လူထု ခေါင်းဆောင် ၏ နေအိမ် လေလံတင်ပွဲ မည်သူမျှ ရောက်မလာ

by Hla Soewai - Mar 24 2024

မတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတော် အတိုင်ပင်ခံ ၏ တက္ကသိုလ် ရိပ်သာ လမ်း ခြံအမှတ် (၅၄) လေလံတင်ပွဲ သို့ ခွေးတကောင် ကြောင်တမြီးမျှ ပင် ရောက်ရှိလာခြင်း မရှိပဲ ပြီဆုံးသွားခဲ့ပြီ ဖြစ်သည်။

 

 အကျယ်အဝန်း အားဖြင့် ၁.၉၂၃ ဧက ရှိသော ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ယာ အား ကြမ်းခင်းဈေး အား ကျပ်ငွေ ၃၉၀ ဘီလီယံ (ဒေါ်လာ သန်း ၉၀) ဖြင့် သတ်မှတ်ပြီး လေလံဆွဲ ရောင်းချရန် ဗဟို တရားရုံးချုပ် ဆိုသည့် အဖွဲ့အစည်းမှ သူမ၏ သဘောတူညီချက် တစုံတရာ မပါပဲ ဇန်နဝါရီ လ အတွင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 အကို ဖြစ်သူ အောင်ဆန်းဦး မှ ထိုအိမ်အား သူလည်း ပိုင်ဆိုင်ခွင့် ရှိကြောင်း ၂၀၀၀ ခုနှစ်တွင် စတင် တရားစွဲဆို လာခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ တွင် အဆိုပါ အိမ်ယာ အား ညီတူမျှတူ ပိုင်းခြား ယူရန် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

 သို့သော်လည်း အောင်ဆန်းဦး မှ လေလံတင် ရောင်းပြီး သူ့အား ခွဲပေးရန် အကြိမ်ကြိမ် အယူခံ ဝင်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့၊ အာဏာသိမ်းပြီး နောက်တွင်မှ သူ၏ ဆန္ဒကို ယခုလို လိုက်လျော ပေးခဲ့ခြင်း ဖြစ်သည်။

 

 ထိုကိစ္စ အပေါ် ဆွေးနွေးရန် ရှေ့နေ များက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထား ရယူရန် အကြိမ်ကြိမ် တောင်းဆိုခဲ့မှု အားလည်း စစ်ကောင်စီက ပယ်ချပစ်ခဲ့သည်။

 

 လေလံတင်ပွဲ စတင်မည့် ဗုဒ္ဓဟူးနေ့ နံနက် ဆယ်နာရီ တွင် ခြံဝင်း တံခါး ရှေ့တွင် တာဝန်ယူ ဆောင်ရွက်ရမည့် ကမာရွတ် တရားရုံးမှ တာဝန်ရှိသူများ လာရောက် စောင့်ဆိုင်းနေကြသည်၊ လေလံဆွဲ ရန် ထုံးစံရှိသည့် အတိုင်း ခေါင်းလာင်း သုံးကြိမ်တိုင် တီး၍ ခေါ်သော်လည်း တဦးတလေမျှ ရှေ့ထွက်မလာ၍ လေလံ ပွဲ ကို နောက်ဆုံးတွင် ဖျက်သိမ်းလိုက်ရသည်။ သတင်းမီဒီယာများ၊ တာဝန်ရှိသူများ နှင့် အရပ်ဝတ် ရဲ များ သာ ရှိနေကြသည်ဟု သိရသည်။

 

 လေလံပွဲ ကို နောက်တကြိမ် မည်သည့် အချိန်တွင် ထပ်လုပ်မည် ဆိုသည်ကိုကား မသိရသေးဟု သတင်းက ဆိုသည်။

 

 လူထု၏ ယုံကြည်အားကိုးခြင်း အပြည့်အဝ ရရှိထားသော နိုင်ငံ ခေါင်းဆောင်တဦး အား လက်နက်ပြ ဖမ်းဆီး အကျဉ်းချ ထားပြီး သူမအားလည်း နေစရာ မရှိသည့် အဖြစ် ရောက်အောင် လုပ်ခဲ့သည့် မတရားမှု ကြီးအား မည်သူမျှ ထောက်ခံရန် ဆုံးဖြတ် ခဲ့ခြင်း မရှိသည်ကို ထုတ်ဖေါ် ပြသလိုက်ခြင်းလည်း ဖြစ်သည်။

 

 သားဖြစ်သူ ကိုထိန်လင်း မှ စစ်ကောင်စီ ၏ လုပ်ရပ်သည် ခိုးမှု ကျူးလွန် လိုက်ခြင်းသာ ဖြစ်ပြီး လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အရေး တိုက်ပွဲဝင်နေသူများ အား ထိုးနှက်လိုက်ခြင်းသာ ဖြစ်သည်ဟု လန်ဒန် ထုတ် အင်ဒီပင်းဒင့် သတင်းစာကြီး နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောဆိုလိုက်သည်။

 

 ထို အိမ်ကြီး အား အနာဂတ် တွင် အဖွားဖြစ်သူ ဒေါ်ခင်ကြည် အမည်ဖြင့် အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်သွားမည့် ဖေါင်ဒေးရှင်း ရုံးချုပ် အဖြစ် အသုံးပြုရန် မိခင် ဖြစ်သူမှ ရည်ရွယ်ထားပြီး ဖြစ်သည်ဟု လည်း ကိုထိန်လင်းက ပြောသွားခဲ့ပြန်သည်။

 

 အမျိုးသား ညီညွတ်‌ရေး အစိုးရ မှ အဆိုပါ အိမ်တော်အား တိုင်းပြည်၏ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ၂၀၂၂ စက်တင်ဘာလ တွင် သတ်မှတ် ကြေညာလိုက်ပြီး ရောင်းချခြင်းဦ၊ ဖျက်ဆီးခြင်း ပြုလုပ်ပါက ဥပဒေ အတိုင်း အရေးယူခြင်း ခံရမည်ဟု သတိပေးခဲ့ပြီး ဖြစ်သည်။

 

 နိုင်ငံတော် အတိုင်ပင် ခံ ၏ အိမ်သည် လူတဦး တယောက်မျှ မနေသဖြင့် ခြုံနွယ် ပိတ်ပေါင်းများ နှင့် လွှမ်းခြုံနေသော်လည်း သူမ၏ ကြီးမားလှသော အရှိန်အဝါကြောင့် စစ်တပ်သည် ယခုတိုင် သိမ်းပိုက် နိုင်စွမ်း မရှိ ဖြစ်နေရဆဲပင်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!