နိုင်ခဲ့သည်၊ သို့သော် အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပဲ မြို့စွန်တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

 

ကလေး၊ ထီးချိုင့် နှင့် တန့်ဆည် မြို့ တဝိုက်တွင် တော်လှန်ရေး တပ်ပေါင်းစုများက ထိုးစစ်ဆင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

 

ကရင်နီ

 

ကရင်နီ တော်လှန်‌ရေး တပ်ဖွဲ့များသည် ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်တွင် ၁၁၁၁ စစ်ဆင်‌ရေး ကြီး စတင်ခဲ့ပြီး နမ်မယ်ခုံ၊ မယ့်စဲ၊ မြို့တော် လွိုင်ကော် တဝက်နီးပါး၊ ရှားတော၊ ရွာသစ်၊ မော်ချီး မြို့များအား သိမ်းယူနိုင်ခဲ့ပြီး ယခုအခါ သံလွင်မြစ် အနောက်ဖက်ကမ်း ရှိ ဖားဆောင်းမြို့ အား တိုက်ခိုက်လျက် ရှိသည်၊ ဖယ်ခုံ နှင့် ပင်လောင်း ကြား တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

 

ကရင် ပြည်နယ်

 

ကရင် အမျိုးသား သမဂ္ဂ သည် ယခုနှစ် အစောပိုင်း တွင် နည်းဗျူဟာ ကို ပြောင်းလဲခဲ့ပြီး တပ်မဟာ (၆) နှင့် PDF ပူးပေါင်း အင်အား အား အုပ်စု သုံးစု ခွဲကာ တိုက်ခိုက်ခဲ့ကြသည်။ တဖွဲ့သည် ကော့ကရိတ် ကို တိုက်ခိုက်ခဲ့ပြီး မြို့တဝက် နီးပါးကို သိမ်းယူနိုင်ခဲ့သည်။ မြဝတီ ကို ဖြတ်သွားသည့် အာရှ အဝေးပြေး လမ်းမကြီး ပေါ်ရှိ တံတားအားလည်း ဖေါက်ခွဲ ဖျက်ဆီးပစ်နိုင်ခဲ့သည်။ နောက်တဖွဲ့သည် သင်္ကန်းညီနောင်ရှိ တပ်ရင်း ဌာနချုပ်၊ ဖာလူး နှင့် မြဝတီ ရှိ စစ်စခန်းများကို သိမ်းယူနိုင်ခဲ့သည်။ ကျန်တဖွဲ့သည် ကြာအင်းဆိပ်ကြီး ရှိ စစ်တပ် စခန်းကုန်း ကို တိုက်ခိုက်လာခဲ့ရာ ဗျုဟာမှုး အပါအဝင် တပ်သား ၆၀ ကျော် လက်နက်ချခဲ့ကြသည်။

 

ထို့ပြင် ၂၀၂၁ တွင် လက်လွှတ်ခဲ့ရသော စခန်းများကို ပြန်လည် သိမ်းယူနိုင်ရန် ပြင်ဆင်နေပြီး စစ်ကောင်စီ အဖို့ မည်သို့မျှ ခုခံနိုင်စွမ်း မရှိ ဖြစ်လာနေသည်။

 

ကချင်

 

ကေအိုင်အေ နှင့် ပူးပေါင်း တပ်များသည် ဇန်နဝါရီ လ မှ စပြီး ဗန်းမော်၊ မဘိန်း နှင့် ဖားကန့် မြို့များကို တိုက်ခိုက်ခဲ့ကြသည်။ မတ်လ အစောပိုင်း တွင် ဌာနချုပ် ရှိရာ လိုင်ဇာ အနီးပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်း များကို စတင် ရှင်းလင်းခဲ့ပြီး ဆွမ်ပရာဘွမ် မြို့အား သိမ်းယူနိုင်ခဲ့သည်။ ဖားကန့်၊ မြစ်ကြီးနား နှင့် ဗန်းမော် အကြား လမ်းများကိုလည်း ဖြတ်တောက်နိုင်ခဲ့သည်။

 

ကေအိုင်အေ သည် ထိုးစစ်ကြီး စတင်ပြီး ဆယ်ရက် အတွင်း စစ်ကောင်စီ၏ ဌာနချုပ် တခု အပါအဝင် စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်နီ အမျိုးသား ကာကွယ်‌ရေး တပ်ဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား တပ်ဦး၊ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များလည်း ကချင် ထိုးစစ်တွင် ပါဝင်ခဲ့ကြသည်။ ရက္ခိုင်တပ်တော်သည် အပစ်ရပ်စာချုပ် ကင်းလွတ်ရာ ဒေသများ ရှိ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လာခဲ့သည်။

 

ရှမ်းပြည် တောင်ပိုင်း

 

ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့သည် စစ်အာဏာရှင်များ နှင့် အပစ်အခတ် ရပ်စဲရေး သဘောတုညီချက် လက်မှတ်ရေးထိုး ထားသော်လည်း ဇန်နဝါရီ လကုန် ပိုင်း လောက်တွင် ၎င်းတို့အား တိုက်ခိုက်သွားမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်၊ တချိန်တည်းလိုလိုပင် ဆီဆိုင် မြို့ကို သိမ်းပိုက်ခဲ့ပြီး ရှမ်းပြည် တောင်ပိုင်း တွင် စစ်မျက်နှာသစ် ဖွင့် လှစ်နိုင်ခဲ့သည်။

 

စစ်ကောင်စီ သည် နိုင်ငံတဝှမ်းတွင် စစ်ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ၊ စစ်စခန်း များ စုစုပေါင်း ၅,၂၈၀ ရှိခဲ့သော်လည်း ယခုအခါ တဝက်နီးပါး ဖြစ်သည့် စစ်စခန်းပေါင်း ၂,၅၀၀ ခန့်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။ ထိုအထဲတွင် ၁,၀၀၀ ခန့်သည် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းယူ နိုင်ခဲ့ခြင်း ဖြစ်ပြီး ကျန်စခန်းများ သည် ခုခံခြင်း မရှိပဲ လက်လွတ် ဆုတ်ခွာ သွားခဲ့ကြခြင်း ဖြစ်သည်။

 

တော်လှန်ရေး တပ်ပေါင်းစုများ၏ “တလှိုင်းပြီး တလှိုင်း” လာမည်ဟု ကြွေးကျော်ခဲ့သည်များက အကောင်အထည် ပေါ်လာနေပြီ ဖြစ်သည်။ တကြိမ်က တိုက်တိုင်းအောင် ဟု စစ်တပ်၏ ကြွားလုံး ဝါလုံးများသည် အသံသာ ရှိပြီး အဆံမပါသည့် သင်္ကြန် အမြှောက် ပမာ ဖြစ်သွားခဲ့ရရှာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - RFA / Irrawaddy