အာဖရိက၏ ခေတ်သစ် သမိုင်းတွင် အရေးပါဆုံး နှင့် လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းလှသည့် ဖြစ်စဉ်ကြီး တခုသည်ကား တောင်အာဖရိက၏ အတ္တုပတ္တိ ပင် ဖြစ်သည်။ အဆိုပါ ဒေသအား ပထမဦးစွာ ဒပ်ခ်ျ တို့က သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဗြိတိသျှ ကိုလိုနီ ဖြစ်လာခဲ့သည်။ ထိုကာလများ အတွင်း ဌာနေ တောင်အာဖရိက ရှိ တိုင်းရင်းသားများ နှင့် ကိုလိုနီ သမားများ အကြား လက်နက်ကိုင် ပဋိပက္ခများ ကြိမ်ဖန် များစွာ ဖြစ်ပွားခဲ့သည်။
နောက်ဆုံးစစ်ပွဲကြီးကား ဒုတိယ အကြိမ် မြောက် ဘိုဝါး စစ်ပွဲကြီးပင် ဖြစ်သည်။ ထိုစစ်ပွဲသည် ဗြိတိသျှ တို့ နှင့် ကနဦး ရောက်ရှိနေသော ဒပ်ခ်ျ အခြေချ နေထိုင်သူ များ အကြား ဖြစ်ပွားသော စစ်ပွဲကြီး ဖြစ်ပြီး ၁၉၀၂ ခုနှစ်တွင် အဆုံးသတ် သွားခဲ့သည်။
ထိုစစ်ပွဲကြီးတွင် ဗြိတိသျှ တို့ အနိုင်ရရှိသွားခဲ့သော် လည်း အဆမတန် အရင်းအနှီး ပေးဆပ်ခဲ့ရသော အောင်ပွဲ ဖြစ်သွားခဲ့သည်။ ထိုစစ်ပွဲကြီး အပြီး ရာစု နှစ် တခု အတွင်း ခေတ်သစ် ဘိုဝါးများ သို့မဟုတ် အာဖရိကန်နာ များသည် တဖြေးဖြေး နှင့် အသာစီး ရလာခဲ့ကြသည်။
ယခု တောင်အာဖရိက ဟု ခေါ်သော နိုင်ငံသည် ၁၉၁၀ တွင် ဗြိတိသျှ အင်ပိုင်ယာ အတွင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံ ဖြစ်လာခဲ့သည်။ နောက်ပိုင်း နှစ်ပေါင်း လေးဆယ်အကြာ ၁၉၄၈ တွင် နေရှင်နယ် ပါတီသည် အာဏာရရှိလာခဲ့ပြီး ယခင် ရှိနှင့်ပြီးသား လူမျိုးရေး ခွဲခြား ဆက်ဆံမှုကို တရားဝင် မူဝါဒ အဖြစ် ကျင့်သုံးလာခဲ့သည်။ ယင်းအား ခွဲခြား ဆက်ဆံမှု သို့မဟုတ် အပါသိုက် ဟု ခေါ်ဝေါ်ခဲ့ကြသည်။
အပါသိုက် စနစ် အရ နိုင်ငံသားများအား လူဖြူများ၊ အသားအရောင်ရှိသူများ၊ လူမည်းများဟူ၍ ခွဲခြား သတ်မှတ်ခဲ့ကြသည်။ လူဖြူ လူနည်းစုများသည် လူများစု ဖြစ်သော လူမည်းများ အပေါ် အုပ်ချုပ်လာခဲ့ပြီး ၎င်းတို့ ကျင့်သုံးသော ခွဲခြား ဆက်ဆံမှု များ ကြောင့် လူမည်းများသည် စီးပွားရေး၊ လူမှုရေး နှင့် နိုင်ငံရေး နယ်ပယ်များ တွင် အဖက်ဖက်မှ နိမ့်ကျလာခဲ့ရသည်။
ထိုသို့ ရိုင်းစိုင်း ကြမ်းကြုပ်စွာ ဖိနှိပ်ဆက်ဆံခဲ့မှု ကြောင့် တုန့်ပြန်မှု နှစ်မျိုး နှစ်စား ထွက်ပေါ်လာခဲ့သည်။ ပထမ တမျိုးသည် အဆိုပါ စနစ်ဆိုး ကြီးအား အပြီးအပိုင် ရှင်းလင်း ဖျက်သိမ်းရန် နိုင်ငံရေး နှင့် စစ်ရေး လှုပ်ရှားမှု ကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ယင်း လှုပ်ရှားမှု အား နယ်ဆင် မင်ဒဲလား ဦးဆောင်သည့် အာဖရိက အမျိုးသား ကွန်ဂရက် African National Congress (ANC) က စတင်လာခဲ့သည်။
ဒုတိယ တမျိုးသည်ကား နိုင်ငံတကာ မှ နောက်ဆုံး မနေသာတော့ပဲ တောင်အာဖရိက လူဖြူ အစိုးရအား စီးပွားရေး နှင့် နိုင်ငံရေးအရ အရေးယူ ဒဏ်ခတ်ခဲ့ပြီး ကမ္ဘာအသိုက်အဝန်း မှ ဖယ်ကျဉ် ပစ်ခဲ့ကြခြင်းပင် ဖြစ်သည်။
၁၉၆၁ တွင် တောင်အာဖရိကတွင် လူထု ဆန္ဒခံယူပွဲ ကျင်းပပြီး အင်္ဂလန် ဘုရင်မကြီးအား နိုင်ငံ ဥလျှောင်အဖြစ် ထားရှိသည့် ဒိုမီနီယံ အဆင့် အုပ်ချုပ်ရေး ကို ဖျက်သိမ်းပြီး သမ္မတ နိုင်ငံ အဖြစ် ထူထောင်ခဲ့ကြသည်။ ထိုနှစ်မှာပင် အဖွဲ့ဝင် နိုင်ငံများ၏ ငြူစူလာမှု ကြောင့် ဓနသဟာရ အဖွဲ့ကြီးမှ နှုတ်ထွက်ခဲ့သည်။
၁၉၉၀ ကျော် နှစ်များ အရောက်တွင် ပြဿာနာ သည် အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး လူမည်း အဓိကရုဏ်းများ နှင့် အတူ စီးပွားရေး ကျဆင်းလာခဲ့သည်။ အထူးသဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့ ဒဏ်ခတ် ခံနေရခြင်းသည်လည်း တစိတ်တပိုင်း အားဖြင့် ပါဝင်ခဲ့သည်။
ပြောင်းလဲချိန် တန်လာသည့် အခါတွင်တော့ အပြောင်းအလဲများက အလျင်အမြန် ပင် ဖြစ်လာခဲ့သည်။ ယခင် အတိတ်က ဖြစ်ပျက်ခဲ့သည်များကို ကြည့်၍ အများက အကြမ်းဖက်မှု များ မှ တဆင့် အသွင် ကူးပြောင်းလာမည်ဟု ခန့်မှန်းထားခဲ့ကြသည်။
ထိုသို့ ခန့်မှန်းနေမှု များကို ချီးကြူးဖွယ် ကောင်းလောက်အောင် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင် နိုင်ခဲ့ကြသည့် ခေါင်း ဆောင် နှစ်ဦးကြောင့် ရှောင်ရှား နိုင်ခဲ့ကြသည်။ ထိုခေါင်းဆောင် နှစ်ဦးသည် အပါသိုက် စနစ်ကို တက်တက်ကြွကြွ လှုပ်ရှား ဆန့်ကျင်လာခဲ့သည့် နယ်ဆင် မင်ဒဲလား နှင့် နောက်တဦးသည် အာဖရိကန်နာ တို့ လွှမ်းမိုးထားသည့် နိုင်ငံရေး စနစ်၏ နောက်ဆုံး သမ္မတ ဖြစ်လာသည့် အက်ဖ် ဒဗလူ ဒီ ကလပ် ဆိုသူပင် ဖြစ်သည်။
နယ်ဆင် မင်ဒဲလားသည် နိုင်ငံရေး အကျဉ်းသား ဘဝ ဖြင့် နှစ်ဆယ့် ခုနှစ်နှစ် ကြာ နေခဲ့ရပြီး ထိုနှစ်များထဲမှ ဆယ်ရှစ်နှစ် သည် ကိပ်တောင်း မြို့အနီးရှိ ရိုဘင် ကျွန်း ကျောက်မိုင်းတွင် ကျောက်များ ထုခွဲရသည့် အလုပ်ကြမ်း ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်။
အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်တွင် မင်ဒဲလား သည် လက်စားချေ ရန် မကြိုးစားပဲ အမျိုးသား ရင်ကြားစေ့ရေး ကို အပတ်တကုတ် ကြိုးပမ်းလာခဲ့သည်။ သမ္မတ ဒီ ကလပ်သည်လည်း လူများစု အုပ်ချုပ်ပိုင်ခွင့် သို့ ပြောင်းလဲပေးရေးသည် ရှောင်လွှဲ၍ မရ ဆိုသည်ကို နားလည်လာခဲ့သည်။
၎င်း အဖို့ စိုးရိမ် မကင်း ဖြစ်လာရသည်က ထိုသို့သော အပြောင်းအလဲ ဖြစ်လာပါက နောက်ပိုင်း မည်သို့ မည်ပုံ ဖြစ်လာမည်နည်း ဆိုသည်နှင့် အေးအေးချမ်းချမ်း ဖြစ်မည်လော၊ သို့တည်းမဟုတ် အကြမ်းဖက်မှု များ ဖြစ်ပေါ်လာနိုင်သည်လား ဆိုသည်ကို တွက်ဆလာခဲ့ရသည်။
ထိုအရေး အတွက် မင်ဒဲလား နှင့် ဒီ ကလပ် တို့ တဦး တယောက်ကောင်း လုပ်၍ မရနိုင်၊ ရုန်းကန် တိုက်ပွဲ ဝင်နေသည့် ခေါင်းဆောင်နှင့် အလျော့အတင်း လုပ်၍ လိုလိုလားလား လိုက်လျောရန် အသင့် ရှိနေသည့် အာဏာလက်ရှိ ခေါင်းဆောင် တို့ နှစ်ဦး အကြား သံခင်းတမန်ခင်း ဖြင့် အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် နိုင်ခဲ့ခြင်းသည် အောင်မြင်ဖို့ အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။
ထိုသို့သော ခေါင်းဆောင် နှစ်ဦးကို ရရှိခဲ့သည့် တောင်အာဖရိက သည် လွန်စွာမှ ကံကောင်းလှသည်ဟု ဆိုရမည် ဖြစ်သည်။
အဆုံးတွင်တော့ အပြောင်းအလဲသည် အကြမ်းဖက်မှု ကြီးများ ရှည်ကြာစွာ ဖြစ်ပွား ခဲ့ခြင်း မရှိပဲ ပေါ်ထွက်လာခဲ့သည်။
မင်ဒဲလားသည် အပါသိုက် စနစ် ဖျက်သိမ်းပြီး အာဖရိက ၏ ပထမဆုံးသော သမ္မတ ဖြစ်လာခဲ့သည်။ သိုသော် ထိုသို့ ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများသည် အနာဂတ် တွင် အောင်မြင်မှုများ ဖြစ်ပေါ်ဖို့ အာမခံနိုင်ခဲ့ခြင်း မရှိ ဆိုသည်ကို ဆက်လက် တင်ပြသွားပါမည်။