အာဏာသိမ်း အဖွဲ့ သို့မဟုတ် ပြည်သူတို့အား အမြဲတစေ ခြိမ်းခြောက်နေမည့် အန္တရာယ်ကြီး

by Hla Soewai - Mar 24 2024

အာဏာသိမ်း အဖွဲ့သည် မြန်မာ လူထု အား ၎င်းတို့ တည်ရှိနေသရွေ့ ခြိမ်းခြောက်နေမည့် အန္တရာယ်ကြီး “existential threat” ဟု ကုလ လူ့အခွင့်အရေး သံတမန် တွန် အင်ဒရူးက ဂျနီဗာ တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီး မြန်မာ ပြည်သူ တို့ အတွက် အိမ်မက် ဆိုး ကြီးလို ဖြစ်လာနေသော အဆိုပါ အန္တရာယ်ကြီး အား နိုင်ငံတကာ အနေဖြင့် ညီညီညွတ်ညွတ် ပိတ်ဆို့ ဒဏ်ခတ်မှသာ အဆုံးသတ် သွားနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

 

 စစ်ကောင်စီသည်သာ မြန်မာပြည်တွင်း တည်ငြိမ် အေးချမ်းမှု ကို ဆောင်ကျဉ်း ပေးနိုင်မည့် တခုတည်း သော အဖွဲ့အစည်း ဖြစ်သည်ဟု လောင်းကြေး ထပ်ထားသူများ ရှုံးသွားရသည့် ပွဲလည်း ဖြစ်သည် ဟု တွန် အင်ဒရူးက ပြောခဲ့ပြန်သည်။

 

ယခုအခါ စင်္ကာပူသည် လက်နက် ထုတ်လုပ်တပ်ဆင်ရာတွင် သုံး၍ ရမည့် ပစ္စည်းများ ရောင်းချမှု မျိုးကို တားဆီး လာသည့်အတွက် ယခင်ကထက် ၈၃ ရာနှုန်း ကျဆင်းသွားခဲ့ပြီ ဖြစ်၍ လွန်စွာ အားရမိကြောင်း ထုတ်ဖေါ် ချီးကြူးသွားခဲ့သည်။

 

“စစ်ကောင်စီသည် အမှောင်ထဲတွင်သာ ထိုးထွက် ရှင်သန် တတ်သည့် မှို လို မျိုး” ဟု လည်း နှိုင်းယှဉ် ပြောဆိုသွားသည်။

 

အင်ဒရူးသည် ယခုအခါ စစ်ကောင်စီ နှင့် ကမ္ဘာနိုင်ငံများ အကြား ဘဏ္ဍာရေး အရ ဆက်နွယ် ပတ်သက်နေမှု များကို စုံစမ်း စစ်ဆေးနေပြီး ယခု နှစ် အကုန်ပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိနေသည်။

 

စစ်ကောင်စီ နှင့် မဆက်သွယ်၍ မဖြစ်ဟု ယူဆနေသူများ အနေဖြင့် အနည်းဆုံး ၎င်းတို့ ကျုးလွန်နေသော သတ်ဖြတ်မှု များကို ရပ်ဆိုင်းပစ်မှ ရမည်ဟု တောင်းဆိုရမည် ဖြစ်သည်ဟု ပြောသွားခဲ့သည်။

 

စစ်တပ်၏ ထိန်းချုပ် နယ်မြေများသည် နိုင်ငံအလယ်ပိုင်း နှင့် အောက်ပိုင်းတကြောသာ ရှိတော့၍ ကာကွယ်‌ရေး နှင့် နိုင်ငံ လုံခြုံရေး အတွက် အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ စီးပွားရေး အား အထောက်အကူ ပြုနေသည့် တိုင်းပြည်၏ သယံဇာတ ပစ္စည်းများ ထွက်ရှိရာ ဒေသများ၊ နယ်ခြား ဂိတ်များ နှင့် စီမံကိန်း များသည်လည်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ လက်ဝယ် ကျရောက်နေပြီ ဖြစ်သည်။

 

မြန်မာ နိုင်ငံအရေး အား တာဝန်ယူ ဖြေရှင်းရန် တကမ္ဘာလုံး က လွှဲချထားခြင်း ခံရသော အာဆီယံသည် လည်း ၎င်းတို့အပေါ် ကတိမတည် လိမ်ညာလှည့်ဖျားခဲ့သည့် မင်းအောင်လှိုင် နှင့် နိုင်ငံခြားရေး ဝန်ကြီး အဆင့် ရှိသူအား ထိပ်သီး ဆွေးနွေးပွဲများသို့ မတက်ခိုင်းသည်မှအပ ပုံမှန် အတိုင်း ဆက်ဆံနေပြီး ယခုထိ အချက် ငါးချက် ဆိုသည်အား ဘုရားဟော နိပတ်အလား တတွတ်တွတ် ရွတ်လာခဲ့သည်မှအပ မည်သို့မျှ ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြခြင်း မရှိပေ။

 

နာမည်ကောင်း လိုချင်၍ တကိုယ်တော် ကြိုးပမ်းခဲ့သော ဟွန်ဆန် လို လူမျိုး များ ကြို့ကြားကြို့ကြား ထွက်လာခဲ့သည်မျိုးတော့ ရှိသည်၊ ယခုအခါ ထိုင်း ပါလီမန်မှ အချက် လေးချက် ဆိုကာ အဆို တင်သွင်းလာပြန်သည်။

 

သို့သော် စစ်တပ်ကို ဦးဆောင် တွန်းလှန်နေသည့် မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အားလုံးက ယခုလို အခြေအနေအထိ ရောက် အောင် အသက်သွေးချွေးများ ရင်းလာပြီးမှ စစ်တပ်အား နိုင်ငံရေး တွင် ပြန်ပါဝင်လာမည့် အရေးကို မည်သို့မျှ လက်မခံတော့သည့်အပြင် အနာဂတ်တွင် ငြိမ်းချမ်းသာယာ ဝပြောလာနိုင်သည့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် သစ် ကို တည်ဆောက်သွားကြရန် သံန္နိဋ္ဌာန် ချထားကြပြီးလည်း ဖြစ်သည်။

 

ထိုရည်မှန်းချက် ကို အကောင်အထည် ဖေါ်ရန် အကူအညီ ပေးလာမှု မျိုးကိုသာ လက်ခံစဉ်းစားဖို့ ရှိပြီး ဖျက်လိုဖျက်ဆီး လုပ်လာမည့် အကြံအစည်မျိုးကို ဆန့်ကျင်သွားကြတော့မည်သာ ဖြစ်သည်။

 

ဤသည်ကို မြန်မာ အရေးအား ဖြေရှင်းပေးလိုသူ မှန်သမျှ ကျားသေကို အသက်သွင်းမည့် လုပ်ရပ်မှန်သမျှ လူထုက လက်မခံ ဆိုသည်ကို ခေါင်းထဲ ထည့်ထားရမည့် အဓိက အချက်ပင် ဖြစ်သည်။

 

ယခု အပတ်ထုတ် အီကော်နောမစ် မဂ္ဂဇင်းကြီးမှ စစ်တပ်၏ နိုင်ငံကို ထိန်းချုပ်ထားနိုင်မှု လျော့ရဲလာခြင်းကပင် ၎င်းတို့ ၏ ဖိနှိပ် ထုထောင်းခံနေရသည့် မြန်မာ ပြည်သူ များ နှင့် ဒီမိုကရေစီ အရေး အတွက် အခွင့်အလန်းများ တိုးပွားလာနေပြီ ဟု ‌ရေးသားထားသည်။ တိုင်းရင်းသား လက်နက်ကိုင် များ နှင့် ဒီမိုကရေစီ အင်အားစုများ အကြား ယခင်ကထက် ပို၍ စည်းလုံးညီညွတ်ပြီး ကျောချင်းကပ် လာနေခြင်းကပင် စစ်တပ် အဖို့ နောက်ထပ် အရှက်တကွဲ အကျိုးနည်း ဖို့ ဖြစ်လာရသည်ဟု ရေးသားထားသည်။

 

သို့ သော် နိုင်ငံတွင်း မကြာမီက ဖြစ်ပျက် ပြောင်းလဲလာမှုများကို တရုတ်မှ လွဲ၍ အခြား နိုင်ငံများက တုံဏှိဘာဝေ လုပ်နေမှု သည် စိုးရိမ်စရာ ကောင်းလာရသည်ဟု ဆိုသည်၊ မြန်မာ အပေါ် တရုတ်က လွှမ်းမိုးလာမည့် အရေးသည် မည်သည့် နိုင်ငံ အတွက်မှ အကျိုး ဖြစ်ထွန်းလာစရာ မရှိသည်ကို သတိချပ်သင့်သည်ဟု ဆိုသည်။

 

ထိုသို့ တော်လှန်ရေး အုပ်စုများ အကြား ကျောချင်းကပ် ရင်ခြင်းကပ် ဖြစ်လာနေချိန် တွင် ပြည်ပ မှ သင်လျော်သလို အကူအညီများ ပေးလာမည်ဆိုက ၎င်းတို့ အဖို့ အနာဂတ် မြန်မာ နိုင်ငံတော် အတွက် အုတ်မြစ်ချလာနိုင်တော့မည် ဖြစ်၍ အာဆီယံ နှင့် အနောက်နိုင်ငံများ အနေဖြင့် စစ်ကောင်စီ အလွန် နိုင်ငံအား မည်သို့ မည်ပုံ အုပ်ချုပ်သွားကြမည် ဆိုသည်ကို တော်လှန်ရေး အင်အားစုများ အကြား ဆွေးနွေးပွဲများ ဖြစ်လာအောင် အချိန် မဖြုန်းဘဲ တွန်းတွန်းတိုက်တိုက် လုပ်သင့်ပြီ ဖြစ်သည်ဟု အကြံပြုထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!