နေပြည်တော်သို့ ရောက်နိုင်မှ ဖြစ်မည်

by Hla Soewai - Mar 17 2024

မြန်မာနိုင်ငံတွင်း တည်ငြိမ်မှု ရှိနေရေး သည်အိမ်နီးချင်း နိုင်ငံများ အဖို့ ၎င်းတို့၏ နယ်စပ်ဒေသများ လုံခြုံရေးအတွက် လွန်စွာ အရေးပါနေသည်ကို ကောင်းစွာ သဘောပေါက်ထားကြပြီး ဖြစ်သည်။

 

သို့သော်လည်း ထိုသို့ မတည်ငြိမ် အောင် ဖြစ်နေရသည့် လက်သည် တရားခံ ဖြစ်သော အကြမ်းဖက် စစ်ခေါင်းဆောင်များကို ပေကပ် ထောက်ခံ နေကြသည်မှာ အဘယ်ကြောင့်နည်းဟု မေးစရာ ဖြစ်လာရသည်။

 

အဖြေကား ရှင်းသည်၊ ၎င်းတို့စိတ်ထဲတွင် စစ်တပ်သည်သာ တိုင်းပြည်ကို ငြိမ်အောင် ထိန်းထားနိုင်စွမ်း ရှိနေသည်ဟု ယုံကြည်ထားကြသည်၊ လက်ရှိ စစ်ကောင်စီ စစ်ရေး တွင် မရှု မလှ ရှုံးနိမ့်နေမှု အားလည်း ယာယီ သာ ဖြစ်မည်ဟု တွက်ဆနေကြသည်။

 

သို့သော် စစ်ကောင်စီသည် ထိုနိုင်ငံများ ၎င်းတို့အပေါ် စိတ်ကုန်ကာ ဘက်ပြောင်းပြီး တော်လှန်ရေး မဟာမိတ် များ အား ထောက်ခံသွားမည့် အရေးကို လွန်စွာ မှ ပူပန်စိုးရိမ်နေသည်၊ စစ်မှု ထမ်း ဥပဒေ ကို ဆွဲထုတ်လာခြင်းသည်လည်း ထိုသို့ စိုးရိမ်မှု အတွက် အကြောင်းတရပ် အဖြစ် ပါဝင်နေသည်။

 

စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီး အင်အား ချဲ့ထွင်လာပါက လက်ရှိ အနေအထားကို ပြောင်းပြန် လှန်ပစ် နိုင်တော့မည်ဟု ထိုနိုင်ငံများကို သကြား ကျွေးလိုက်ခြင်းလည်း ဖြစ်သည်။

 

အိမ်နီးချင်း နိုင်ငံများ အားလုံးသည် ယခုအခါ တော်လှန်ရေး အဖွဲ့များကို အရေးတယူ နေရာပေးလာကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မင်းအောင် လှိုင် နှင့် အဖွဲ့ နေပြည်တော်မှ မပြေးမချင်း ထောက်ခံသွားမည့် သူများတော့ မဟုတ်ကြ၊ ထိုသို့ လုပ်မည် ဆိုကလည်း အောင်ပွဲရ တော်လှန်ရေး အင်အားစု များ နှင့် ဆက်ဆံရေးကို မည်သို့မျှ ပြန် တည်ဆောက်၍ ရတော့မည် မဟုတ်သည်ကို မတွက်ဆ မိပဲ နေကြမည်မဟုတ်။

 

လက်ရှိတွင် အခြေအနေများက ၎င်းတို့ အဖို့ မည်သို့မျှ ကြိမ်းသေပေါက် တွက်ဆထား၍ မရအောင် ဖြစ်လာနေကြ၍ ခြေလှမ်းမမှားအောင် သတိကြီးစွာ ထား၍ လျှောက်လှမ်းရမည့် အချိန် ဖြစ်လာနေသည်။

 

ဤသည်ကို အခွင့်အ ရေး တရပ် အဖြစ် အသုံးချ နိုင်ရန် အမျိူးသား ညီညွတ်ရေး အစိုးရသည်လည်း သတင်း မီဒီယာ များကို ထိထိရောက်ရောက် အသုံးချ၍ လိမ္မာ ပါးနပ်စွာ ကိုင်တွယ် သွားရမည်သာ ဖြစ်သည်။

 

မြန်မာသည် ဦးနု အစိုးရ လက်ထက် ကြားနေ ဝါဒ မှစ၍ ဗိုလ်နေဝင်း လက်ထက် တွင် နိုင်ငံခြား‌ ရေး တွင် တိကျ‌ သော ဘက်မလိုက် မူဝါဒ ဆိုကာ ထပ်တိုးလိုက်ပြီး ကမ္ဘာကြီး တွင် ဖြစ်ပျက် နေမှု များကို ဆိုးသည် ကောင်းသည်ပင် ထုတ်‌ ဖေါ်ပြောဆိုခြင်း မရှိ၊ မည်သူ့ဖက်ကမျှ ရပ်တည်‌ ပေးခဲ့ချင်းမျိုးလည်း မရှိပဲ ခေတ်အဆက်ဆက် ရေငုံနှုတ်ပိတ် နေလာခဲ့ရာ နိုင်ငံ ရှိမှန်းပင်မသိကြ တော့သည့် အဖြစ် ဆိုက်လာခဲ့ရသည်။

 

ထို့အတွက်လည်း အနောက်နိုင်ငံ များရှိ မဲဆန္ဒရှင်များသည် မြန်မာ ဘယ်မှာနေမှန်းပင် မသိလောက်အောင် ကို စိတ်ဝင်စားရကောင်းမှန်း မသိ ဖြစ်လာကြခြင်းသည်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ အတွက် ပြောရဆိုရသည်မှာ တပန်းရှုံးနေသည်၊ ၎င်းတို့ မဲဆန္ဒရှင်များပင် စိတ်မဝင်စားသော နိုင်ငံ တနိုင်ငံ ကို မည်သို့သော နိုင်ငံရေး သမားက မျှ to do list ထဲ ထည့်ချင်ကြမည် မဟုတ်ပေ။

 

လက်ရှိတွင် ရခိုင်၊ စစ်ကိုင်း၊ ချင်းပြည်နယ် အပါအဝင် နေရာအနှံ့ တွင် စစ်ကောင်စီ သည် ရှူံးမဲမဲကာ လူထု အား နှိပ်စက် သတ်ဖြတ်၊ လုယက် သတ်ဖြတ်နေသည့် သတင်းများ နေ့စဉ်လို ထွက်ပေါ်လာနေသော်ငြားလည်း ကုလ နှင့် လူ့အခွင့် အရေး အဖွဲ့များမှ လွဲ ၍ မည်သည့် နိုင်ငံ အစိုးရ ကမျှ ရှုတ်ချ ပြစ်တင် ပြောဆိုခြင်း မရှိသေးသည်ကို တွေ့နေရသည်။ 

 

အမေရိကန် သည် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး တွင် စစ်ကောင်စီ ၏ ကန့်သတ်ချက် များကို လက်ခံ လိုက်၍ ယခု အခါ မြန်မာတော်လှန်ရေး တပ်ပေါင်းစု အကြားတွင် ဂုဏ်သိက္ခာ ကျဆင်းသည့် အဖြစ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

 

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ထရန့် အနိုင်ရသွားပါက ရွေးကောက်ပွဲ မဲလိမ်သည် ဆိုကာ ၎င်း မလုပ်နိုင်သည်ကို လုပ်နိုင်ခဲ့သော စစ်ဗိုလ်ချုပ် များ အပေါ် မည်သို့ သဘောထားမည်နည်း၊ အရင်လိုပဲ ပေယျာလကံ ပြုမည်လော၊ သို့မဟုတ် တရုတ် နှင့် အကွဲအပြဲ ကို ဝင်၍ သပ်လျို လာမည်လော ဆိုသည်က စောင့်ကြည့်ရမည်သာ ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့ လိုလားသည့် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရန် မြောက်ပိုင်း တွင် စစ်မီး မွှေးပေးခဲ့သည်ဟု စစ်ကောင်စီက အသဲစွဲ အောင် မှတ်ထားပြီး အပေါ်ယံကျော်သာ မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် ဆက်ဆံရေးမျိုးသာ ကျန်တော့သည်။

 

ထိုသို့သော အနေအထားများကြောင့် မိမိတို့ တော်လှန်ရေး တပ်ပေါင်းစုသည် ယခု နှစ် အတွင်း နေပြည်တော်သို့ ချီတက်နိုင် ဖို့ ပို၍ အရေးကြီး နေပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

Illustration credit - Irrawaddy News