ဒါပဲ လုပ်ပေးနိုင်မယ်

by Hla Soewai - Mar 21 2024

ပြီးခဲ့သည့် သီတင်းပတ် ကုန် အတွင်း ရက္ခိုင် တပ်တော်မှ ရသေ့တောင် မြို့အား တနင်္ဂ‌နွေ နေ့တွင်အပြီးအပိုင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့၍ စုစုပေါင်း ရှစ်မြို့ ရှိသွားပြီ ဖြစ်၍ မြို့နယ် ၁၇ မြို့နယ် ရှိ ရခိုင်ပြည်နယ် တဝက်နီးပါး ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။

 

နှစ်ပတ်ကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့‌ သော ရသေ့တောင် မြို့တဝိုက်တွင် ခမရ ၅၃၆, ၅၃၇, ၅၃၈ တပ်ရင်းကြီး သုံးရင်း ရှိနေသော်လည်း စစ်ကောင်စီ တပ်သား ၂၀၀ ခန့်သည် သင်္ဘောများဖြင့် စစ်တွေ မြို့သို့ ဆုတ်ခွာ ထွက်ပြေးသွားကြသည်။

 

ထိုသို့ ၎င်း၏ တပ်များ ကသောကမျော ဖြင့် မြစ်ကူး ဆုတ်ပြေး နေကြချိန်တွင် မင်းအောင်လှိုင်သည် သူ၏ အဓိက ကျွမ်းကျင်ရာ ဖြစ်သည့် ယတြာ ချေ ဗျုဟာ တစိတ်တပိုင်း အဖြစ် မိသားစု နှင့် အတူ ပဲခူးတွင် ကျိုက်ပညာယ ရှေးဟောင်း‌ စေတီအား ထီးတော် တင်နေချိန်လည်း ဖြစ်သည်။

 

သို့သော် ၎င်း၏ ယတြာသည် ရက္ခိုင်တပ်တော် ကိုတော့ မည်သို့မျှ ဟန့်တား နိုင်ခဲ့ခြင်း မရှိပေ။

 

ယတြာ အပြင် စစ်ကောင်စီ သည် ၎င်းတို့ ၏ မရိုးနိုင်သော ဗျူဟာ ဖြစ်သည့် ရေကြောင်း၊ လေကြောင်း သုံး၍ အပြင်းအထန် ‌ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း AA ၏ ထိုးစစ်ကို မည်သို့မျှ ဟန့်တားနိုင်ခဲ့ခြင်း မရှိပဲ နောက်ဆုံး တွင် လက်လွတ် ထွက်ပြေးသွားခဲ့ကြရသည်။

 

ယခုအခါ AA သည် ဘူးသီးတောင်ရှိ ခမရ ၅၅၂ အား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။

 

စစ်ကောင်စီ သည် ၎င်းတို့ အရှူံးကြီး ရှူံးနိမ့်နေသည့် ရက္ခိုင် ပြည်နယ် အတွင်း တိုက်ပွဲများ နှင့် ပတ်သက်ပြီး ရေငုံ နှုတ်ပိတ်နေဆဲပင် ဖြစ်သည်၊ ဤသည်ကို ကြည့်က တပ်တွင်း စိတ်ဓါတ်များ ကျဆင်းလာမည် စိုးရွံ့ပြီး ပါးစပ်ပိတ်ကာ သတင်း မှောင် ချထားသည်မှာ သိသာ ထင်ရှားနေပေသည်။

 

လက်ရှိ တွင် တော့ နိုင်ငံတွင်းရှိ ရှမ်းမြောက်မှ လွဲ၍ ၎င်းတို့ လက်လွှတ်ခဲ့ရသော မြို့များကို တမြို့ပြီး တမြို့ ဗုံးကြဲ ဖျက်ဆီး နေကြသည်။

 

စစ်တပ် ထောက်ခံသူများက စစ်မှုထမ်း ဥပ‌ဒေ အား စင်္ကာပူ၊ တိုင်ဝမ်၊ ထိုင်း တို့နှင့် နှိုင်း ကာ ဝါဒ ဖြန့်နေကြသော်လည်း ထိုနိုင်ငံများသည် လိုအပ်လာလျှင် ပြည်ပ ကျူးကျော်စစ် ကို ခုခံ ကာကွယ်နိုင်ရေး အတွက် အလှည့်ကျ စစ်မှုထမ်း ရန် ဖြစ်သည် ဆိုသည့် အချက်ကိုတော့ ချန်လှပ်ထားခဲ့ကြသည်။

 

စစ်ကောင်စီ ၏ စစ်မှု ထမ်း ဥပ‌ဒေ ကြောင့် တနိုင်ငံလုံး ဗလောင်ဆူကာ သောကဝေနေကြပြီ ဖြစ်သည်။

 

ထိုသို့ စစ်ကောင်စီ အဖို့ နိုင်ငံရေး၊ စစ် ရေး၊ စီးပွားရေး၊ လူမှု ရေး အဖက်ဖက် တွင် အကျပ်အတည်း ဖြစ်လာနေသည်ကို အခွင့်ကောင်း တရပ် အဖြစ် အသုံးချရန် NCA လက်မှတ်ရေးထိုးထားသော ခုနှစ် ဖွဲ့မှ ချင်းမိုင် တွင် ပြုလုပ်‌ သော အစည်း အ‌ ဝေး တွင် 7 EAO Alliance မဟာမိတ် တပ်ပေါင်းစု ဆိုကာ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ PNLO အမည်ကို ထည့်သွင်းထားသော်လည်း မိမိတို့ ပါဝင်ခြင်း မရှိဟု PNLO/PNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က ငြင်းဆိုလိုက်သည်။

 

၎င်းတို့အားလုံးသည် စစ်ကောင်စီ နှင့် ယခုတိုင် နိုင်ငံရေး အရ ‌အဖြေရှာရန် စိတ်ကူးယဉ်နေကြဆဲ ဖြစ်သည်၊ နောက်တကြောင်းက အကယ်၍ အင်အားကြီးမားလာနေသော တော်လှန်ရေး မဟာမိတ်များမှ ရန်ပြုလာပါက အချင်းချင်း စုပေါင်းကာကွယ်ရန် ဆိုကာ ဟိတ်ဟန် ထုတ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!