တိုင်းရင်းသား တို့ ဆန္ဒ ပြည့်ဝ ကုန်ကြပြီ

by Hla Soewai - Mar 21 2024

မင်းအောင်လှိုင်၏ မဆင်မခြင် အာဏာသိမ်းခဲ့မှု ကြောင့် တိုင်းရင်းသား တို့ နှစ်ပေါင်း ၆၀ ကျော် တွန်းလှန်လာခဲ့မှု သည် ကုန်းတက် မှ ကုန်းဆင်း ရောက်လာသည့် အလား ယခုအခါ တခဏ နှင့်ပင် ရည်မှန်းချက် များ ပြည့်မြောက်လာကြပြီ ဖြစ်သည်။

 

လက်ရှိ စစ်မြေပြင် အနေအထားများ အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အဖို့ လေယာဉ် ပစ် လက်နက်များ ရှိထားလျှင်ပင် လိုချင်သည့် နယ်မြေများကို အလွယ်တကူ ထိန်းချုပ် ထားနိုင်ဖို့ သေချာ သလောက် ရှိနေပြီ ဖြစ်သည်။ ထိုအခြေ အနေများကလည်း အနှေး နှင့် အမြန် ဆိုသလို ရောက်လာတော့မည် သာ ဖြစ်သည်။

 

စစ်ကောင်စီ တပ်များသည် ယခုအခါ ၎င်းတို့အပေါ် ထိုးစစ်ကြီး ဆင်နွှဲလာသော ရှမ်းမြောက်၊ ရခိုင် နှင့် ကချင်၊ ကရင်နီ တွင် နာလန် မထူနိုင်အောင် အရေးနိမ့် လျက်ရှိနေသည်။ ညီနောင် သုံးဖေါ် အဖွဲ့သည် ၂၀၂၃ အောက်တိုဘာ ၂၇ တွင်၎င်း၊ ရက္ခိုင် တပ်တော်သည် နိုဝင်ဘာ ၁၃၊ ကရင်နီ တွင် နိုဝင်ဘာ ၁၁၊ ကချင် တွင် ၂၀၂၄ မတ် လ ၇ ရက်တွင် ၎င်း ထိုးစစ်များ တညီတညွတ်တည်း ထိုးစစ်များ ဆင်နွှဲလာခဲ့သည်။ အဆိုပါ ဒေသများ တွင် စစ်တပ် အဖို့ ခွက်ခွက်လန် ရှုံးနိမ့်‌ ‌‌ နေ၍ သမိုင်းတွင် မည်သို့မျှ ဖျက်မရတော့မည့် အမည်းစက်ကြီး ထင်ကျန် သွားခဲ့ပြီ ဖြစ်သည်။

 

ကချင် လွတ်လပ်ရေး တပ်တော် နှင့် တော်လှန်ရေး မဟာမိတ် တပ်များသည် ဆယ်တစ်ရက် အတွင်း မဟာဗျူဟာ ကျသော စစ်စခန်းကြီးများ အပါအဝင် စုစုပေါင်း စခန်း သုံးဆယ်ကို သိမ်းပိုက် နိုင်ခဲ့၍ စစ်ကောင်စီသည် တရက်လျှင် ပျမ်းမျှ စခန်း သုံးခု ခန့် လက်လွှတ် ဆုံးရှုံးသွားခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။ မြစ်ကြီးနား မြောက်ဖက် ၁၂၅ မိုင် အကွာရှိ နာမည်ကျော် ဆွမ်ပရာဘွမ် မြို့အားလည်း မတ်လ ၁၆ ရက်နေ့တွင် သိမ်းယူ နိုင်ခဲ့သည်။

 

ရက္ခိုင်တပ်တော်သည်လည်း မြို့တော် စစ်တွေ အား ထီးထီးကြီး ကျန်‌နေရန် အနီးအနားရှိ ဘူးသီးတောင်၊ မောင်းတော မြို့များကို ထိုးစစ်ဆင် နေရာ တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။ စစ်တွေလျှင် ယခုအခါ ရိုဟင်ဂျာများသာ ကျန်တော့သည်ဟု ဧရာဝတီ သတင်းက ဆိုသည်၊ ၎င်းတို့ အဖို့ မှတ်ပုံတင် လည်း မရှိ၊ ပြေးစရာ မြေမရှိသည့်အပြင် သွားလေရာ သို့ သေမင်းက ထပ်ချပ်မကွာ လိုက်နေသည်ဟု ငြည်းတွားနေကြသည်။ 

 

ရခိုင် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လေးလ ကျော်လာပြီ ဖြစ်၍ အစစ အရာရာ ဈေးများ အဆမတန် မြင်တက်နေပြီး လက်လုပ်လက်စားများ အဖို့ ပြေးရင်း လွှားရင်းက အငတ်ဘေး ကို တွန်းလှန် နေရသည့် အနေအထား ဖြစ်လာနေသည်ဟု သတင်းများက ဆိုသည်။

 

KNLA တပ်မဟာ (၆) နယ်မြေ အတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး ထိုင်းနယ်မြေထဲသို့ လက်နက်များ နှင့် အတူ ထွက်ပြေး ဝင်ရောက်လာ၍ ထိုင်း စစ်တပ် နှင့် ရဲအဖွဲ့မှ ထိမ်းသိမ်း လိုက်သည်ဟု သိရသည်။

 

စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီဆောင်ရွက်နေသော အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု နိုင်ငံ တဝှမ်း ရှိ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ အလိုက် ကြေညာချက်များ ထုတ်ပြန်လာကြသည်။ ယင်းနှင့် အတူ အချို့ ဒေသများတွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေး မှုးများ အစုလိုက် အပြုံလိုက် နှုတ်ထွက်နေကြသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ကြောင့် နယ်စပ်ဖြတ်ကျော်နှင့် ပြည်ပသို့ အလုံး အရင်းဖြင့် ထွက်ခွာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက အစိုးရ အဖွဲ့ အစည်းအဝေး တွင် အသိပေး လာခဲ့သည်။

 

စစ်ကောင်စီ သည် ၎င်းတို့ လုံခြုံရေးကို စိတ်မချ ဖြစ်လာသည့် လက္ခဏာ အဖြစ် နေပြည်တော် နှင့် ပဲခူး ဒေသကြီး နယ်စပ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ လယ်ဝေး မြို့တွင် အရပ်သား ပြည်သူများကို လက်နက် တပ်ဆင်ပေးခြင်း မရှိပဲ ညဖက် ကင်းစောင့်ရမည် ဟု အမိန့်ပေးလာခဲ့သည်။

 

ထိုသို့ တနိုင်ငံလုံး လှုပ်လှုပ်ရွရွ ဖြစ်လာနေချိန်တွင် စစ်တပ်သည် နိုင်ငံတည်ငြိမ်မှု ရှိနေကြောင်း ဝါဒ ဖြန့်ရမည့် တပ်မတော်နေ့ ဆိုသည်နှင့် သင်္ကြန်ကို မဖြစ်မနေ လုပ်သွားရန် စိုင်းပြင်းလျက် ရှိနေသည်၊ 

 

ကုလ လူ့အခွင့် အရေး သံတမန် တွန် အင်ဒရူး မှ စစ်ကောင်စီ သည် လူထု ကို ဆက်၍ အကြမ်းဖက် နိုင်ဖို့ ငွေ၊ လက်နက် နှင့် တရားဝင် ရပ်တည်ပိုင်ခွင့် ဆိုသည့် အကြောင်းသုံးခု ရှိနေဖို့ လိုအပ်လာနေ၍ ယင်းတို့အား နိုင်ငံတကာ အသိုက်အဝန်း မှ လုံးဝ ဖြတ်တောက်ပစ်ရန် လိုအပ်သည်ဟု ဆိုသည်၊ ဥပမာ အ‌နေဖြင့် အာဆီယံသည် မင်းအောင်လှိုင် အား အစည်းအဝေး များသို့ အလာမခံသော်လည်း အခြား အဆင့်များ တက်ခွင့် ပြုနေသည်ကိုပါ ပိတ်ပင်ပစ်ရမည်ဟု RFA နှင့် အင်တာဗျုး တွင် ပြောသွားခဲ့သည်။

 

တနင်္လာနေ့ မနက် ပိုင်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာ တရွာအား အကြမ်းဖက် စစ်တပ် ၏ ဗုံးကြဲ တိုက်ခိုက်မှု ကြောင့် ရိုဟင်ဂျာ ၂၅ ဦး သေဆုံးပြီး နောက်ထပ် ၂၅ ဦး ခန့် ဒဏ်ရာ ရရှိသွားမှု အပေါ် ကုလ အတွင်းရေး မှုး ချုပ် မှ ပြင်းပြင်းထန်ထန် ပစ်တင် ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုများ တိုးမြှင့်လာနေမှု အပေါ် စိုးရိမ် မကင်း စရာ ဖြစ်လာနေပြီဟု နိုင်ငံတကာ အား ထုတ်ဖေါ် အသိပေး လာခဲ့သည်။

 

ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ်၏ မြန်မာပြည် အရေး နှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်ရသည် ဆိုသော စကားအား နိုင်ငံတကာ သတင်းမီဒီယာများ မှ ဖေါ်ပြ နေကြ၍ မိမိတို့ အရေး အား လှုံ့ဆော် ပေးနေ သလို ဖြစ်နေသည်ကပင် အမြတ်ထွက်သည်ဟု ယူဆရမည် သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Photo credit - Irrawaddy