အီရန်သည် ၎င်းတို့အား အန္တရာယ်ပေး နိုင်သည့် ရန်လိုပြီး အင်အားတောင့်တင်း သော အီရတ်လို နိုင်ငံမျိုး အား ထပ်မံ စိုးရိမ်စရာ မရှိတော့၍ ဒေသတွင်း အင်အားကြီး နိုင်ငံ အဆင့်သို့ တက်လှမ်းလာခဲ့သည်။
အီရန်သည် ရည်မှန်းချက် ကြီးမားသည်နှင့် အမျှ ဒေသတွင်း ၎င်းတို့၏ အရှိန်အဝါ ကြီးသည်ထက် ကြီးလာစေရန် ကြိုးစားလာခဲ့သည်။ နိုင်ငံရှိ လက်နက်ကိုင် တပ်ဖွဲ့များသာမက၊ အရပ်သား လက်နက်ကိုင်များ၊ လက်ဘနွန် တွင် သြဇာ လွှမ်း နေသည့် ဟစ်ဘိုလာ ကဲ့သို့ ရှီးယိုက် လက်နက်ကိုင် အဖွဲ့များကိုပါ အသုံးချ လာခဲ့သည်။ ထိုပြင် အီရတ် နှင့် ယီမင် ရှိ ရှီးယိုက် မူဆလင် များကိုပါ ပံ့ပိုးပေးလာခဲ့သည်။ ဆီရီးယားတွင်လည်း တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ဝင်ရောက် စွက်ဖက်လျက် ရှိသည်။
ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ဆွန်နီ နိုင်ငံများ ဖြစ် သော ဆော်ဒီ အာရေးဗီယား အပါအဝင် နိုင်ငံအများအပြား၊ အစ္စရေး နှင့် အမေရိကန် ပြည်ထောင်စု တို့ အတွက် အကြီးအကျယ် စိုးရိမ်မကင်း စရာ ဖြစ်လာခဲ့သည်။
အီရန်၏ ခေါင်းထောင်ထလာမှုသည် အရှေ့အလယ်ပိုင်း တွင် အစဉ် အဆက် ရှိလာခဲ့သော အာရပ်-အစ္စရေး ပဋိပက္ခ နေရာတွင် အစားထိုး လာခဲ့ပြီး အနာဂတ် တွင်လည်း အရှေ့အလယ်ပိုင်း ကိုလည်း ကြီးမားသော အရှိန်အဟုန် နှင့် ရိုက်ခတ်လာတော့မည် ဖြစ်သည်။
ဒေသတွင်း ရှိ အဖွဲ့အစည်းများသည်လည်း အဆိုပါ ဒေသ တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် မည်သို့မျှ အထောက်အကူ မပြုနိုင်ခဲ့ပေ။ ၁၉၄၅ တွင် တည်ထောင်ခဲ့ပြီး ယခုအခါ အဖွဲ့ဝင် နိုင်ငံ ပေါင်း ၂၂ နိုင်ငံ အထိ ရှိလာပြီ ဖြစ်သော အာရပ်လိဂ် အဖွဲချုပ် သည်လည်း အဖွဲ့ဝင် နိုင်ငံများ ရင်ဆိုင်နေရသည့် ပြည်တွင်း ပြဿနာများကို လျစ်လျု ရှုထားပြီး တစုတစည်းတည်း အစ္စရေး နှင့် ထိတ်တိုက် ရင်ဆိုင် အတိုက်အခံ ပြုနိုင် ဖို့ကိုသာ အာရုံထားခဲ့ကြသည်။ နောက်ပိုင်း တွင် အီရန် ဖက်သို့ပါ ဦးလှည့်လာခဲ့သည်။
ပါရှန်း ပင်လယ်ကွေ့ရှိ ဆော်ဒီ ဦးဆောင်သည့် ဆွန်နီ နိုင်ငံ အများစု ပါဝင်သော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီသည် အီရန် ကို ဆန့်ကျင် သည့် အဖွဲ့မျိုး အဆင့်ထက် ကျော်လွန်ပြီး ထွက်ပေါ်မလာခဲ့ပေ။
အစ္စရေး၊ တူရကီ၊ အီရန် တို့ အား ထည့်သွင်း ဖွဲ့စည်းထားသည် ဒေသဆိုင်ရာ အဖွဲ တဖွဲ့တလေမျှ မရှိခဲ့ပေ။ ထို့အတွက်ကြောင့်လည်း ဒေသတွင်း ပြဿနာများကို ၎င်းတို့ အချင်းချင်း စုပေါင်း ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိသည် ကို တွေ့လာရသည်။
ရှေ့အလား အလာ
နောက်ထပ် အရေးပါလာသည့် အကြောင်းအရာ တခုလည်း ရှိနေပြန်သည်။ ဤသည်က အရှေ့အလယ်ပိုင်းတွင် အစ္စရေး သည် နျူကလီယား လက်နက် တဦးတည်း ပိုင်ဆိုင်ထားသော နိုင်ငံ ဖြစ်နေသည့် အရေးပင် ဖြစ်သည်။
အစ္စရေးသည် နျူကလီယား လက်နက်ကို ၁၉၆၀ ကျော် နှစ်များ အတွင်း ထုတ်လုပ်လာနိုင်ခဲ့သည်။ ကိုယ်ပိုင် အစွမ်းအစ နှင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ပြော၍ ရသော်လည်း ပြင်သစ် ၏ အကူအညီ များလည်း ပါခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းတို့နိုင်ငံ တည်ရှိရေး ကို ခြိမ်းခြောက် ရန်ပြု လာနေသည့် အာရပ်နိုင်ငံများ ကြောင့် မဖြစ်မနေ သုံးရမည့် အနေအထား ရောက်လာလျှင် မိမိကိုယ် မိမိ ကာကွယ်ရန် နောက်ဆုံး လက်နက် အဖြစ် ထုတ်သုံးနိုင်ရန် အတွက် ဖြစ်သည်။
အစ္စရေး ၏ နျူကလီယား ပရိုဂရမ် နှင့် ပတ်သက်၍ အသေးစိတ် ကို တိတိကျကျ မသိရပေ၊ ထိုသို့ ရည်ရွယ်ချက် ရှိရှိ မရေမရာ ပြုလုပ်ထားခြင်းဖြင့် လူသိရှင်ကြား ဒဏ်ခတ် ပိတ်ဆို့မှု များ လုပ်လာမည့် အရေးကို နှင့် အိမ်နီးချင်း နိုင်ငံများ မှ ၎င်းတို့လည်း ပိုင်ဆိုင် အောင် ကြိုးပမ်းလာကြမည့် အရေး တို့ကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။
အိမ်နီးချင်း နိုင်ငံများက ကြိုးပမ်းလာမည် ဆိုကလည်း အစ္စရေး က ဟန့်တားသွားမည်သာ ဖြစ်သည်။ ယခင်က ထိုသို့ ဟန့်တားမှုမျိုး နှစ်ကြိမ် ခန့် လုပ်ခဲ့ပြီး ဖြစ်သည်။ ၁၉၈၁ တွင် အီရတ်၏ နျူကလီယား စက်ရုံကို တိုက်ခိုက်ခဲ့ခြင်း နှင့် အလားတူ ၂၀၀၇ တွင် ဆီရီးယား အား တိုက်ခိုက်ခဲ့ခြင်း တို့ ဖြစ်သည်။ နောက်ပိုင်း နှစ်များစွာ အကြာတွင် အစ္စရေးသည် အမေရိကန် နှင့် ပေါင်း၍ အီရန်၏ နျူကလီယား ထုတ်လုပ်ရန် စမ်းသပ်မှုများ နှောင့်နှေးသွားစေရန် ကွန်ပြူတာ ပရိုဂရမ်များ ထဲ ဗိုင်းရပ်စ် ထဲ့သွင်း ပေးခဲ့ကြသည်။
သို့သော် အရှေ့အလယ်ပိုင်းတွင် နျူကလီယား ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းမှုများကို ရှေ့လျောက် ဟန့်တား သွားနိုင်မည်လားဟု မေးစရာ ရှိလာသည်။ အီရန်သည် နျူကလီယား ပိုင်ဆိုင်ရန် လက်တကမ်းသာ လိုတော့သည့် အနေအထား ရှိလာသော်လည်း စီးပွားရေး အရ ပိတ်ဆို့ဒဏ်ခတ်ရန် ခြိမ်းခြောက်လာမှုများနှင့် တိုက်ခိုက်ခံရမည့် အန္တရယ်များ ကြောင့် နောက်ပြန် ဆုတ်သွားခဲ့သည်။
ထိုသို့ နောက်ပြန် ဆုတ်သွားခဲ့ခြင်းကြောင့် ၂၀၁၅ တွင် အီရန်၊ အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ ဂျာမဏီ နိုင်ငံများ မျက်နှာခြင်းဆိုင် တွေ့ဆုံ ဆွေးနွေးလာခဲ့ပြီး ပူးတွဲ အကောင်အထည် ဖေါ်ရေး အစီအစဉ် Joint Comprehensive Action of Plan (JCPOA) အား သဘောတူ ချမှတ် နိုင်ခဲ့သည်။
ထိုအစီအစဉ်အရ အီရန်မှ နျူကလီယား လက်နက်များ ထုတ်လုပ်ရန် လိုအပ်သည့် လောင်စာ သိုလှောင်မှု များအား ယာယီ လျော့ချပေးရမည် ဖြစ်ပြီး ထို့အတွက် အပြန်အလှန် အနေဖြင့် အီရန်အား စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှု အများအပြားကို ပယ်ဖျက် ပေးသွားမည် ဖြစ်သည်။
သို့ သော် ဒေါ်နယ် ထရန့် လက်ထက် ၂၀၁၈ တွင် အိုဘာမား လက်ထက်က ရရှိထားသော အီရန်၏ သဘောတူ လိုက်လျောချက်များသည် လုံလောက်မှု မရှိဆိုသော အကြောင်းပြချက် နှင့် JCPOA မှ နှုတ်ထွက်သွားခဲ့သည်။ သဘောတူညီချက်၏ အရေး ပါသော အစိတ်အပိုင်း ဖြစ်သည့် အီရန်၏ နျူကလီယား ထုတ်လုပ်မည့် လောင်စာများ စုဆောင်းခြင်းကို ဆယ်နှစ်မျှ သာ ရပ်ဆိုင်းထားရမည် ဆိုသည့် အချက်ကို ထောက်ပြလာခဲ့သည်။ အီရန်၏ နျူကလီယား အစီအစဉ်များကို ကန့်သတ်ခြင်း၊ ဒေသအတွင်း မလိုလားအပ်သော လုပ်ရပ်များ အပေါ် ဟန့်တားခြင်း တို့ မပါဝင်ဟု ဆိုကာ စီးပွားရေး ပိတ်ဆို့မှုများ နောက်ထပ် တဖန် ပြုလုပ်လာခဲ့သည်။
ယင်းအား တုန့်ပြန်သည့် အနေဖြင့် အီရန်သည်လည်း JCPOA သဘောတူညီချက်ဖြင့် သတ်မှတ်ပေးထားသည့် မည်ရွေ့မည်မျှ ပမာဏ အထိ သာ ယူရေနီယံ သန့်စင်ရမည် ဆိုသည်ကို ဖေါက်ဖျက်လာခဲ့သည်။ ထို့အပြင် ဟောမုဒ်စ် ရေလက်ကြားတွင်လည်း ကြားခံ အဖွဲ့များကို သုံး၍ ရေကြောင်းလမ်းကို အနှောက်အယှက် ပေးလာသည်။ ဆော်ဒီ အာရေးဗီယားရှိ ပစ်မှတ်များ နှင့် အီရတ်ရှိ အမေရိကန် အမှုထမ်းများကို တိုက်ခိုက်ခဲ့ကြသည်။
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ဖြေလျော့ပေးလာမည် ဆိုက အီရန်အား ၎င်းတို့၏ နျူကလီယား ဒုံးကျည် ထုတ်လုပ်မှု အား ချုပ်တည်းရေး သဘောတူလာအောင် ဆွဲဆောင် နိုင်မည် လား၊ သို့တည်းမဟုတ် အီရန်သည် လုံ လောက်သည့် ယူရေနီယံ သန့်စင်မှု များ ဆက်၍ ပြုလုပ်လာပြီး ဗြုန်းစားကြီး နျူကလီယား လက်နက်များ ပိုင်ဆိုင်လာမည့် အနေအထား ရောက်လာမည်လား ဆိုသည့် အမေးများ အစီအရီ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖြစ်လာခဲ့လျှင် ဆော်ဒီ အာရေးဗီယား၊ တူရကီ နှင့် အီဂျစ်တို့မှလည်း အလားတူ ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းလာကြဦးမည်လော။ အမေရိကန် နှင့် အစ္စရေး တို့မှ စစ်အင်အား သုံးပြီး ကြိုတင် လက်ဦးမှု ယူကာ တိုက်ခိုက်ဖျက်ဆီး ပစ်ကြမည်လော။
အီရန် နှင့် ပတ်သက်၍ မည်သို့ပင် ဖြစ်လာစေကာမူ အရှေ့အလယ်ပိုင်း သည် ဒေသတည်ငြိမ်ရေး အတွက် လိုအပ်ချက်များ မပြည့်ဝ ဘဲ ရှိနေဆဲပင် ဖြစ်သည်။ ဒေသတွင်း နိုင်ငံများသည်လည်း နယ်နမိတ်မျဉ်း တလျောက် သူပိုင် ငါပိုင် အငြင်းပွား နေကြဆဲ ဖြစ်ပြီး အစိုးရများသည်လည်း ၎င်းတို့နိုင်ငံများ အတွင်း ဖြစ်ပျက်နေသည်များကို ထိန်းချုပ် နိုင်စွမ်း မရှိ ဖြစ်နေကြသည်။
တဖက် နှင့် တဖက် အပြန်အလှန် ထိန်းညှိပေးနိုင်စွမ်း ရှိမည့် အင်အားချိန်ခွင်လျှာ ညီမျှခြင်းမျိုး ကင်းမဲ့နေသည့် အပြင် မိမိတို့ ဒေသသည် မည်သို့သော အခြေအနေမျိုး ဆိုက်နေသည်၊ အပြောင်းအလဲ များ ဖြစ်အောင် မည်သို့ကြံဆောင်ကြမည် ဆိုသည့် တူညီသော အတွေးမျိုး လည်း ရှိမနေကြသည်ကို တွေ့ရသည်။
ဒေသတွင်း ရှိ အင်အားကြီး နိုင်ငံများ ဖြစ်သော အီရန်၊ ဆော်ဒီ အာရေးဗီယား၊ တူရကီ၊ အစ္စရေး၊ အီဂျစ် တို့ အကြား တိုး၍ အားပြိုင်လာနေကြ၍ အကြမ်းဖက်မှု များ ဖြစ်ပွားလာနိုင်သည့် အနေအထား တွင် ရှိနေသည်၊ ထို့ပြင် အမေရိကန်၊ ရုရှား ကဲ့သို့ အင်အားကြီး နိုင်ငံများ နှင့် တရုတ်တို့ မျက်စိကျစရာ အကျိုးစီးပွားများ ရှိနေသောကြောင့် ပို၍ ရှုတ်ထွေးလာနိုင်စရာ ရှိနေသည်။
အယ်ကေဒါ၊ အိုင်စစ်၊ ဟစ်ဘိုလာ နှင့် ကပ်ဒ် လက်နက်ကိုင်များ ကဲ့သို့ အစိုးရ များ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိနေသော အဖွဲ့များလည်း ရှိနေပြန်သဖြင့် ၎င်းတို့မှ ဒုက္ခပေးလာနိုင်သည့် အန္တရာယ်လည်း ရှိနေပြန်သည်။
ထိုကဲ့သို့ အကြောင်းအရာ များ ကို ခြုံ၍ သုံးသပ်ရမည် ဆိုလျှင် အရှေ့အလယ်ပိုင်းသည် အနာဂတ် ပျောက်နေပြီး အတိတ် ၏ အကြမ်းဖက် ဝဲဩဂ ထဲတွင်သာ တဝဲဝဲ တလည်လည် ရှိနေဆဲ ဖြစ်သည်။ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ လူနေမှု အဆင့်အတန်းများ တွင်လည်း ကမ္ဘာပေါ်တွင် နောက်ကျ ကျန်နေဆဲပင် ဖြစ်သည်။