ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားများကို ဘင်္ဂလား‌ဒေ့ရှ် မှ မည်သို့ ကိုင်တွယ်သွားသင့်သနည်း

by Hla Soewai - Mar 21 2024

ဖေဖေါ်ဝါရီ ၆ ရက်နေ့တွင် ရက္ခိုင် တပ်တော် နှင့် ဖြစ်ပွားသော တိုက်ပွဲ တွင် စစ်ကောင်စီ တပ်သား ၂၆၄ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ လက်နက်များ နှင့် အတူ စတင် ထွက်ပြေးလာခဲ့သည်။ ဘင်္ဂလား‌ဒေ့ရှ် နယ်ခြားစောင့် တပ်မှ လက်နက်များကို သိမ်းယူလိုက်ပြီး ဒဏ်ရာရသူများကို ဆေးဝါးကုသ ပေးခဲ့သည်။

 

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် အရပ်သားများ အပါအဝင် ထွက်ပြေး ဝင်ရောက်လာသူ စုစုပေါင်း ၃၃၀ ကို မြန်မာဖက်မှ လာရောက်ခေါ်ယူသောကြောင့် ရေလမ်း ခရီး ဖြင့် ပြန်ပို့ပေးခဲ့သည်။

 

ထိုမျှနှင့် ပြီးမသွားပဲ မတ်လ ၁၁ ရက်နေ့တွင် ‌စစ်ကောင်စီ တပ်သား ၁၇၉ ဦး ထွက်ပြေးလာကြပြန်သည်။ ထိုသို့ ဝင်ရောက်လာခြင်းကို အဘယ်ကြောင့် ခွင့်ပြု‌နေရသနည်း ဆိုသည့် သတင်းထောက်များ၏ အမေးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ဝန်ကြီး ဟာဆန် မာမွတ် မှ "မိမိတို့ဖက်မှ တာဝန် ပေါ့လျော့၍ မဟုတ်ကြောင်း၊ အိန္ဒိယ ဖက်သို့လည်း ထွက်ပြေးကြကြောင်း၊ ပြဿနာသည် နယ်ခြား တလျောက် အတားအဆီး မရှိ ပွင့်နေ၍ သာ ဖြစ်သည်" အစရှိသဖြင့် ဖြေကြားသွားခဲ့သည်။

 

ရခိုင် ဖက်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ နောက်ထပ်လည်း အလားတူ ထွက်ပြေး လာကြဦးမည် ဖြစ်သည်။ ထိုပြဿနာကို ရှေ့လျောက် မည်သို့ ကိုင်တွယ် သွားရမည်နည်းကို လေ့လာ ဆန်းစစ် ထားသင့်သည်။

 

ပထမ အချက် အနေဖြင့် အန္တရာယ်ကျ ရောက် နိုင်မည်ဟု ယူဆခံရသူ များ အား ပြန်မပို့ရန် တားမြစ်ထားသည့် non-refoulment ဆိုသည့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သလို ဖြစ်သွားနိုင်သည်။

 

ထိုသို့ ပြန်ပို့နေမည့် အစား ထွက်ပြေး လာသူများကို အသုံးချပြီး ရိုဟင်ဂျာ များ အတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေးသင့်သည်။ ထွက်ပြေးလာသည့် စစ်သားများထဲမှ ရိုဟင်ဂျာ များ အပေါ် ကျုးလွန် ခဲ့သည့် ရာဇဝတ်မှု များတွင် မည်သူ ပါဝင်နေသနည်း၊ အခြား သတင်းအချက်အလက်များ ရရှိအောင် စုံစမ်း စစ်ဆေးသင့်သည်။

 

ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာ ရာဇဝတ် ခုံရုံး ဖြစ်သော အိုင်စီစီ နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကျုးလွန်သူ တရားခံ နှစ်ဦး ဖြစ်သော မြန်မာ စစ်သား မျိုးဝင်းထွန်း နှင့် ဇော်နိုင်ထွန်း တို့အား ရုံးတင် စစ်ဆေးနိုင်ရန် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်၊ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းသည့် အနေဖြင့် အိုင်စီစီ အပြင် ကုလ သမဂ္ဂ၏ မြန်မာ အရေးဆိုင်ရာ နိုင်ငံတကာ လွတ်လပ်သော စုံစမ်းရေး ကော်မရှင်နှင့် ပါ လက်တွဲ ဆောင်ရွက်သွားသင့်သည်။

 

သူတို့သဘော နှင့် သူတို့ လိုလိုလားလား ဝင်လာကြသည့် စစ်ကောင်စီ တပ်သားများ လက်ဝယ်ရလာသည့် လွန်စွာ အဖိုးတန်လှသည့် အခွင့်အလမ်း ပေါ်လာသည်ကို လက်လွတ်စပယ် အလဟသ အဖြစ် မခံသင့်ပေ။

 

ဒုတိယ အနေဖြင့် ထိုအရေးကို နိုင်ငံရေး ရှူထောင့်မှလည်း သတိထား သုံးသပ်သင့်ပေသည်။

 

ယခုအခါ မြန်မာ စစ်တပ်သည် ရက္ခိုင်တပ်တော် နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် တနေ့တခြား အရေးနိမ့်လာနေပြီ ဖြစ်၍ တဖက်ဖက် ကို ဘက်လိုက်သည့် လုပ်ရပ်မျိူး ရှောင်ရှားသင့်ပြီ ဖြစ်သည်။

 

အကယ်၍ ပြန်ပို့ပေးလိုက်သော စစ်သားများကို စစ်ကောင်စီ မှ ရှေ့တန်းသို့ ပြန်ပို့မည် ဆိုက ရက္ခိုင် တပ်တော်မှ ဘင်္ဂလားဒေ့ရှ် ၏ ကြားနေ သည် ဆိုသော အနေအထားကို မေးခွန်းထုတ်လာမည် ဖြစ်သည်။

 

ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်ပို့ နိုင်ရေး ကို အခြား အရာများထက် ပို၍ ဦးစားပေး စဉ်းစားသွားရမည် သာ ဖြစ်သည်ဟု The Diplomat စာစောင်ပါ "How Should Bangladesh Handle Myanmar’s Fleeing Soldiers?" ဆောင်းပါးကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

နောက်ထပ် သိရှိရ‌ သော သတင်းတပုဒ် မှာ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ချင်းမိုင်၌ တွေ့ဆုံ ဆွေးနွေး‌ နေကြပြီး သဘာပတိအဖြစ်ဆောင်ရွက်သူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က မိမိတို့ ထိန်းချုပ်နယ်မြေများအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ် ချုပ်ရေးစနစ်ဖြင့် စတင်အုပ်ချုပ်သွားရမည်ဖြစ်သည် ဟု အဆိုပြုလာခဲ့ခြင်းပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!