တော်လှန်ရေး ၏ အရွေ့များ

by Hla Soewai - Mar 17 2024

၁၀၂၇ ထိုးစစ်ကြီးသည် မြန်မာ ပြည်တွင် အာဏာရှင် စနစ် အဆုံးသတ်သွားရေး၏ အစပင် ဖြစ်တော့သည်၊ အဆိုပါ ထိုးစစ်ကြီး ကြောင့် အသစ်တဖန် အရှိန်အဟုန် ကောင်းလာသော ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် ကြောင့် စစ်တပ် ၏ ခေါင်းဆောင်မှု သည် မည်သို့မျှ ပြန်၍ ခေါင်းထောင်လာနိုင်တော့မည် မဟုတ် ဆိုသည်ကိုလည်း ကမ္ဘာ က လက်ခံလာကြရပြီ ဖြစ်သည်။ တော်လှန်ရေး တပ်ဖွဲ့များ အတွက်လည်း စိတ်ဓါတ်ရေး ပိုင်း တွင် အပေါ်စီး မှ ရလာခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးသည် တချိန်က လွန်စွာ ထင်ရှား ကျော်ကြားခဲ့သော ဗီယက်နမ် တို့၏ နှစ်သစ်ကူး “တက်” ထိုးစစ် ကြီး နှင့် အလား သဏ္ဍန် တူသည်ဟု ပြော၍ ရပေသည်။ ယင်း ထိုးစစ်ကြီးအား ဆိုင်ဂုံရှိ အမေရိကန် သံရုံးကို တိုက်ခိုက်ခဲ့ခြင်း နှင့် စတင် ဖွင့်လှစ်ခဲ့ပြီး တောင်ဗီယက်နမ် တနိုင်ငံလုံးရှိ မြို့ရွာအနှံ့ကို တပြိုင်တည်း တိုက်ခိုက်လာကြခြင်း ဖြစ်သည်။

 

သို့သော် ၁၀၂၇ နှင့် မတူ သည်က တက် ထိုးစစ်ကြီး တွင် ပါဝင်ကြသော ပျောက်ကြား တော်လှန်ရေး သမား များသည် ထိုသို့ ပုံစံမျိုး တိုက်ခိုက်နိုင်အောင် နှစ်သစ်ကူးပွဲတော်အတွက် တောပိုင်းမှ ဈေးရောင်းရန်ရောက်လာသူများ၊ လယ်သမားများ၊ ပွဲတော်လာသူများ အဖြစ်အယောင်ဆောင်ကာ ကြိုတင် ကိုယ်ရောင် ဖျောက်ထား နိုင်ခဲ့ကြခြင်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ဆိုင်ဂုံမြို့ ကျမသွားစေရန် အမေရိကန် တပ်မကြီး ငါးခု ကို စစ်ကူ ခေါ်ကာ တလမ်းဝင် တလမ်းထွက် တိုက်ခိုက်ရသည် အထိ ပြင်းထန်ခဲ့သည်။

 

အမေရိကန် တွင် ထိုသို့ ဗီယက်နမ် ပျောက်ကြားများ တိုက်ခိုက်လာနိုင်အောင် မည်သူတွင် တာဝန်ရှိသနည်းဟု မေးခွန်းများ ထုတ်လာကြသလို မြန်မာ တွင်လည်း ခေါင်းဆောင် ဖြစ်သော မင်းအောင်လှိုင်အား ယူနီဖောင်း ချွတ် နှုတ်ထွက်ပေးဖို့ အထိပင် ၎င်းအား မဆုပ် မနစ် ထောက်ခံကြသူများက ကျယ်လောင်စွာ တောင်းဆိုလာကြသည်။

 

မင်းအောင်လှိုင်သည် ယခု အချိန်အထိ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကောလင်း မြို့အား သာလွန် အင်အားဖြင့် သိမ်းပိုက် နိုင်ခဲ့သော်လည်း မြို့တခုလုံးအား ဘာတခုမျှ မကျန်အောင် ဖျက်ဆီးပြစ်ပြီးမှ သိမ်းပိုက်နိုင်ခဲ့သည့် လုပ်ရပ်သည် မည်သို့များ အဓိပ္ပါယ် ရှိမည်နည်းဟုဆိုကာ ၎င်းတို့ အချင်းချင်း မေးခွန်းထုတ်လာကြသည်။

 

လက်ရှိ အနေအထား တွင် တနိုင်ငံလုံးရှိ မြို့ရွာများကို သိမ်းပိုက်ထားနိုင်ရေး အတွက် မဟုတ်ပဲ မြို့အနည်းငယ်လောက်သာ အမြဲတမ်း ထိန်းချုပ်ထားခြင်းဖြင့် မြို့ကြီးများ နှင့် ကျေးလက်ဒေသများတွင် မိမိတို့ မည်မျှအထိ အသာရနေပြီကို တော်လှန်ရေး အဖွဲ့များက ထုတ်ဖေါ်ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ ယင်း၏ ရလဒ် အဖြစ် လူထုက ၎င်းတို့ အပေါ် အစိုးရ ဟူ၍ မယူဆတော့ပဲ လက်နက်ကိုင် အနိုင်ကျင့် နေကြသည့် အဖွဲ့ အဖြစ် ပြောင်းလဲ မှတ်ယူ လာကြသည်၊ တပ်တွင်းတွင်လည်း လူထု ၏ ခါးသီး ရွံရှာလာမှု နှင့် စစ်ပွဲ၏ အနိဌာရုံများ၏ ခြောက်လှန့်ခြင်း ခံရပြီး စိတ်ဓါတ်များ ပြိုလဲ ကျဆင်းလာသည်၊ နောက်ဆုံး ၎င်းတို့ ထွက်ပေါက်ရရေး အတွက် စေ့စပ် ဆွေးနွေးလာသည့် အခါတွင်လည်း တော်လှန်ရေး မဟာမိတ်များသည် အသာစီး အနေအထား ရရှိလာမည် ဖြစ်သည်။

 

စစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်မှ နေရာ အနှံ့ ဗုံးကြဲ တိုက်ခိုက် နေသော်လည်း မြန်မာ တိုင်းရင်းသား တို့၏ အစဉ်အလာ ခံယူချက် ဖြစ်သော အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်ကို မည်သို့မျှ ရိုက်ချိုးနိုင်ခဲ့ခြင်း မရှိပဲ အချည်းနှီးသာ ဖြစ်လာခဲ့ရသည်၊ ထိုပုံစံမျိုး ရေရှည် လုပ်သွားဖို့ကလည်း မည်သို့မျှ မဖြစ်နိုင်။

 

ထို့အတွက် ရှေ့တန်း ရှိ ဗျူဟာမှုး၊ တပ်မမှုးများကလည်း ၎င်းတို့ ရန်သူကို ထိုးစစ်ဆင် ချေမှုန်းရမည်၊ သို့ မဟုတ်ကလည်း တောင့်ခံ ထားနိုင်ဖို့က စစ်အင်အား များ အကြီးအကျယ် လိုအပ်လာနေပြီဟု တောင်းဆိုလာကြသည်၊ ဤသည်ကလည်း သဘာဝ ကျပေသည်။ ၎င်းတို့ အရေးနိမ့် သွားမည် ဆိုက မင်းအောင်လှိုင်၏ အမျက်တော် ရှ ခံ ရဖို့ ရှိနေ၍ ကြိုတင် ကာ ထားကြခြင်းလည်း ဖြစ်သည်။ တကယ်တမ်း တွင် အရေးနိမ့်နေသော စစ်ရေး အခြေအနေကို မည်သို့မည်ပုံ ပြောင်းပြန်လှန်ပစ်ရမည် ဆိုသည်ကား ၎င်းတို့ တွင် အဖြေမရှိပေ။ ထိုသို့ တိုက်ရင်း ခိုက်ရင်း နှင့် တဖြေးဖြေး အနိုင်ရသွားလိမ့်မည် ဟု စိတ်ကူးဖြင့် ဖဲရိုက်နေသည့် အဆင့်တွင်သာ ရှိသည်။

 

မင်းအောင်လှိုင် အဖို့က ထိုသို့ ပေးနိုင်စွမ်း မရှိ၊ ရှိသည့် အင်အား ကိုလည်း ဟိုနဲနဲ ဒီနဲနဲ ဖြင့် နေရာအနှံ့ ဖြန့် ပို့ထားရသည်။ အခြေအနေက သူ့အတွက် လမ်းဆုံ လမ်းခွ ရောက်လာပြီ ဖြစ်၍ နောက်ဆုံးတွင် တော့ ကြံရာမရ ဖြစ်လာကာ စစ်မှု မထမ်း မနေရ ဥပဒေ ကို ပြန်၍ အသက်သွင်း လာရသည့် စွန့်စားမှု ကြီး ကို ပြုလုပ်လာရသည် အထိ ဖြစ်ခဲ့သည်။ ၎င်း အပေါ် အနည်းငယ်မျှ ကျန်ရှိနေနိုင်သေးသည့် ထောက်ခံမှုများ လုံးဝ ဆုံးရှုံးသွားသည့် အဖြစ် နှင့် ရင်ဆိုင်လာရနိုင်သည်။ ယင်း၏ နောက်ဆက်တွဲ ထွက်ပေါ်လာမည့် ရလဒ်က မည်သို့ မျှ မခန့်မှန်း နိုင်သော်လည်း သူ့အဖို့က စွန့်စားယုံမှတပါး အခြား မရှိတော့၊ ယတြာ များများ ချေနိုင်လျှင် အဆင်ပြေ ချောမွေ့ နိုင်သည်ဟု စိတ်တင်းထားရသည်။

 

ယခုအခါ ရန်ကုန် နှင့် နေပြည်တော် များ တွင် စစ်မှုထမ်းရမည့် စာရင်းများကို ၎င်းတို့၏ လက်ဝေခံများက ကိုယ့်သဘော နှင့် ကိုယ် ထုတ်ပြန်ပြီး အစည်းအ‌ဝေး ခေါ်ကာ သွယ်ဝိုက်သော နည်းဖြင့် မိဘများထံ မှ ငွေညှစ်လာကြပြီ ဖြစ်သည်။ ရိုဟင်ဂျာ များကိုပင် အတင်း အဓမ္မ စစ်ထဲ သွင်းလာသည့်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်လာနေသည်။

 

စစ်တပ် တွင် အသုံးစရိတ် ဘတ်ဂျက်များ ပြတ်တောက်လာမှု၊ ကျပ်ငွေ တန်ဖိုး ဒလဟော ကျဆင်းလာခြင်း နှင့် နိုင်ငံတကာ တွင် လက်နက်ဈေး များ အဆမတန် ကြီးမြင့်လာနေမှု များ ကြောင့် တလလျှင် ငါးထောင် နှုန်း ဝင်ရောက်လာမည့် လူသစ်များ အတွက် လက်နက်များ လူတိုင်းလိုလို အား တပ်ဆင် ပေးဖို့ ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်ပဲ၊ ယုံကြည် စိတ်ချရခြင်း လည်း မရှိ၍ ၎င်းတို့ အားလုံးသည် ပေါ်တာ များ လူသား ဒိုင်းများ အဖြစ် သာ အသုံးတော် ခံရဖို့ ရှိနေသည်။

 

စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုပြုလုပ် ကာ ရရှိလက်မှတ်များကို UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ကာ အရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်မည်ဟု NUCC နှင့် NLD ပါတီတို့က ယနေ့မတ်လ ၁၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန် ထားသည်။

 

 ကရင်နီ တော်လှန်ရေး မဟာမိတ်များက ယခုအခါ ထိုင်း-မြန်မာ နယ်စပ် အနီးရှိ ဖားဆောင်းမြို့ အား ထပ်မံ သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

တက္ကသိုလ် ဝင်တန်း စာမေးပွဲများ ကိုပင် နိုင်ငံ အနှံ့ ကျင်းပနိုင်ခြင်း မရှိတော့သည့်အပြင် နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၈၀ နီးပါး အား အင်တာနက် သို့မဟုတ် ဖုန်းလိုင်း တခုခု သို့မဟုတ် နှစ်ခုလုံး ဖြတ်တောက် ပစ်ထားရသော မင်းအောင်လှိုင် အဖို့ သူ၏ သမ္မတ ဖြစ်ရေး ရည်မှန်းချက် ဖြစ်သော ရွေးကောက်ပွဲ ဆိုသည်ကား ဝေးသည်ထက် ဝေးလာနေပြီ ဖြစ်သည်။

 

ထို့အပြင် တချိန်က လွန်စွာ ဂုဏ်ယူ ဝင့်ကြွားစရာ ဖြစ်ခဲ့သည့် မြန်မာ တပ်မတော်သည် လူထု ၏ ရွံရှာ မုန်းတီး ခံရမှု နှင့် အတူ အရှက်တကွဲ အကျိုးနည်း နှင့် စိတ်ဓါတ်အင်အားများ ပြိုကွဲပျက်စီးသွားခဲ့ရခြင်းသာ အဖတ်တင် ကျန်ခဲ့ ပေတော့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!