ဘယ်လိုပဲ ကြည့်ကြည့် အခြေအနေ မကောင်းတော့

by Hla Soewai - Mar 24 2024

အထက်ပါ အတိုင်း သုံးသပ်လိုက်သူသည် လုံခြုံရေး ဆိုင်ရာ အကြံပေး ရော့စ် မီလော့စီဗစ် ဖြစ်သည်။ 

 

ရှေ့တန်း မှ ကြားရသော သတင်းများအရ နိုင်ငံ မြောက်ခြမ်း၊ အရှေ့ခြမ်း နှင့် အနောက်ခြမ်း တွင် စစ်တပ်သည် နယ်မြေ အမြောက်အမြား လက်လွှတ် ဆုံးရှုံးကုန်ပြီး စစ်စခန်း များလည်း သိမ်းပိုက်ခံနေရ၍ တပ်များ ကို အတင်း ပြန်ဆုပ် နေကြရသည်ဟု ဆိုသည်။

 

ပြည်သူ့ကာကွယ်ရေး တပ်များက လည်း ကရင်နီ ပြည်နယ်၊ စစ်ကိုင်’၊ မန္တလေး နှင့် မကွေး ဒေသကြီးများ တွင် စစ်ကောင်စီ တပ်များ အား တိုက်ခိုက်ခဲ့ရာ စစ်သား ၄၃ ဦး သေဆုံးပြီး ၄၀ ခန့် ထိုင်း ဖက်သို့ ထွက်ပြေး ဝင်ရောက်သွားခဲ့ကြသည်။

 

ထိုကဲ့သို့သော သတင်းများသည် အရှေ နှင့် အနောက်ဖက် စစ်မျက်နှာ တွင် နေ့စဉ်လို နီးပါး ကြားနေရသည်ဟု လည်း ၎င်း၏ သုံးသပ်ချက်တွင် ပါရှိလာခဲ့သည်။

 

စစ်တပ်၏ အတင်းအကျပ် ဥပဒေ ပြဋ္ဌာန်းပြီး တပ်သားသစ်များ တက်သုတ်ရိုက် စုဆောင်းနေမှု များသည်လည်း ၎င်းတို့ကို ပြန်၍ ထိခိုက်လာမည့် လုပ်ရပ်သာ ဖြစ်ပြီး ဆင့်ခေါ်ခံရသူများသည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းသွားကြမည်သာ ဖြစ်သည်ဟု လည်း ဆိုသည်။

 

အဆိုပါ သတင်း နှင့် တဆက်တည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အထူး သံတမန် ဖြစ်သူ ရာရှတ် ဟူစိန်မှ ရာမာဒန် ဥပုဒ် လ အတွင်း ရိုဟင်ဂျာ ကလေးသူငယ်များ အပါအဝင် လူ နှစ်ဆယ်ခန့် သေဆုံးသွားခဲ့ရသည့် မင်းပြား မြို့နယ် အတွင်း ကျေးရွာတရွာ အား ပေါင် ၅၀၀ ဗုံး နှစ်လုံး ဖြင့် ကြဲချ တိုက်ခိုက်မှု အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်လာရကြောင်း ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

ကရင်နီ တိုင်းရင်းသား တော်လှန်ရေး ပူးပေါင်း တပ်များက ၁၁၁၁ စစ်ဆင်ရေး ကြီး စတင်ပြီး ချိန်မှစ၍ မယ်စုံ၊ ဒီမောဆိုး၊ ရွာသစ်၊ ရှားတော၊ မော်ချီး နှင့် မိုးမြဲ မြို့ ခြောက်မြို့ နှင့် စခန်းပေါင်း ၆၅ ခုအား ထိန်းချူပ်ထားနိုင်ပြီ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ကချင် လွတ်လပ်ရေး တပ်တော် နှင့် တပ်ပေါင်းစု မဟာမိတ်များက နှစ်ရက်အတွင်း ဝိုင်းမော် နှင့် မိုးမောက် မြို့နယ် များ ရှိ စစ်စခန်း ကိုးခု ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။ ကေအိုင်အေသည် ယခုအခါ ဗန်းမော် မြို့ ရှိ ဒကစ ၂၁ ကို တိုက်ခိုက်ရန် ပစ်မှတ် ထားလာပြီ ဖြစ်သည်။ 

 

ပုံတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်အား ကေအိုင်အေ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း နှင့် အတူ လိုင်ဇာ အနီးရှိ သိမ်းပိုက် ရရှိခဲ့သော ဘွမ်ရေဘွမ့် စခန်းကို မတ် ၂၀ ရက်က သွားရောက် စစ်ဆေးနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်၊ အဆိုပါ ဘွမ်ရေဘွမ့်စခန်း သည် စစ်ကောင်စီ၏ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီး ခံစစ်စခန်း ဖြစ်ပြီး မတ် ၁၅ ရက်မှာ KIA နဲ့ ပူးပေါင်း တော်လှန်ရေးဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်ဟု NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။ 

 

ထို့ပြင် မြေပြင် ရင်ဆိုင် တိုက်ပွဲ များ နှင့် ဟန်ချက် ညီညီ မြို့ပေါ် ပျောက်ကျား တပ်ဖွဲ့များက လည်း စစ်ကောင်စီ ပစ်မှတ်များကို တိုက်ခိုက်လျက် ရှိနေရာ ခေတ်သစ် သတင်းအရ ရန်ကုန်တိုင်း စစ်ဌာနချုပ် ရှိ ဂေါက်ကွင်း ထဲထိ ပျောက်ကျား တပ်ဖွဲ့ဝင်များက အသွင်ယူ ဝင်ရောက်နိုင်ခဲ့ပြီး ဂေါက်ရိုက် ရန် ရောက်ရှိလာသော စစ်အရာရှိ ကြီးများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှုးကြီး တဦး၊ အခြားအရာရှိ ၇ ဦး အပါအဝင် စုစုပေါင်း ၂၀ ဦး ခန့် သေဆုံးသွားသည်ဟု သိရသည်။

 

စစ်ကောင်စီ သည် ထိုသို့ အဖက်ဖက်က မရှုမလှ အရေးနိမ့်နေမှု အား ပြန်၍ အဖတ်ဆယ်နိုင်လို ဆယ် နိုင်ငြား စစ်တိူင်းမှူး များ အား အမြဲလို အပြောင်းအလဲ လုပ်နေသော်လည်း စိတ်ဓါတ်များ ပြိုလဲပြီး တိုက်ချင် ခိုက်ချင် စိတ် ကုန်ခမ်းနေသည့် တပ်များကို အဘယ်သို့ ထိန်းချုပ် နိုင်အံ့နည်းဟု မေးခွန်းထုတ်လာခဲ့ကြသည်။ ယခု နောက်ဆုံး ရာထူးမှ ဖယ်ရှားခံရခြင်း၊ အရံအင်အား အပို့ခံရသူများ မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် စိုးမင်း၊ ကမ်းရိုးတန်း တိုင်း စစ်ဌာနချုပ် တိုင်းမှုး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး တို့ ဖြစ်သည်ဟု သိရသည်။

 

ထိုသို့ ဖြစ်ပျက်နေမှု များ တွင် အဓိက တာဝန်ရှိသူ ပုဂ္ဂိုလ်ကြီးက တော့ ၎င်းနှင့် မည်သို့မျှ မသက်ဆိုင်၊ တာဝန် မရှိသည့်အလား ထီးတင်၊ ယတြာချေ ရင်း သာ အလုပ်များလျက် ရှိနေပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!