အမေရိကန် ဟုမ်းလန်း ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်

by Hla Soewai - Mar 24 2024

အမေရိကန် ဟုမ်းလန်း ဝန်ကြီးဌာနမှ မတ်လ ၂၂ ရက် နေ့စွဲ ဖြင့် မြန်မာ နိုင်ငံသားများ အား “ယာယီ အစောင့်ရှောက်ခံ” အဆင့်အတန်း” Temporary Protected Status (TPS) အဖြစ် ၁၈ လ ပေးထားမှု သည် ကုန်ဆုံးတော့မည် ဖြစ်၍ လာမည် မေလ ၂၆ ရက် မှ ၂၀၂၅ နိုဝင်ဘာ အထိ သက်တမ်း တိုးမြှင့် ပေးလိုက်ကြောင်း ဝန်ကြီး အဲလက်ဟန်ဒရို မာရိုကာ မှ ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသော အခြေအနေများအရ ၎င်းတို့ အနေဖြင့် လုံခြုံစိတ်ချစွာ ပြန်နိုင်ခြင်း မရှိတော့၍ ဟုလည်း ပါရှိသည်။

 

လာရောက် ပညာသင်ကြားနေသော F-1 Nonimmigrant မြန်မာ ကျောင်းသားများ အတွက်လည်း ပညာ သင်ကြားချိန် လျော့ပြီး အလုပ်လုပ်နိုင်ခွင့် လျှောက်ထား နိုင်သည်ဟု ဆိုသည်။

 

လောလောဆယ် တွင် TPS အဆင့်အတန်း ရရှိထားသူ မြန်မာ ၂,၃၀၀ ရှိနေသည်ဟု သိရသည်။

 

ပြည်တွင်း ရှိ လူငယ် များ အဖို့ ကတော့ ကြမ္မာ ဆိုး နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

စစ်တပ်သည် နှစ်ပေါင်း ၆၀ ကျော် ကြာအောင် ပြည်တွင်း စစ်ကြီး ကို လိုလိုလားလား ဆင်နွှဲနေခဲ့သော်လည်း တခါဖူးမျှ စစ်မှု ထမ်း ဥပဒေကို အသုံးပြုခဲ့ခြင်း မရှိ၊ ၎င်းတို့ ဝါဒ ဖြန့်နေသလို တိုင်းပြည်ကို ကာကွယ်ချင်စိတ် ဝင်ရောက်လာသူ လွန်စွာ နည်းပါးပြီး ဂုဏ်ရှိ၍၊ အာဏာပြ လို့ ရ၍၊ သို့မဟုတ်ကလည်း သတ်ခြင် ဖြတ်ခြင်စိတ် နှင့် ရက်ရက်စက်စက် လုပ်ရသည်ကို မွေ့လျော်၍ အစရှိသည့် အကြောင်း အမျိုးမျိုး နှင့် လိုလိုလားလား ဝင်ရောက်လာကြသူများ ရှိနေ၍ ဖြစ်သည်။ 

 

ထိုသို့သော လူများက ယခုတိုင် စစ်တပ် ထဲတွင် ရှိနေကြသည်ကို သိထားဖို့ လိုပေသည် ဟု မြန်မာအရေး ကျွမ်းကျင်သူ ‌ဒေးဗစ် စကော့ မေသီဆန် မှ Asia Times ၏ ဆောင်းပါး တပုဒ်တွင် ထောက်ပြသွားခဲ့သည်။

 

ဗိုလ်ချုပ် ဂွမ်မော်မှလည်း ရွေးချယ်ရတော့မည့် အချိန် ရောက်ပြီဟု ၎င်း၏ လူမှု ကွန်ယက် တွင် ရေးသားလာခဲ့သည်။

 

ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ တွင် စစ်တပ်ဖက်မှ အကျအဆုံး များစွာ ရှိခဲ့ဖူးသော်လည်း ထိုဥပဒေကို သုံးရလောက်သည်အထိ အခြေအနေ မဆိုးခဲ့၊ ယခင် တခါမှ မကြုံခဲ့ဖူးသည့် လက်နက်ချသူများ၊ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး ဝင်ရောက်သွားသူများ ရှိလာခဲ့သည် အထိ ဖြစ်လာခဲ့သည်ဟု ထောက်ပြသွားခဲ့သည်။

 

မတ်လ ၂၁ ရက်နေ့တွင် မြဝတီ-မဲဆောက် နယ်ခြား ကို ဖြတ်၍ ထိုင်း ဖက်သို့ စစ်ကောင်စီ တပ်သား ၂၅ ဦး ထပ်မံ ထွက်ပြေး သွားခဲ့ပြန်သည်။ ၎င်းတို့အား ထိုင်း လူဝင်မှု ကြီးကြပ်ရေး မှ ရက်အနည်းငယ်အတွင်း ပြန်ပို့မည်ဟု သိရသည်။ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးလာသည်မှာ နှစ်ကြိမ် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

စစ်မှုထမ်းရန် ဆင့်ခေါ်သည့် ဥပဒေ ထုတ်ပြန်ခဲ့ချိန်တွင်တော့ တနိုင်ငံလုံး မှ ဝင် ပါဖို့ နေနေသာ သာ ၎င်းတို့နှင့် ပတ်သက်ရမည်ကိုပင် လွန်စွာ ရွံ့မုန်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ စစ်တပ်အဖို့က ထောက်ခံသူများ တဖြေးဖြေး လျော့နည်း လိုက်လာနေချိန်တွင် ကျန်ရှိနေဆဲ ဖြစ်သော လက်ဝေခံ များ စားပေါက်လည်း ဖြစ်အောင် လူသစ်များလည်း ရနိုင်အောင် တချက်ခုတ် နှစ်ချက်ပြတ် စီမံခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခု ပြဋ္ဌာန်းလာသော စစ်မှု ထမ်း ဥပဒေသည် ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှုး များ အတွက် ရွှေတွင်း ကြီး တူးဖေါ်ရရှိသလို အဆင့် ဖြစ်လာပြီဟု ဧရာဝတီ က ဆိုသည်။

 

ဧပြီ နှစ်သစ်ကူး အပြီး စတင် မည့် သင်တန်း အတွက် ပါဝင်ရမည့် လူများကို ရွေးချယ်ပြီး ဆွေးနွေးရန် ဆိုကာ ဆင့်ခေါ်စာများ နိုင်ငံအနှံ့ သက်ဆိုင်ရာများ မှတဆင့် ပေးပို့လာခဲ့ပြီ ဖြစ်သည်။ ယင်းနှင့်အတူ နိုင်ငံ တွင် ဦးနှောက် ယိုစီးမှုများ၊ အကြမ်းဖက်မှုများ တိုးပွားလာတော့မည်ဟု စိုးရိမ်မကင်း ဖြစ်လာကြသည်ဟု စင်္ကာပူ Channel NewsAsia တွင် ရေးသားလာခဲ့သည်။

 

ဆင့်ခေါ်စာ ရသည့် လူငယ်များ အဖို့ ၎င်းတို့ ရင်ဆိုင်ရမည့် ကံကြမ္မာ ကို သိထားကြပြီး ဖြစ်၍ ကိုယ့်ကိုကိုယ် အနစ်နာခံ မည်လော၊ လွတ်ရာ ကျွတ်ရာ ထွက်ပြေးမည်လော ဆိုသည့် လမ်း နှစ်လမ်း သာ ရွေးချယ်ရန် ကျန်တော့သည်ဟု တွက်ဆလာကြပြီ ဖြစ်သည်။ အချို့ကလည်း ပြည်ပ တွင် တောင်းပဲစားရ စားရ ဟု ပင် ပြောလာကြသည်။

 

အိမ်နီးချင်း နိုင်ငံများ အဖို့လည်း တရားမဝင် နည်းလမ်းများဖြင့် ဝင်ရောက်လာကြမည့် အရေး အတွက် စိုးရိမ် ပူပန်လာကြပြီ ဖြစ်သည်။

 

ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!